ကဲ့ရဲ့တယ်ဆိုတာကလည်း နှစ်မျိုးရှိပါတယ်။ ပညာရှိသူတော်ကောင်းတွေရဲ့ ကဲ့ရဲ့ခြင်းနှင့် ပညာမဲ့တွေရဲ့ ကဲ့ရဲ့ခြင်းတို့ပါပဲ။ ပညာရှိတွေကဲ့ရဲ့တယ်ဆိုတာက မကောင်းတာလုပ်တဲ့သူတစ်ယောက်ကို သူ့ရဲ့ မကောင်းတဲ့လုပ်ရပ်ကို မနှစ်မြို့လို့ ထိုမကောင်း တာလုပ်ခြင်းကို ရပ်တန့်စေခြင်းငှါ ကဲ့ရဲ့ခြင်း ဖြစ်တယ်။
ပညာမဲ့တွေရဲ့ ကဲ့ရဲ့ခြင်းဆိုတာကတော့ သူများကောင်းစားတာ၊ သူများစီးပွားရေးအဆင်ပြေတာ၊ သူများ ပညာတော်တာ၊ သူများရိုးသားတာကို မနာလိုမရှု့စိမ့်ဖြစ်လို့ ကဲ့ရဲ့တာ။
လောကမှာ ဖြစ်ပေါ်နေတဲ့ ကဲ့ရဲ့ခြင်းအများစုကတော့ မနာလိုလို့ ကဲ့ရဲ့တာပါပဲ။ ပုထုဇဉ်သဘောကလည်း သူများကြီးပွား တာကို ၀မ်းမြောက်တဲ့စိတ်ထားတတ်ဖို့ ခဲယင်းပါတယ်။ တက်နေတဲ့သူကို ဘယ်လိုဆွဲချမလဲ။ ထောင်နေတဲ့သူကို ဘယ်လို ခုတ် လှဲချမလဲဆိုတာပဲ စဉ်းစားတတ်ကြတယ်။
ဒါပေမယ့် စိတ်ဓာတ်ကြံခိုင်တဲ့ သူတော်ကောင်းတွေကတော့ သူများတွေဘယ်လိုပင် မလိုမုန်းထားပြီး ကဲ့ရဲကဲ့ရဲ့ ရိုးသားမှုနဲ့ မားမားမတ်မတ် ရှေ့ကို ဆက်လျှောက်လေ့ရှိပါတယ်။
တစ်ခါတုန်းကပေါ့။ တိတ္ထိတွေဟာ ဘုရားရှင်ပေါ်လာလို့
လာဘ်လာဘဆုတ်ယုတ်နေပါတယ်။ စားစရာလုံလောက်မှုမရှိ။ လှူနေကြလူတွေဟာလည်း ဘုရားရှင်နှင့်
ရဟန်းသံဃာတွေကိုပဲ စေတနာထက်သန်စွာ လှူတန်းကြတယ်။ ဒါကြောင့် ဘုရားရှင် ကို
ရန်ငြိုးထားကြတယ်။ တပည့်မသုန္ဓရီရောက်လာပြီး သူ့ဆရာတိတ္ထိတွေ မျက်နှာမှိုင်နေတာတွေ့တော့
အကြောင်းမေးတယ်။ သိတဲ့အခါမှာ "အရှင်တို့ မပူပါနဲ့ ကျွန်မကူညီပေးပါ့မယ်။
အရှင်တို့အတွက်ဆို အသက်ကိုပင် စွန့်လွတ်ပေးပါ့မယ်။" တပည့်မ ဒါဆိုကောင်းပြီ။
ငါတို့ခိုင်းတာလုပ်ပါ။ ဇေတ၀န်ကျောင်းနားကို မကြာခဏသွားပါ။ လူတွေ
အထင်လွဲအောင်လုပ်မယ်။ သုန္ဒရီဟာ ဆရာတွေ ပြောတဲ့အတိုင်းသွားတယ်။လူတွေ
သတိထားမိလာတဲ့အခါ တိတ္ထိတွေဟာ သုန္ဒရီကို သတ်ပြီး ဇေတ၀န်ကျောင်းနား အမှိုက်ပုံပေါ်မှာ
ပစ်ထားကြပါတယ်။ နောက်တော့ တိတ္ထိတွေဟာ ပသေနဒီကောသလမင်းဆီသွားပြီ
သုန္ဒရီပျောက်နေတဲ့ အကြောင်း ပြောပါတယ်။ ဘုရင်က သံသယရှိရာ နေရာကိုမေးတော့
ဇေတ၀န်ကျောင်းနားကို သံသယရှိကြောင်းဖြေတယ်။ တိတ္ထိတွေဟာ သုန္ဒရီအလောင်းကို သယ်ပြီး
မြို့ထဲ လျှောက်ပြောပါတော့တယ်။
"အို အမောင်တို့ သာကီဝင်ရဟန်းတွေကို ကြည့်ပါ။
သီလမရှိ၊ ယုတ်ညံ့ကြကုန်၏။ မမြတ်သောအကျင့်ကို ကျင့်ကုန်၏။ လိမ်ကြကုန်၏။
ပြောတော့ဖြင့် တရားနဲ့နေတယ်ပြောတယ်။ ခုတော့ မိန်းကလေးကို ယုတ်မာတဲ့အကျင့်ကျင့်ပြီး
သတ်လိုက် ကြတယ်။"
မြို့သူမြို့သားတွေလည်း တိတ္ထိတို့စကား ယုံပြီး
ရဟန်းတွေဆွမ်းခံကြွလာတဲ့အခါ ဆဲရေးကြပါတယ်။ ရဟန်းတွေလည်း ဘာမှ မသိပဲ အဆဲခံရပြီး
ဘုရားထံလျှောက်ကြတယ်။ ဒီတော့ ဘုရားက "ရဟန်းတို့ မစိုးရိမ်ပါနဲ့၊ ဒီအသံတွေဟာ ၇ ရက်နေ
ပျောက်သွားမှာပါ။ နောက်တစ်ခါ ဆွမ်းခံကြွရင် ဆဲရေးတဲ့ လူတွေကို ခုလို ပြောပါ။
"မဟုတ်မမှန်ပြောဆိုတဲ့သူဟာ ငရဲကျရောက်ရ၏။
မကောင်းမှုပြုပြီး ငါမပြုဟု ဆိုသူသည်လည်း ငရဲသို့ကျရောက်ရ၏။ ထိုနှစ်ယောက်တို့သည်
နောက်ဘ၀မှာ တူမျှတဲ့ အပြစ်ကို ခံကြရကုန်၏"
ရဟန်းတို့လည်း ဘုရားပြောတဲ့အတိုင်း ဆဲရေးတဲ့လူတွေကို
အထက်ပါအတိုင်း ပြောဆိုလိုက်ပါတယ်။ ဒီတော့ လူတွေဟာ "သာကီဝင်ရဟန်းတွေမှာ အပြစ်မရှိ။
သာကီဝင်ရဟန်းတွေဟာ မကောင်းမှုမပြုရာ။ ရဟန်းတို့သည် မလိမ်ကြောင်း၊
မကောင်း တာမလုပ်ကြောင်း ကျိန်စာဆိုကြကုန်၏" ဟု အကြံဖြစ်ကုန်ပါတယ်။ ရဟန်းတွေကို
စွပ်စွဲတဲ့အသံဟာလည်း ၇ ရက် ကြာတော့ ပျောက်ကွယ်သွားပါတယ်။
ထို့နောက် ဘုရားရှင်က ရဟန်းတွေရှေ့မှာ ထိုသို့
မိန့်တော်မူလိုက်ပါတယ်။
"ရဟန်းတို့၊ စစ်မြေပြင်တို့ရောက်သော
ဆင်ပြောင်ကြီးဟာ မြှားလှံတံတို့ဖြင့် ထိုးဆွခံရသလို နှုတ်မစောင့်စည်းကုန်သော
လူတွေဟာလည်း သူတစ်ပါးကို နှုတ်လှံတံဖြင့် ထိုးဆွကုန်၏။ ရဟန်းတို့သည်
သူတစ်ပါးတို့ပြောဆိုအပ်သော ကြမ်းသောစကား ကို ကြားရသောကြောင့် ဒေါသစိတ်မရှိပဲ
သည်းခံရာ၏။"
ရဟန်းတို့လည်း ၀မ်းမြောက်ဝမ်းသာ
သာဓုခေါ်ဆိုလိုက်ပါတော့တယ်။
မလိုသူတွေ ဘယ်လောက်ပဲ အပုတ်ချပြောဆိုပါစေ ပညာရှိတွေကတော့ သည်းခံခြင်းဖြင့် လိုရာပန်းတိုင်ကို အရောက်သွား ကြပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာကတော့ ပညာရှိတွေရဲ့ ကဲ့ရဲ့တာကိုတော့ မခံရအောင် နေဖို့လိုပါတယ်။ ပညာရှိေဲတွရဲ့ ကဲ့ရဲ့မှုခံရရင် ကိုယ့်အပြစ်ပါ။ ပညာမဲ့တွေရဲ့ ကဲ့ရဲ့ခြင်းကို ခံရရင်တော့ သူ့အပြစ်ပါ။ ပညာရှိတွေက ကိုယ်မကောင်းလို့ စေတနာ နဲ့ကဲ့ရဲ့တာ။ ပညာမဲ့တွေက ကိုယ်ကောင်းလို့ကို မနာလိုမူနဲ့ ကဲ့ရဲ့တာ။
ဒါကြောင့် စာဖတ်သူအားလုံး ကဲ့ရဲ့ခြင်းကို ရိုသားမူဖြင့် ကျော်ဖြတ်နိုင်ကြပါစေ။
No comments:
Post a Comment