အသိမိတ်ဆွေတစ်ယောက်က ရဟန်းနှင့်မာတုဂါမအကြောင်းလေး ရေးပေးစေလိုကြောင်း လျှောက်ထားတဲ့အတွက် ရဟန်းနှင့်မာတုဂါမတို့ မည်သို့မည်ပုံဆက်ဆံရမည်ကို မိမိတက်စွမ်းသလောက် လေ့လာတင်ပြပါမည်။
ဘုရားရှင်ရဲ့သာသနာမှာ ရဟန်းနှင့်မာတုဂါမတို့သည် အပြန်အလှန်ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံရပါသည်။ ဘုရားရှင်နှင့်ရဟန်းသံဃာတော်တို့၏ ဟောဖော်ညွန်ကြားမှုကြောင့် မာတုဂါမများ သောကကင်းဝေး အပူအေးပြီး ဆင်းရဲခြင်းဘေးကနေ လွတ်မြောက်ခဲ့ကြတာရှိသလို မာတုဂါမများ၏ ပံ့ပိုးထောက်ပံ့မှုကြောင့် ရဟန်းတော်များ ဒုက္ခကင်းပျောက် ချမ်းသာရောက်ခဲ့ကြသည်လည်း ရှိသည်။ ဘုရားရှင်သည်ပင် ယသော်ဓရာ၏ ဘဝအဆက်ဆက် အထောက်အပံ့ပေးမှုကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရသည်။ ဘုရားဖြစ်ခါနီးမှာလည်း သုဇာတာသူဌေးသမီး၏ ဃနာနို့ဆွမ်းကို ဘုန်းပေးကာ မဇ္ဈိမပဋိပဒါကျကျ ကျင့်ကြံရသည့်အတွက် ဗောဓိပင်အောက်မှာ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် ရှင်တော်ဘုရား၏ ဟောညွန်ဆုံးမမှုကြောင့် မာတုဂါမအများအပြား ကျွတ်တမ်းဝင်ခဲ့ကြသည်။
သာသနာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ပါက ဝိသာခါ မာတိကမာတာစသော အမျိုးသမီးကောင်းများ၏ ပံ့ပိုးမှုကြောင့် ရဟန်းတော်များ ပစ္စည်းလေးပါအတွက် မပူပင်မကြောင့်ကြပဲ ရဟန်းတရားကို အားထုတ်ရပြီး မဂ်ဖိုလ်ရခဲ့ကြသည်။ ဤသည်မှာ ရဟန်းနှင့်မာတုဂါမတို့ သာသနာတော်ကို ကြည်ညိုသော သဒ္ဓါ၊ ထောက်ပံ့ချီးမြောက်လိုသော စေတနာတို့ဖြင့် ဆက်ဆံမှီခိုကြတဲ့အတွက် နှစ်ဦးနှစ်ဘက် အကျိုးရှိကာ နတ်ရွာမဂ်ဖိုလ်အသီးအပွင့်များ ရရှိကြခြင်း ဖြစ်ပါသည်။
ထိုသို့ သာသနာတော်ကို ချီးမြောက်ကြသော မာတုဂါမများရှိသလို ဇိဉ္ဇမာန သုန္ဒရီပုရိဗိုဇ်မ မာဂဏ္ဍီမိဖုရားစသူတို့ကဲ့သို့သော သာသနာတော်ကို ကဖျက်ကယက်လုပ်တတ်သော မာတုဂါမများလည်း ရှိသည်။ ထို့အပြင် အချို့သောမာတုဂါမများသည် သဒ္ဓါလွန် ပညာနည်းပါးပြီး တဏှာကဲကြသောကြောင့် မဖြစ်သင့်တဲ့အလွဲအမှားများ ဖြစ်တတ်ကြသည်။ အချို့သောရဟန်းတော်များဘက်ကလည်း သတိလက်လွတ်ဖြစ်ကာ မာတုဂါမများတဏှာကဲသည့်အပေါ်မှာ သာယာမိတတ်ကာ လွဲမှားသောအတွေးအမြှင်များ ဖြစ်ပေါ်တတ်သည်။ ပုထုဇဉ်ဖြစ်သည့်အလျောက် သတိပျောက်ရင် တဏှာရောက်လာတတ်သည့်အတွက် ဘုရားရှင်ကိုယ်တော်မြတ်က အနေအထိုင်အပြောအဆို ဆင်ဆင်ခြင်ခြင်ဖြင့် သတိရှိကြဖို့ အတန်တန်ဆုံးမခဲ့ပါသည်။ ဆိတ်ကွယ်ရာအရပ်သည် မိစ္ဆာဝိတက်ဖြစ်ပေါ်ရန် လွယ်ကူသည့်အတွက် ရဟန်းနှင့်မာတုဂါမတို့ ဆိတ်ကွယ်ရာအရပ်တွင် အတူမနေဖို့ အတူခရီးမသွားဖို့ တစ်မိုးတစ်ရံတည်းတွင် အတူမအိပ်ဖို့ သိက္ခာပုဒ်ပညတ်ကာ တားမြစ်တော်မူခဲ့သည်။ တစ်နေ့မှာ အရှင်အာနန္ဒာက ဘုရားရှင်အား မာတုဂါမများနှင့်ပတ်သက်၍ မည်သို့ကျင့်ကြံရမည်ကို မေးလျှောက်တဲ့အခါ ဘုရားရှင်က မမြင်အောင် နေရမည်၊ မလွှဲမရှောင်သာ မြင်ခဲ့ရင် စကားမပြောနဲ့၊ မဖြစ်မနေ စကားပြောရပြီဆိုရင် မိခင်လို နှမလို သမီးလို နှလုံးသွင်းဆက်ဆံရမည်ဟု မိန့်တော်မူခဲ့သည်။ ရာဂကို ဖြစ်စေတတ်သော အပြောအဆိုများကိုလည်း မပြောဆိုဖို့ တားမြစ်တော်မူခဲ့သည်။
ထို့ပြင် ရဟန်းတော်များ ကိလေသာရာဂ မဖြစ်ပေါ်စေရန်အတွက် မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဒွါရခြောက်ပါး ဣနြေ္ဒများကို သတိဖြင့် ထိန်းချုပ်ဖို့ မိန့်တော်မူပါသည်။ သီဟိုဠ်တွင် မဟာတိဿမထေရ်သည် အနုရာဓပူရမြို့သို့ ဆွမ်းခံကြွစဉ် လမ်းမှာ လင်ရှိအမျိုးသမီးက ရာဂစိတ်ဖြင့် မထေရ်ကို မထိတထိ ပြုံးပြသောအခါ မထေရ်သည် အမျိုးသမီးသညာဖျောက်၍ သွားတည်းဟူသော အရိုးကမ္မဋ္ဌာန်း စီးဖြန်းလိုက်လေ၏။ ထို့နောက် အမျိုးသားနှင့်တွေ့၍ မထေရ်အား သူ့အမျိုးသမီး လမ်းမှာ မြင်ခဲ့လားဟု မေးလိုက်ရာ မထေရ်က အမျိုးသမီးမမြင်ပါ အရိုးစုတစ်ခုတော့ တွေ့မိပါရဲ့ဟု ဖြေလိုက်လေ၏။ ဤသည်မှာ ဣန္ဒြိယသံဝရစောင့်ထိန်းသည့်အတွက် ကိလေသာများ ဖြစ်ပေါ်ခွင့်မရခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင် မာတုဂါမများ ဝတ်စားဆင်ယဉ်မှုမှာ မလုံမခြုံ ဝတ်ဆင်လာတာများလာသောကြောင့် မြင်သူများအနေဖြင့် မိစ္ဆာဝိတတ်များ တစ်ဖွားဖွားဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် မာတုဂါမများအနေဖြင့်လည်း ကျောင်းကန်ဘုရားသွားတဲ့အခါ ရဟန်းသံဃာထံ သွားရောက်တဲ့အခါတွေမှာ ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ကာ ဣနြေ္ဒရရ နေထိုင် ပြောဆို ဆက်ဆံဖို့ လိုပါသည်။ ဒူးအထက်ဝတ်ဆင်လာတဲ့အတွက် ဘုရားဦးချရခက် ထိုင်ရခက် ဖြစ်တတ်သည်။
ထို့ကြောင့် ရဟန်းနှင့်မာတုဂါမသည် မကင်းကောင်းသောအရာဖြစ်ပြီး သာသနာတွင် အပြန်အလှန်မှီခို အားထားနေရသည်။ စစ်မှန်သော သဒ္ဓါတရား၊ သာသနာတော်ကို ချီးမြောက်လိုသောစိတ်ထားဖြင့် ပြုမူဆက်ဆံရပေသည်။
ထို့ပြင် သိင်္ဂါလောဝါဒသုတ်တွင် ဘုရားရှင်ကိုယ်တော်မြတ်သည် သာသနာတော်တိုးတက်ပြန့်ပွားဖို့အတွက် ဆရာရဟန်းနှင့် ဒကာဒကာမတို့ အပြန်အလှန်ပြုကျင့်ရမည့် ဝတ္တရားများကို ညွန်ပြတော်မူခဲ့သည်။ "မတ္တာစိတ်သက် ၊ ဆောင်ရွက်ချစ်ခင် ၊ခင်မင်နူတ်ချို ၊ လိုလျှင်ဖိတ်ထား ၊ တတ်အားလှူစေ ၊ ဝတ်ငါးထွေ ၊ ကျင့်လေ ဒါယကာ" ဟူသော ဒကာဒကာမတို့ဝတ္တရားနှင့်အညီ အိမ်မှာနေသော ဒကာ ၊ ဒကာမတို့သည် ကျောင်းမှာ သီတင်းသုံးနေတော်မူသော ဘုန်းတော်ကြီးများအပေါ် “ကျန်းမာချမ်းသာစေကြောင်း” စိတ်ထဲက အမြဲမေတ္တာပို့လွှတ်နေရမည် ။ ( မနောကံ ) ဘုန်းတော်ကြီးများနှင့် တွေ့သောအခါဖြစ်စေ ၊ ကျောင်းရောက်သော အခါ ဖြစ်စေ ၊ ဝေယျာဝစ္စဆောင်ရွက်သောအခါဖြစ်စေ ၊ မေတ္တာစေတနာရှေ့ထားပြီးဆောင်ရွက်ပါ ။ ကိုယ်ကျိုးအတွက် မဖြစ်စေရ ။ ( ကာယကံ ) ဆရာဘုန်းကြီးများနှင့် ပြောဆိုဆက်ဆံသည့်အခါ ချိုချုသာသာပြောဆိုပါ ။ ( ဝစီကံ )
ဆရာတော်သံဃာတော်များ ကြွရောက်လာလျှင် “အလိုရှိရာ အလှူခံတော်မူပါ ဘုရား” ဟု ဖိတ်
ကြားရပါမည် ။ ရဟန်းတော်များသည် ဖိတ်ထားမှသာ အလှူခံကောင်းပါသည် ။ မဖိတ်ကြားသူတို့ကို အလှူခံလျှင် အပြစ်ဖြစ်ပါသည် ။ တတ်နိုင်သမျှ နည်းသည် ၊များသည် မဓာနမထားပဲ လှူဒါန်းရပါသည်။
ရဟန်းတော်များဘက်ကလည်း "မကောင်းမြစ်တား ၊ ကောင်းရာညွှန်လစ် ၊ အသစ်ဟောကြူး ၊ နာဘူးထပ်မံ နတ်ထံတင်ရာ ၊ မေတ္တာလဲပြု ၊ ရဟန်းမူ ၊ ခြောက်ခုလွန်သေချာ" ဟူသော ဝတ္တရားအတိုင်း
ဒကာ၊ ဒကာမတို့ မကောင်းသည်တို့ကို လုပ်နေလျှင်….မဆိုသင့်သည်တို့ ပြောဆိုနေကြလျှင်…
မလုပ်သင့်သည်တို့ကို လုပ်နေလျှင် တားမြစ်ရပါမည် ။ မိမိကိုယ်တိုင် ဝိနည်းတော်တို့နှင့် အညီ နေထိုင်ကျင့်ကြံပြီး ဒကာ၊ ဒကာမတို့အား ကောင်းသော နည်းလမ်းများကို အမြဲညွှန်ကြားပြသပေးရပါမည် ။
ဒကာ၊ ဒကာမများအား မဟောကြားဖူးသော … မနာဖူးသော တရားအသစ်တို့ကို ဟောကြားပေး
ရပါမည် ။ ဟောပြီးသား တရားတော်များကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိရအောင် သံသယရှိနေသည်တို့ကို ရှင်းလင်းအောင် ထပ်မံဟောကြားပေးရပါမည် ။ ဒါယကာ ၊ ဒါယကာမများ နတ်ရွာသုဂတိ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မှန် ၊ တရားကောင်း တရားမြတ်တို့ကို သင်ကြားပြသဟောကြားပေးရပါမည် ။ ဒကာ၊ ဒကာမတို့အား ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ပေးရပါမည်။
ထိုကဲ့သို့ သူ့ဘက်ကိုယ့်ဘက် သတိယှက်ကာ ကောင်းစွာနှလုံးသွင်းပြီး တာဝန်ကျေပွန်စွာ ဆက်ဆံကြမည်ဆိုပါက ရဟန်းနှင့်မာတုဂါမကြား ကိလေသာမပွားတော့ပဲ အပြန်အလှန်ကျေးဇူးပြုကာ သာသနာတိုးတက်ကြောင်း ဆောင်ရွက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သတည်း။
ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
ရတနာပုံနတ်မောက်တောရ
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာ