Thursday, October 2, 2014

စိတ်မြင့်မှ ဘဝတင့်တယ်

စိတ်မြင့်တယ်ဆိုတာ ဘဝင်မြင့်မောက်မာတာကို မဆိုလိုပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်ကိန်းနေတာကို ဆိုလိုတာပါ။ ထိုမြင့်မြတ်တဲ့စိတ်မွေးဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အဖန်တလဲလဲ လေ့ကျင့်ယူရပါတယ်။ လောဘ ဒေါသ မာန်မာန ဣဿာမစ္ဆရိယစတဲ့ စိတ်ရိုင်းတွေ ဝင်လာရင် လက်မခံဘဲ ဗြဟ္မစိုရ်စိတ်ဓာတ်လေးတွေ အစားထိုး မွေးမြူပေးရပါမယ်။ 

ဘုရားလောင်းဟာ လူဘဝ တိရိစ္ဆာန်ဘဝ နတ်ဘဝ စသည် ကျင်လည်ခဲ့ပါတယ်။ ဖြစ်ခဲ့တိုင်းသောဘဝတွေမှာ စိတ်ဓာတ်မြင့်မားနေတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုရင် မြင့်မြတ်တဲ့ပါရမီတွေ လေ့ကျင့်ဖြည့်ဆည်းခဲ့လို့ပါပဲ။ တိရိစ္ဆာန်ဘဝပင်ဖြစ်လင့်ကစား တိရိစ္ဆာန်စိတ်ဓာတ်အပြည့်မရှိပါဘူး။ လူတွေထက်တောင် စိတ်ဓာတ်မြင့်နေတာကို တွေ့ရတယ်။

ရေမြင့်ရင် ကြာတင့်ဆိုသလို စိတ်မြင့်ရင်လည်း ဘဝတင့်ပါတယ်။ ဒါကြောင့် မိမိတို့ဘဝမြင့်ဖို့ဆိုရင် ဗြဟ္မစိုရ်စိတ်ဓာတ်မြင့်အောင် မွေးမြူဖို့ လိုအပ်ပါတယ်။
(နိက္ခမဝါသီတောရဆရာတော်ရဲ့ မြင့်မြတ်တဲ့စိတ်ကို မွေးမြူပေးပါဟူသော အဆုံးအမကို အခြေခံပြီး တွေးမိတာလေး ရေးလိုက်တာပါ)

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ