Tuesday, April 29, 2014

သင် ဘယ်လိုလူလဲ

ဘုရားရှင်က လောကမှာ လူသုံးမျိုးရှိတယ်လို့ ဟောတော်မူပါတယ်။
၁။ မစင်စကားရှိသောလူ
၂။ ပန်းစကားရှိသောလူ
၃။ ပျားစကားရှိသောလူ
မစင်စကားရှိတဲ့လူဆိုတာ ပြောလိုက်တဲ့စကားဟာ မစင်လိုပဲ ညစ်ပတ်ပြီး မကောင်းနံ့ရှိတဲ့ စကားမျိုးပြောတဲ့သူကို ပြောတာ။
ဥပမာအားဖြင့် လူပုံအလယ်မှာ သက်သေအရာထားပြီး ပြောဆိုခိုင်းတဲ့အခါ လာဘ်စားထားလို့သော်လည်းကောင်း၊ ကြောက်လို့သော်လည်းကောင်း၊ ချစ်လို့သော်လည်းကောင်း၊ မမှန်တာကို မှန်တယ်ပြောတယ်။ မဟုတ်တာကို ဟုတ်တယ်ပြောတယ်။ မမြင်တာကို မြင်တယ်ပြော၊ မကြားတာကို ကြားတယ်ပြောပြီး မှားယွင်းတဲ့စကားတွေနဲ့ သက်သေထွက်ဆိုတယ်ဆိုရင် အဲဒီလူဟာ မစင်လိုလူပါပဲ။
ပန်းစကားရှိတဲ့သူဆိုတာ ပြောလိုက်တဲ့စကားဟာ ပန်းလိုပဲ မွေးကြိုင်လန်းဆန်းတဲ့ ရနံ့ရှိသော စကားမျိုးကို ပြောတဲ့သူပါ။ ဥပမာအားဖြင့် လူပုံအလယ်၊ ဆွေမျိုးအသိုင်းအ၀ိုင်းအလယ်စတာတွေမှာ ဘာမှ အဂတိလိုက်စားခြင်းမရှိဘဲ မြင်ရင် မြင်တဲ့အတိုင်းပြောတယ်။ မမြင်ရင် မမြင်တဲ့အတိုင်းပြောတယ်။ သိရင် သိတဲ့အတိုင်းပြောတယ်။ မသိရင် မသိတဲ့အတိုင်းပြောတယ်။ မကြားရင် မကြားတဲ့အတိုင်းပြောတယ်။ သူ့ရဲ့စကားဟာ ဖာင့်မတ်မှန်ကန်တဲ့အတွက် ပန်းရနံ့လို မွေးကြိုင်လန်းဆန်းနေပါတယ်။ သူ့ကိုတော့ ပန်းလိုလူပေါ့။
ပျားစကားရှိတဲ့သူဆိုတာကတော့ ရှင်းပါတယ်။ သူပြောလိုက်တဲ့စကားဟာ ပျားလိုချိုသာပြီး နားဝင်ချိုတယ်။ ကြမ်းတမ်းတဲ့စကားမပြောဘူး။ ယုတ်ညံ့တဲ့စကားမပြောဘူး။ မျက်နှာထားချိုသာစွာနဲ့ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ချစ်ခင်ဖွယ်စကားမျိုးကို ပြောတတ်တာ။ သူ့ကိုတော့ ပျာလိုလူလို့ ခေါ်ပါတယ်။

ဒါကြောင့် သင်ဘယ်လိုလူပါလဲ။ မစင်လိုလူစားမျိုးတော့ မဖြစ်ပါစေနဲ့။

No comments:

Post a Comment