Monday, May 5, 2014

မီး (၇) မျိုး

       မီးဟာ လူတွေအတွက် ကောင်းကျိုးဖြစ်စေသလို ဆိုးကျိုးလည်း ဖြစ်စေပါတယ်။ သတိမရှိရင် မီးဘေးသင့်တာပဲ။ ဒါကြောင့် လည်း "မီးသတိပြု"ဆိုပြီး နေရာတိုင်းမှာ ဆိုင်းပုဒ်ချိတ်ထားရတာပေါ့။
       ဘုရားရှင်က အင်္ဂုတ္တိုလ်ပါဠိတော်၊ သတ္တကနိပါတ်မှာ မီး (၇) မျိုးရှိတယ်လို့ဟောပါတယ်။ ဘာတွေလဲဆိုတော့ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ အပူဇော်ခံ "မိဘ"မီး၊ အိမ်ရှင်မီး၊ အလှူခံမီးနှင့် ထင်းမီးတို့ပါပဲ။
       ရာဂမီး၊ ဒေါသမီး၊ မောဟမီး သုံးမျိုးဟာ ပယ်ရမယ့်မီး၊ ရှောင်ကြဉ်ရမယ့်မီး၊ မမှီဝဲရမယ့်မီးတွေပါ။ ဘာလို့လည်းဆိုတော့ ဒီမီး သုံးမျိုးလောင်ခံနေရတဲ့သူဟာ မကောင်းမူဒုစရိုက်တွေ ပြုပြီး ဆင်းရဲဒုက္ခရောက်တယ်။ သေပြီးတော့လည်း နောက်ဘ၀မှာ ငရဲသို့ကျရောက်တယ်။ ဒါကြောင့် ဒီမီးသုံးမျိုးကို ပယ်နိုင်အောင် ကြိုးစားရမယ်။
       အပူဇော်ခံမီး၊ အိမ်ရှင်မီး၊ အလှူခံမီး သုံးမျိုးကိုတော့ ချမ်းသာကို ပေးစွမ်းနိုင်တဲ့အတွက် အရိုသေအလေးအမြတ်ပူဇော်ရမှာပါ။ အပူဇော်ခံမီးဆိုတာ မိဘနှစ်ပါးကို ပြောတာပါ။ မိဘဟာ ကိုယ့်ကို ကျွေးမွေးပြုစုတဲ့ ကျေးဇူးရှင်တွေပါ။ အသက်ထက်ဆုံး ပစ္စည်းနဲ့ ရော၊ တရားနဲ့ပါ ပူဇော်ရပါမယ်။
       အိမ်ရှင်မီးဆိုတာ အိမ်ထောင်ဦးစီးယောကျာ်းကို ပြောတာပါ။ သူဟာ သား၊ သမီး၊ ဇနီး၊ အလုပ်သမားအားလုံးတို့ရဲ့ အိမ်ရှင် မီးပေါ့။ သူ့ကိုလည်း လေးစားမြတ်နိုးရပါမယ်။
       အလှူခံမီးဆိုတာက (မိစ္ဆာဒိဋ္ဌိမဟုတ်တဲ့) ရဟန်းသံဃာတွေ မြင့်မြတ်တဲ့အကျင့်ကို ကျင့်နေတဲ့ ပုဏ္ဏားတွေပါ။ သူတို့ဟာ သည်းခံခြင်းတရားလက်ကိုင်ထားပြီး မိမိစိတ်ကို (ရာဂစသည်မဖြစ်အောင်) ဆုံးမပြီး နေကြတယ်။ သူတစ်ပါးစိတ်တွေကိုလည်း ယဉ်ကျေးအောင် ဆုံးမပေးတတ်တယ်။ ဒါကြောင့် အလှူခံထိုက်ပါတယ်။
       ထင်းမီးကတော့ တစ်ခါတစ်လေမှာ တောက်စေအပ်တယ်။ တစ်ခါတစ်လေမှာ လျှစ်လျှူရှုအပ်တယ်။ တစ်ခါတစ်လေမှာ ငြိမ်းစေအပ်တယ်။ တစ်ခါတစ်လေမှာ မငြိမ်းပဲ ထားအပ်တယ်။

       ဒါကြောင့် စာဖတ်သူများမီးကို အသုံးပြုတတ်ဖို့လိုပါတယ်။ ပယ်ရမယ့်မီးကို ပယ်နိုင်အောင်ကျိုးစား။ မြတ်နိုးရမယ့် မီးကိုတော့ မြတ်နိုး။ အခြေအနေရ အသုံးပြုရမယ့် မီးကိုတော့ သတိနဲ့ သုံးတတ်ဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment