ကဗျာကဏ္ဍ


ဆရာဇော်ဂျီရဲ့ ကဗျာ

ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ ဘုံလောက အကာမျှတည့်
သူက ငြူစူ မကြည်ဖြူ၍
ခွါယူလိုက ခွါ၍ရ။ ။
ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ ဘုံ့ လောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွါယူမရကွာမကျ။ ။



မိခင်မေတ္တာ

တိတ်ဆိတ်တဲ့တစ်ညမှာ
အမေ့မျက်နှာ ပြုံးနေတာ
သားရတနာ ပြန်လာလို့တဲ့
ရုတ်တရက် အမေလန့်ကာနိုးခဲ့
အိမ်မက်ထဲက သားလေး
အပြင်မှာ တကယ်ပြန်လာလေသလားလို့
ဘေးဘယ်ညာ ပတ်ကာကြည့်
အမှောင်တိကိုပဲ မြင်ရတယ်။

ပြုစုလုပ်ကျွေးမယ့် သားရတနာ
အမေတိုင်း လိုချင်တာ။

နို့ချိုအရသာကို ပေး၊ သားသမီးတွေကို စောင့်ရှောက်တာ
မာတာမိခင်ပါ.....။
ကောင်းမှုတွေ ဖြစ်စေကာ နတ်ရွာကို ပို့ပေးတာ
မာတာမိခင်ပါ.....။

ဥတုလာပြီးစချိန်အခါ ၀မ်းကြာကို ရင်ခွင်လွယ်
ချင်ခြင်းရယ် ဖြစ်ပေါ်လာ
နှလုံးလှ မိမာတာ။

အမေဆိုတာ...
ကိုးလလွယ် ဆယ်လဖွား သမီးသားတွေ ဖြစ်စေတာ။
နို့ချွေကာ တေးသံပေး နွေးထွေးတဲ့ ရင်ခွင်မှာ မေတ္တာငွေ့ကို ဖြာ
တဆာဆာ ငိုနေတဲ့ သားကို နှစ်သိမ့်ရှာ။
နေပြင်းပူတဲ့အခါ မြတ်နိုးဖွယ် မိမျက်နှာ သားလေးကို ကြည့်တတ်တာ။
မသိမလိမ္မာသေးတဲ့ သားငယ် အရွယ်လွန်တဲ့ထိ မွေးမြူတာ။
ပင်ပန်းစွာရှာသမျှ သမီးသားအတွက် ရည်ရွယ်လျက် စောင့်ရှောက်တာ။
အိမ်ပြန်နောက်ကျတဲ့ သားငယ် ဘယ်အရပ်သို့ ရောက်နေလဲ အမြဲတွေးပူနေတာ။
အမေဖြစ်သူတိုင်း ထပ်တူပါ..။

အမေအဖေကို မလုပ်ကျွေးသူ ငရဲမှာပူ
သည်လိုလူ လူပြည်နေလဲ ဆင်းဆင်းရဲရဲ
ရှာနေဆဲ ဓနလည်း မိဘကို မကျွေးလို့ အနေမမြဲ
ဒီငရဲ ဒီဆင်းရဲ တကယ်ပဲ မဖြစ်ချင်ပါ
မိနှင့်ဘ တို့သူငါ ရှာဖွေကာ ပြုစုဖို့ပဲ....။

(သောဏနန္ဒဇာတ်ကို မှီသည်)





“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
  မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
  လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
  တက်လှမ်း နိဗ္ဗာန်ပြည်။
  (ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
  



ဘုရားတပည့် ဘုရားနဲ့ တည့်ပါစေ။
•••••••••••••••••••••••••••••
ဘုရားက "ငါမရှိ" "သူမရှိ" ဆို၏။
အားလုံးက "ငါ" "သူ" သတ်မှတ်လျက်က ပေါင်းဖက်နေကြကုန်၏။

ဘုရားက "အပျက်ချည်း" ဆို၏။
အားလုံးက "အကောင်း" လုပ်နေကြ၏။

ဘုရားက "အနှစ်သာရ သဘောမျှ" ဆို၏။
အားလုံးက "အနှစ်ပြည့် အချစ်ပြည့် ထိသမျှကောင်း မိသမျှအပိုင်" ဟူ၍
လက်ခံထားကြကုန်၏။

ဘုရားတပည့် ဘုရားနှင့်မှ မတည့်လျှင် ..
ဘုရားသားသမီး အမည်ခံဖို့ပင် မကောင်း။
ထိုထက်အလွန်, ဘုရားသားတော်သမီးတော် အမည်ခံပြီးမှ
အပါယ်ရွာသို့ ဆင်းသွားကျလျှင်ကား ရှက်ဖို့ကောင်း။

( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )


ဗိုလ်ချုပ်ရေးခဲ့သောကဗျာ
---------------------------

ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊
ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊
အရှုံးမပေးလိုသော ငါ့စိတ်ကို
ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား
ငါသည် ကျေးဇူးစကားဆိုပါ၏။

လောကဓံတရား၏ လက်ခုပ်တွင်းသို.
ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို.ဖြင့် ရဲရဲနီနေ၏
သို.သော် ညွှတ်ကား ၊ မညွှတ် ။

လောဘ ၊ ဒေါသ တို.၏
ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။
သို.ပင်မူ ငါ့အား
မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ.ရပေအံ့ ။

သုဂတိသွားရာ ....
တံခါးဝသည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏.....
ခွေးရေပရပိုက်တွင်
ငါ၏အပြစ်ကို မည်မျှပင်
ရေးမှတ်ထားသည်ဖြစ်စေ

ငါကား ဂရုမပြု
ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်ပြီး
ငါသာလျှင် စိတ်၏ ၊ အကြီးအကဲ
ဖြစ်တော့သည်။

“လ-ဝ-က-များသို့ အသိပေးခြင်း”
************************
ရွှေတံခါးမှူး တာဝန်ထူးကို
မကွာနေ့ည စောင့်ရှောက်ကြ၍
သမိုင်းပေးစဉ် ထိုတာဝန်ကို
ဦးထိပ်ဆင်မြန်း အိုဝန်ထမ်းတို့
ရေကြည်သာသာ ပြည်မြန်မာကား
အမျိုးမတူ ဇာတ်တမူနှင့်
စရိုက်ခြားနား ကျွန်ကုလားတို့
များပြားလာဘိ သင်သိ၏လော့။
မိသားတစ်စု ဝမ်းစာမှုကို
ရည်ရွယ်ရှေ့ရှု ဦးတည်ပြု၍
တံစိုးလာဘ်စား ယူမိငြားသော်
အမျိုးဘာသာ ပြည်မြန်မာနှင့်
တို့သွေးချင်းများ ပျောက်ကွယ်သွားလိမ့်
နောင်သံသရာ ဆက်ဆက်မှာလည်း
ဘဝစဆုံး လူဖြစ်ရှုံးကာ
နလန်မထူ ငရဲပူ၌
ကပ်ကမ္ဘာတိုင် ကျရောက်နိုင်၍
မင်းခယောက်ျား ဆိုသူများတို့
တံစိုးလာဘ်ယူ စားမည့်သူကား
ရဲရဲတော်ဆူ သံရည်ပူကို
မျိုချသော်သည့် သြော်ကောင်း၏။
(နအဂ္ဃလက်ဆောင်စာအုပ်မှ)


ဗန်းမော်ဆရာတော် ဆုံးမစာ
----------------------------

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)


အားနှင့် ထီး

ငယ်သော်ကသား၊လိုလိုက်ငြားကကြီးမားသောအခါ၊ ကျားပမာ၊ မှန်စွာကြောက်ဖို့တည်း။
 
ငယ်သော်ကသား၊ ဆုံးမငြားကကြီးမားသောအခါ၊ အားပမာ၊ မှန်စွာကိုးဖို့တည်း။
 
ငယ်သော်သမီး၊ဆုံးမနည်းကကြီးမားသောအခါ၊ မီးပမာ၊ မှန်စွာပူဖို့တည်း။
 
ငယ်သော်သမီး၊ ဆုံးမပြီးကကြီးသောအခါ၊ ထီးပမာ၊ မှန်စွာအေးဖို့တည်း။

( အရှင်ဇဝန - မေတ္တာရှင် ).
.................................……………

 

 
 

No comments:

Post a Comment