Saturday, February 27, 2016

ရသေ့ညီနောင် ရှင်တစ်ထောင်



ဒကာလေးတစ်ယောက်က ဥရုဝေလရသေ့အကြောင်းနှင့် ရှင်တစ်ထောင်အကြောင်းကို သိချင်ပါတယ်ဆိုလို့ ယခုလို ပိုစ်လေးတစ်ခု လေ့လာပြီး တင်ဖြစ်ဖို့ အခွင့်ပေါ်လာပါသည်။ မေးသူရှိလို့ လေ့လာဖြစ်သည်။ လေ့လာဖြစ်တော့ ရှေးဦးစွာ သိခွင့်ရပြီး ဧတဒဂ်ရ သာသနာ့အာဇာနည်များကို ကြည်ညိုသဒ္ဓါတိုးပွားရပါသည်။ မေးလာသူ ဒကာလေးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း စာပေထဲက ရသေ့ညီနောင် ရှင်တစ်ထောင်အကြောင်းလေးကို တင်ပြအပ်ပါသည်။

ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားသည် ဘုရားအဖြစ်သို့ မရောက်ခင်က ဗာရာဏသီပြည်မှာ ကဿပအမည်ရတဲ့ ပုဏ္ဏားညီနောင် ၃ ယောက်ရှိခဲ့တယ်။ ညီနောင်သုံးယောက်ဟာ အတိက်က ကုသိုလ်ပါရမီအဟုန်ကြောင့် လောကီကို စိတ်ကုန်၍ အခြံအရံအသီးသီးနှင့်တကွ ရသေ့ဘဝဖြင့် တောထဲမှ ခေါင်းပါးတဲ့အကျင့်တွေကို ကျင့်သုံးနေထိုင်ကြပါတော့သည်။


အကြီးဆုံးအကိုတော်ရသေ့ကား တပည့်ငါးရာနှင့်အတူ ဥရုဝေလတောထဲမှာ နေထိုင်ကြလို့ ဥရုဝေလကဿပလို့ခေါ်ပါသည်။ ညီလတ်ရသေ့ကား တပည့် သုံးရာနှင့်အတူ ဂင်္ဂါမြစ်နားမှာ နေထိုင်လို့ နဒီကဿပလို့ ခေါ်ပါသည်။ အငယ်ဆုံးရသေ့ကား တပည့်နှစ်ရာနှင့်အတူ ဂယာမြစ်နားမှာ နေထိုင်လို့ ဂယာကဿပလို့ ခေါ်ပါသည်။ အားလုံးပေါင်းလိုက်တော့ ညီနောင်သုံးပါးနှင့် နောက်လိုက် တစ်ထောင်တို့ ဖြစ်လာပါသည်။

ရသေ့ညီနောင် အတိက်ဇာတ်ကြောင်း

ဥရုဝေလကဿပအလောင်းလျာဟာ ရှေးရှေးဘုရားရှင်လက်ထက်တွေတုန်းက ဝဋ်မှ လွတ်မြောက်ကြောင်းကောင်းမှုတွေကို ပြုခဲ့ပြီး လူရပ်နတ်ရွာ ကျင်လည်ခဲ့ကာ ပဒုမုတ္တရဘုရားရှင်လက်ထက်ရောက်တဲ့အခါမှာတော့ ချမ်းသာတဲ့အမျိုးကောင်းသားဖြစ်ခဲ့သည်။ ထိုစဉ်က ပဒုမုတ္တရဘုရားရှင်၏ နောက်လိုက်သံဃာတော်များထဲမှ အခြံအရံပေါများတဲ့နေရာမှာ ဧတဒဂ်ရသော မထေရ်ကို အားကျပြီး ကြီးစွာသောကုသိုလ်ကိုပြုကာ အခြံအရံပေါများတဲ့အရာတွင် အသာဆုံးအမြတ်ဆုံးဆုကို တောင်းခဲ့ပါသည်။

ထိုဘုရားရှင်လက်ထက်မှာပဲ ညီတော်နဒီကဿပလောင်းလျာသည်လည်း အမျိုးကောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ပဒုမုတ္တရဘုရားရှင်အား မိမိစိုက်ပျိုးအပ်သောသရက်ပင်မှ ပထမဆုံးသီးသော သရက်သီးကို သဒ္ဓါထက်သန်စွာဖြင့် ကပ်လှူခဲ့ပါသည်။

အငယ်ဆုံး ဂယာကဿပရသေ့လောင်းလျာကား ၃၁ ကမ္ဘာထက်တွင် ပွင့်သော သိခီဘုရားရှင်လက်ထက်မှာ အမျိုးကောင်းသားဖြစ်ခဲ့ပြီး လူ့ဘောင်ကိုစွန့်၍ ရသေ့ဝတ်ဖြင့် တရားကျင့်နေစဉ် တစ်ပါးတည်းကြွတော်မူလာသော သိခီဘုရားရှင်အား ချိုမြိန်သောအရသာရှိသော ဆီးသီးကို ကပ်လှူခဲ့ပါသည်။

ဝေဿဘူဘုရားရှင်လက်ထက်မှာတော့ သုံးဦးစလုံး အဖေတူအမေကွဲ ညီအကိုအဖြစ်ဖြင့် မွေးဖွားခဲ့ပြီး စိတ်တူကိုယ်တူ ကုသိုလ်ပြုခဲ့ပြန်ပါသည်။ ထို့နောက် ဘဝအဖန်ဖန် ကောင်းမွန်စွာကျင်လည်ခဲ့ပြီး ယခု ဂေါတမဘုရားရှင်လက်ထက်မှာ ကဿပညီနောင်များအဖြစ်ဖြင့် မွေးဖွားခဲ့ပါတော့သည်။ အရွယ်ရောက်တဲ့အခါမှာ အတိက်ပါရမီကုသိုလ်ကံအားကြီးသည်အားလျှော်စွာ လောကီကာမဂုဏ်ကိုငြီးငွေ့ပြီး အထက်မှာဖော်ပြခဲ့သည့်အတိုင်း ရသေ့ဝတ်ကာ တောထဲမှာ မီးကိုလုပ်ကျွေးခြင်း နေကိုပူဇော်ခြင်းစသောအကျင့်မှားတွေကို ကျင့်ကြံကာ နေထိုင်ခဲ့ကြပါသည်။ လောကီကို စိတ်ကုန်ခဲ့ကြသော်လည်း လမ်းမှန်ကို ညွှန်ပြပေးမည့်ဆရာမပေါ်သေးတဲ့အတွက် လမ်းမှာကိုပဲ လမ်းမှန်ထင်ပြီး ကိုယ့်ကိုယ်ကို ရဟန္တာဟု ထင်မြင်နေခဲ့ပါသည်။

သိဒ္ဓတ္ထမင်းသား ဘုရားရှင်အဖြစ်သို့ရောက်တော်မူသောအခါတွင် ရှေးဦးစွာ ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဖြင့် ချေချွတ်တော်မူသည်။ ထပ်မံ၍ ယသအမူးရှိသော ၅၅ ဦးကို ချေချွတ်တော်ပြီး စုစုပေါင်း ရဟန္တာခြောက်ဆယ်ကို တစ်ယောက်တစ်နေရာစီ သာသနာပြုစေလွှတ်တော်မူခဲ့သည်။ ထို့နောက်ဘုရားရှင်သည် ရသေ့ညီနောင်များနှင့်နောက်ပါတစ်ထောင်တို့ကို ချေချွတ်ဖို့အတွက် ဥရုဝေလတောသို့ ဆက်လက်ကြွတော်မူပါသည်။ လမ်းတွင် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်နှင့်တွေ့ပြီး တရားပြဆုံးမကာ ရဟန်းပြုပေးတော်မူသည်။ ထိုရဟန်းသုံးကျိပ်နှင့်အတူ ဥရုဝေလတောသို့ ဆက်လက်ကြွချီတော်မူပြီး ဥရုဝေလကဿပရသေ့နှင့်တပည့်များအား အဆိပ်ပြင်းသောနဂါးအားတန်ခိုးဖြင့်နိမ်နှင်းတော်မူခြင်းစသော ၃၅၀၀ သောတန်ခိုးအမျိုးမျိုးပြကာ ရသေ့များအားချေချွတ်တော်မူရသည်။ ဥရုဝေလကဿပသည် ဘုရားရှင်အစွမ်းအာနုဘော်ကို သိရှိပြီးနောက် မာန်ကိုချကာ တပည့်များနှင့်အတူ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ညီတော်များဖြစ်သော နဒီကဿပနှင့် ဂယာကဿပတို့လည်း နောင်တော်ရဟန်းဝတ်တာကို သိရှိရ၍ အတူလာရောက်ပြီး ရဟန်းအဖြစ် ခံယူခဲ့ကြသည်။

ဘုရားရှင်သည် ကဿပညီနောင်နှင့် ရှင်တစ်ထောင်တို့ခြံရံလျက် ဂယာသီသသို့ကြွရောက်ပြီး ကျောက်ဖျာထက်တွင် သီတင်းသုံးတော်မူကာ အာဒိတ္တသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူသည်။

"သတ္တဝါတို့၏ မျက်စိ နား နှာ လျှာ ကိုယ် စိတ်၊ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ် ကြံသိစိတ်နှင့် အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာ အာရုံတို့တွင် ရာဂ ဒေါသ မောဟ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဟူသော မီး ၁၁ ပါးတို့ လောင်ကျွမ်းဖျက်ဆီးနေသည်။ ထိုသဘောကို သိသောပညာရှိသည် ရုပ်နာမ်အပေါ်မှာ ငြီးငွေ့လာ၏။  ငြီးငွေလာသောအခါ ရာဂကင်း၏။ ရာဂကင်းသောခါ ကိလေသာတို့မှ လွတ်မြောက်သော မဂ်ဉာဏ်ပေါ်၏။ထိုအခါ ပဋိသန္ဓေနေရခြင်းမရှိတော့ပေ။ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်တော့၏။ နောက်ဘဝဆိုတာ မဖြစ်တော့ပေ။ မီး ၁၁ ပါးတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေတော့၏။"

တရားဒေသနာတော်အဆုံးတွင် ရသေ့ညီနောင် ရှင်တစ်နောင် ရှင်တစ်ထောင်တို့သည် သစ္စာသိမြင်ကြကာ ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ကြလေသည်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
ရတနာပုံနတ်မောက်တောရ
မှော်ဘီ
ဝါးနက်ချောင်း






No comments:

Post a Comment