လောကမှာ လူအချို့ဟာ မသိမှုအဝိဇ္ဇာအားကြီးသဖြင့် ကိုယ့်အမှားကို ကိုယ်တိုင်မသိရှိကြဘဲ အမှားလုပ်ရတာကို ပျော်မွေ့နေကြ၏။ လူအချို့သည်ကား မှားမှန်းသိသော်လည်း မာနကြောင့်သော်လည်းကောင်း ရှက်၍သော်လည်းကောင်း၊ ကဲ့ရဲ့မှာစိုး၍သော်လည်းကောင်း အပြစ်ပေးခံရမှာစိုး၍သော်လည်းကောင်း ကိုယ့်အမှားကို ဝန်မခံရဲကြဘဲ ဖုံးလွှမ်းထားကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ တရားကို မလေ့လာ မနာကြား မလိုက်စား၍ တရားမသိသေးသောကြောင့်ဖြစ်၏။ တရားအမှန်ကို သိရှိလာသူကား ကိုယ့်အမှားကို ချက်ချင်းဝန်ခံ၍ အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်၏။
ထိုအကြောင်းကို ခါးကုန်းမလေး ခုဇ္ဇုတ္တရာက သက်သေပြလျက်ရှိ၏။
ခါးကုန်းမလေး ခုဇ္ဇုတ္တရာဟာ သာမာဝတီမိဖုရား၏ အစေခံ ပန်းအဝယ်တော် ဖြစ်သည်။ သူမကို သခင်မက ပန်းဝယ်ရန်အတွက် အသပြာရှစ်ကျပ် ပေး၏။ ခါးကုန်းမလေးသည် နေ့စဉ် လေးကျပ်ဖိုးသာ ပန်းဝယ်ပြီး လေးကျပ်ကို သူမအတွက် ယူထားလေ့ရှိ၏။ ထို့သို့ လုပ်နေရတာကိုပင် အဟုတ်ထင်ပြီး ပျော်မွေ့နေ၏။ တစ်နေ့မှာ ပန်းဝယ်သွားရင်း ဘုရားရှင်တရားပွဲနှင့် ကြုံ၍ တရားဝင်နာ၏။ တရားဆုံးသောအခါတွင်ကား အမှန်တရားကို သိရှိပြီး သူမနေ့စဉ်လုပ်နေတဲ့အမှားကို သိရှိကာ သံဝေဂရ၍ သောတာပန်ဖြစ်လေ၏။ ထိုချိန်မှစ၍ ထိုအမှားကို လုံးဝမကျူးလွန်တော့ဘဲ သခင်မထံမှာ ဝန်ခံကာ စံပြဖြစ်အောင် အကောင်းဆုံးပြုမူနေထိုင်ခဲ့၏။
ခုဇ္ဇုတ္တရာလေးသည် မျက်မှောက်လူ့လောကသားတို့ကို သူမကဲ့သို့ အမှားကိုပြင်ပြီး မှန်ကန်သောဘဝကို လျောက်လှမ်းကြဖို့ မီးမောင်းထိုးကာ တရားပြသွားခဲ့၏။
ယနေ့ခေတ်တွင် လူအတော်များများသည် တရားပျက်၍ နေကြ၏။ အထူးသဖြင့် လုပ်ငန်းခွင်အချို့တွင် တစ်ထောင်ဖိုး ချပေးရင် ငါးရာဖိုးလောက်ပဲ လုပ်ပြီး ကျန်ငါးရာကို ဝေစားမျှစား အိတ်ထဲထည့်ကြ၏။ ထိုသို့လုပ်ကြသဖြင့် တိုင်းပြည်ကြီးသည် အဘက်ဘက်တွင် မတိုးတက်ဘဲ ဆင်းရဲတွင်း နက်ရ၏။
အချို့မှာ မှားမှန်းသိလာသော်လည်း ဆုံးရှုံးရမှာစိုးရိမ်သည့်အတွက် နောင်တတရားရင်ဝယ်ပိုက်ကာ ဆက်ပြီး မှားကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်တကယ်တရားမသိသေး၍ ဖြစ်သည်။ တန်ဖိုးမရှိသော ပစ္စည်းဥစ္စာကို ဆုံးရှုံးရမှာကြောက်ပြီး တန်ဖိုးရှိသော ကိုယ်ကျင့်တရားကိုကား အဆုံးရှုံးခံကာ နေကြတော့၏။ ထိုပုဂ္ဂိုလ်တို့အတွက် ရလာမည့်အကျိုးဆက်ကား အပါယ်လေးပါးမှလွှဲ၍ အခြားမရှိပေ။ သတိတရားရသင့်ပေတော့၏။
တရားသိအောင် ကြိုးစားကြဖို့ အချိန်တန်ပါပြီ။ အမှားသိဖို့ အချိန်တန်ပါပြီ။ အမှန်ပြင်ဖို့ အချိန်တန်ပါပြီ။ အမှန်သိသူအတွက် အမှားကို ရပ်တန့်ဖို့အချိန်ဟာ ဘယ်တော့မှ နောက်မကျပေ။ ခုဇ္ဇုတ္တရာလေးကဲ့သို့ တရားသိအောင် ကြိုးစားနိုင်ကြပါစေ။
No comments:
Post a Comment