Saturday, February 27, 2016

ခုဇ္ဇတ္တရာ (သို့မဟုတ်) တရားသိ၍ အမှားသိလေသူ

လာကမှာ လူအချို့ဟာ မသိမှုအဝိဇ္ဇာအားကြီးသဖြင့် ကိုယ့်အမှားကို ကိုယ်တိုင်မသိရှိကြဘဲ အမှားလုပ်ရတာကို ပျော်မွေ့နေကြ၏။ လူအချို့သည်ကား မှားမှန်းသိသော်လည်း မာနကြောင့်သော်လည်းကောင်း ရှက်၍သော်လည်းကောင်း၊ ကဲ့ရဲ့မှာစိုး၍သော်လည်းကောင်း အပြစ်ပေးခံရမှာစိုး၍သော်လည်းကောင်း ကိုယ့်အမှားကို ဝန်မခံရဲကြဘဲ ဖုံးလွှမ်းထားကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ တရားကို မလေ့လာ မနာကြား မလိုက်စား၍ တရားမသိသေးသောကြောင့်ဖြစ်၏။ တရားအမှန်ကို သိရှိလာသူကား ကိုယ့်အမှားကို ချက်ချင်းဝန်ခံ၍ အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်၏။

ရသေ့ညီနောင် ရှင်တစ်ထောင်



ဒကာလေးတစ်ယောက်က ဥရုဝေလရသေ့အကြောင်းနှင့် ရှင်တစ်ထောင်အကြောင်းကို သိချင်ပါတယ်ဆိုလို့ ယခုလို ပိုစ်လေးတစ်ခု လေ့လာပြီး တင်ဖြစ်ဖို့ အခွင့်ပေါ်လာပါသည်။ မေးသူရှိလို့ လေ့လာဖြစ်သည်။ လေ့လာဖြစ်တော့ ရှေးဦးစွာ သိခွင့်ရပြီး ဧတဒဂ်ရ သာသနာ့အာဇာနည်များကို ကြည်ညိုသဒ္ဓါတိုးပွားရပါသည်။ မေးလာသူ ဒကာလေးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း စာပေထဲက ရသေ့ညီနောင် ရှင်တစ်ထောင်အကြောင်းလေးကို တင်ပြအပ်ပါသည်။

ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားသည် ဘုရားအဖြစ်သို့ မရောက်ခင်က ဗာရာဏသီပြည်မှာ ကဿပအမည်ရတဲ့ ပုဏ္ဏားညီနောင် ၃ ယောက်ရှိခဲ့တယ်။ ညီနောင်သုံးယောက်ဟာ အတိက်က ကုသိုလ်ပါရမီအဟုန်ကြောင့် လောကီကို စိတ်ကုန်၍ အခြံအရံအသီးသီးနှင့်တကွ ရသေ့ဘဝဖြင့် တောထဲမှ ခေါင်းပါးတဲ့အကျင့်တွေကို ကျင့်သုံးနေထိုင်ကြပါတော့သည်။

Friday, June 19, 2015

ရဟန်းနှင့် မာတုဂါမဆက်ဆံရေး





အသိမိတ်ဆွေတစ်ယောက်က ရဟန်းနှင့်မာတုဂါမအကြောင်းလေး ရေးပေးစေလိုကြောင်း လျှောက်ထားတဲ့အတွက် ရဟန်းနှင့်မာတုဂါမတို့ မည်သို့မည်ပုံဆက်ဆံရမည်ကို မိမိတက်စွမ်းသလောက် လေ့လာတင်ပြပါမည်။

ဘုရားရှင်ရဲ့သာသနာမှာ ရဟန်းနှင့်မာတုဂါမတို့သည် အပြန်အလှန်ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံရပါသည်။ ဘုရားရှင်နှင့်ရဟန်းသံဃာတော်တို့၏ ဟောဖော်ညွန်ကြားမှုကြောင့် မာတုဂါမများ သောကကင်းဝေး အပူအေးပြီး ဆင်းရဲခြင်းဘေးကနေ လွတ်မြောက်ခဲ့ကြတာရှိသလို မာတုဂါမများ၏ ပံ့ပိုးထောက်ပံ့မှုကြောင့် ရဟန်းတော်များ ဒုက္ခကင်းပျောက် ချမ်းသာရောက်ခဲ့ကြသည်လည်း ရှိသည်။ ဘုရားရှင်သည်ပင် ယသော်ဓရာ၏ ဘဝအဆက်ဆက် အထောက်အပံ့ပေးမှုကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရသည်။ ဘုရားဖြစ်ခါနီးမှာလည်း သုဇာတာသူဌေးသမီး၏ ဃနာနို့ဆွမ်းကို ဘုန်းပေးကာ မဇ္ဈိမပဋိပဒါကျကျ ကျင့်ကြံရသည့်အတွက် ဗောဓိပင်အောက်မှာ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် ရှင်တော်ဘုရား၏ ဟောညွန်ဆုံးမမှုကြောင့် မာတုဂါမအများအပြား ကျွတ်တမ်းဝင်ခဲ့ကြသည်။

သာသနာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ပါက ဝိသာခါ မာတိကမာတာစသော အမျိုးသမီးကောင်းများ၏ ပံ့ပိုးမှုကြောင့် ရဟန်းတော်များ ပစ္စည်းလေးပါအတွက် မပူပင်မကြောင့်ကြပဲ ရဟန်းတရားကို အားထုတ်ရပြီး မဂ်ဖိုလ်ရခဲ့ကြသည်။ ဤသည်မှာ ရဟန်းနှင့်မာတုဂါမတို့ သာသနာတော်ကို ကြည်ညိုသော သဒ္ဓါ၊ ထောက်ပံ့ချီးမြောက်လိုသော စေတနာတို့ဖြင့် ဆက်ဆံမှီခိုကြတဲ့အတွက် နှစ်ဦးနှစ်ဘက် အကျိုးရှိကာ နတ်ရွာမဂ်ဖိုလ်အသီးအပွင့်များ ရရှိကြခြင်း ဖြစ်ပါသည်။

ထိုသို့ သာသနာတော်ကို ချီးမြောက်ကြသော မာတုဂါမများရှိသလို ဇိဉ္ဇမာန သုန္ဒရီပုရိဗိုဇ်မ မာဂဏ္ဍီမိဖုရားစသူတို့ကဲ့သို့သော သာသနာတော်ကို ကဖျက်ကယက်လုပ်တတ်သော မာတုဂါမများလည်း ရှိသည်။ ထို့အပြင် အချို့သောမာတုဂါမများသည် သဒ္ဓါလွန် ပညာနည်းပါးပြီး တဏှာကဲကြသောကြောင့် မဖြစ်သင့်တဲ့အလွဲအမှားများ ဖြစ်တတ်ကြသည်။ အချို့သောရဟန်းတော်များဘက်ကလည်း သတိလက်လွတ်ဖြစ်ကာ မာတုဂါမများတဏှာကဲသည့်အပေါ်မှာ သာယာမိတတ်ကာ လွဲမှားသောအတွေးအမြှင်များ ဖြစ်ပေါ်တတ်သည်။ ပုထုဇဉ်ဖြစ်သည့်အလျောက် သတိပျောက်ရင် တဏှာရောက်လာတတ်သည့်အတွက် ဘုရားရှင်ကိုယ်တော်မြတ်က အနေအထိုင်အပြောအဆို ဆင်ဆင်ခြင်ခြင်ဖြင့် သတိရှိကြဖို့ အတန်တန်ဆုံးမခဲ့ပါသည်။ ဆိတ်ကွယ်ရာအရပ်သည် မိစ္ဆာဝိတက်ဖြစ်ပေါ်ရန် လွယ်ကူသည့်အတွက် ရဟန်းနှင့်မာတုဂါမတို့ ဆိတ်ကွယ်ရာအရပ်တွင် အတူမနေဖို့ အတူခရီးမသွားဖို့ တစ်မိုးတစ်ရံတည်းတွင် အတူမအိပ်ဖို့ သိက္ခာပုဒ်ပညတ်ကာ တားမြစ်တော်မူခဲ့သည်။ တစ်နေ့မှာ အရှင်အာနန္ဒာက ဘုရားရှင်အား မာတုဂါမများနှင့်ပတ်သက်၍ မည်သို့ကျင့်ကြံရမည်ကို မေးလျှောက်တဲ့အခါ ဘုရားရှင်က မမြင်အောင် နေရမည်၊ မလွှဲမရှောင်သာ မြင်ခဲ့ရင် စကားမပြောနဲ့၊ မဖြစ်မနေ စကားပြောရပြီဆိုရင် မိခင်လို နှမလို သမီးလို နှလုံးသွင်းဆက်ဆံရမည်ဟု မိန့်တော်မူခဲ့သည်။ ရာဂကို ဖြစ်စေတတ်သော အပြောအဆိုများကိုလည်း မပြောဆိုဖို့ တားမြစ်တော်မူခဲ့သည်။
ထို့ပြင် ရဟန်းတော်များ ကိလေသာရာဂ မဖြစ်ပေါ်စေရန်အတွက် မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဒွါရခြောက်ပါး ဣနြေ္ဒများကို သတိဖြင့် ထိန်းချုပ်ဖို့ မိန့်တော်မူပါသည်။ သီဟိုဠ်တွင် မဟာတိဿမထေရ်သည် အနုရာဓပူရမြို့သို့ ဆွမ်းခံကြွစဉ် လမ်းမှာ လင်ရှိအမျိုးသမီးက ရာဂစိတ်ဖြင့် မထေရ်ကို မထိတထိ ပြုံးပြသောအခါ မထေရ်သည် အမျိုးသမီးသညာဖျောက်၍ သွားတည်းဟူသော အရိုးကမ္မဋ္ဌာန်း စီးဖြန်းလိုက်လေ၏။ ထို့နောက် အမျိုးသားနှင့်တွေ့၍ မထေရ်အား သူ့အမျိုးသမီး လမ်းမှာ မြင်ခဲ့လားဟု မေးလိုက်ရာ မထေရ်က အမျိုးသမီးမမြင်ပါ အရိုးစုတစ်ခုတော့ တွေ့မိပါရဲ့ဟု ဖြေလိုက်လေ၏။ ဤသည်မှာ ဣန္ဒြိယသံဝရစောင့်ထိန်းသည့်အတွက် ကိလေသာများ ဖြစ်ပေါ်ခွင့်မရခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် မာတုဂါမများ ဝတ်စားဆင်ယဉ်မှုမှာ မလုံမခြုံ ဝတ်ဆင်လာတာများလာသောကြောင့် မြင်သူများအနေဖြင့် မိစ္ဆာဝိတတ်များ တစ်ဖွားဖွားဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် မာတုဂါမများအနေဖြင့်လည်း ကျောင်းကန်ဘုရားသွားတဲ့အခါ ရဟန်းသံဃာထံ သွားရောက်တဲ့အခါတွေမှာ  ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ကာ ဣနြေ္ဒရရ နေထိုင် ပြောဆို ဆက်ဆံဖို့ လိုပါသည်။ ဒူးအထက်ဝတ်ဆင်လာတဲ့အတွက် ဘုရားဦးချရခက် ထိုင်ရခက် ဖြစ်တတ်သည်။

ထို့ကြောင့် ရဟန်းနှင့်မာတုဂါမသည် မကင်းကောင်းသောအရာဖြစ်ပြီး သာသနာတွင် အပြန်အလှန်မှီခို အားထားနေရသည်။ စစ်မှန်သော သဒ္ဓါတရား၊ သာသနာတော်ကို ချီးမြောက်လိုသောစိတ်ထားဖြင့် ပြုမူဆက်ဆံရပေသည်။

ထို့ပြင် သိင်္ဂါလောဝါဒသုတ်တွင် ဘုရားရှင်ကိုယ်တော်မြတ်သည် သာသနာတော်တိုးတက်ပြန့်ပွားဖို့အတွက် ဆရာရဟန်းနှင့် ဒကာဒကာမတို့ အပြန်အလှန်ပြုကျင့်ရမည့် ဝတ္တရားများကို ညွန်ပြတော်မူခဲ့သည်။ "မတ္တာစိတ်သက် ၊ ဆောင်ရွက်ချစ်ခင် ၊ခင်မင်နူတ်ချို ၊ လိုလျှင်ဖိတ်ထား ၊ တတ်အားလှူစေ ၊ ဝတ်ငါးထွေ ၊ ကျင့်လေ ဒါယကာ" ဟူသော ဒကာဒကာမတို့ဝတ္တရားနှင့်အညီ အိမ်မှာနေသော ဒကာ ၊ ဒကာမတို့သည် ကျောင်းမှာ သီတင်းသုံးနေတော်မူသော ဘုန်းတော်ကြီးများအပေါ် “ကျန်းမာချမ်းသာစေကြောင်း” စိတ်ထဲက အမြဲမေတ္တာပို့လွှတ်နေရမည် ။ ( မနောကံ ) ဘုန်းတော်ကြီးများနှင့် တွေ့သောအခါဖြစ်စေ ၊ ကျောင်းရောက်သော အခါ ဖြစ်စေ ၊ ဝေယျာဝစ္စဆောင်ရွက်သောအခါဖြစ်စေ ၊ မေတ္တာစေတနာရှေ့ထားပြီးဆောင်ရွက်ပါ ။ ကိုယ်ကျိုးအတွက် မဖြစ်စေရ ။ ( ကာယကံ ) ဆရာဘုန်းကြီးများနှင့် ပြောဆိုဆက်ဆံသည့်အခါ ချိုချုသာသာပြောဆိုပါ ။ ( ဝစီကံ )
ဆရာတော်သံဃာတော်များ ကြွရောက်လာလျှင် “အလိုရှိရာ အလှူခံတော်မူပါ ဘုရား” ဟု ဖိတ်
ကြားရပါမည် ။ ရဟန်းတော်များသည် ဖိတ်ထားမှသာ အလှူခံကောင်းပါသည် ။ မဖိတ်ကြားသူတို့ကို အလှူခံလျှင် အပြစ်ဖြစ်ပါသည် ။ တတ်နိုင်သမျှ နည်းသည် ၊များသည် မဓာနမထားပဲ လှူဒါန်းရပါသည်။

ရဟန်းတော်များဘက်ကလည်း "မကောင်းမြစ်တား ၊ ကောင်းရာညွှန်လစ် ၊ အသစ်ဟောကြူး ၊ နာဘူးထပ်မံ နတ်ထံတင်ရာ ၊ မေတ္တာလဲပြု ၊ ရဟန်းမူ ၊ ခြောက်ခုလွန်သေချာ" ဟူသော ဝတ္တရားအတိုင်း
ဒကာ၊ ဒကာမတို့ မကောင်းသည်တို့ကို လုပ်နေလျှင်….မဆိုသင့်သည်တို့ ပြောဆိုနေကြလျှင်…
မလုပ်သင့်သည်တို့ကို လုပ်နေလျှင် တားမြစ်ရပါမည် ။ မိမိကိုယ်တိုင် ဝိနည်းတော်တို့နှင့် အညီ နေထိုင်ကျင့်ကြံပြီး ဒကာ၊ ဒကာမတို့အား ကောင်းသော နည်းလမ်းများကို အမြဲညွှန်ကြားပြသပေးရပါမည် ။
 ဒကာ၊ ဒကာမများအား မဟောကြားဖူးသော … မနာဖူးသော တရားအသစ်တို့ကို ဟောကြားပေး
ရပါမည် ။ ဟောပြီးသား တရားတော်များကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိရအောင် သံသယရှိနေသည်တို့ကို ရှင်းလင်းအောင် ထပ်မံဟောကြားပေးရပါမည် ။ ဒါယကာ ၊ ဒါယကာမများ နတ်ရွာသုဂတိ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မှန် ၊ တရားကောင်း တရားမြတ်တို့ကို သင်ကြားပြသဟောကြားပေးရပါမည် ။ ဒကာ၊ ဒကာမတို့အား ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ပေးရပါမည်။

ထိုကဲ့သို့ သူ့ဘက်ကိုယ့်ဘက် သတိယှက်ကာ ကောင်းစွာနှလုံးသွင်းပြီး တာဝန်ကျေပွန်စွာ ဆက်ဆံကြမည်ဆိုပါက ရဟန်းနှင့်မာတုဂါမကြား ကိလေသာမပွားတော့ပဲ အပြန်အလှန်ကျေးဇူးပြုကာ သာသနာတိုးတက်ကြောင်း ဆောင်ရွက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သတည်း။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
ရတနာပုံနတ်မောက်တောရ
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာ

Tuesday, May 26, 2015

ဘဝကိုဖျက် အရက်



ယခုခေတ်မှာ အရက်သေစာ သောက်စားနှုန်းသည် လွန်စွာမြင့်တက်လာသည်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည် ဆုတ်ယုတ်လာနေသော်လည်း အရက်၊ ဘီယာစသည် သောက်စားမှုနှုန်းကတော့ အလွန်မြင့်တက်နေပေသည်။ လူကြီးသာမက ကျောင်းနေ ကလေးအရွယ်များပင် သောက်တတ်စားတတ်လာနေတာကို တွေ့ရသည်။ ထို့ပြင် လူ့ဘောင်လောကသာမက သာသနာ့ဘောင်မှာလည်း အချို့သောရဟန်း၊ သာမဏေများသည် ဝိနည်းကိုဖယ်ကာ အရက်သေစာ သုံးစွဲလာတာကို တွေ့ရသည်။ အလွန်ပင် အကျည်းတန်လှပါသည်။ လူသာမန်များပင် မသုံးအပ်သောအရာသည် ရဟန်းသာမဏေများအဖို့ ပြောဖွယ်မလို ပို၍ပင်မအပ်စပ်တော့ပါ။

ဘုရားရှင်က ဓမ္မိကသုတ်မှာ မိန့်တော်မူထားသည်မှာ အိမ်ရာတည်ထောင်လူဘောင်တစ်ခုတည်ထောင်လိုသူသည် "အရက်သေစာသောက်သုံးခြင်းဟာ ရူးသွပ်ခြင်းမှာ အဆုံးသတ်သည်ဟုသိရှိပြီး အရက်သေစာကို မိမိကိုယ်တိုင်လည်း မသောက်သင့်၊ သူတစ်ပါးကိုလည်း မသောက်စေသင့်ဘဲ ကောင်းမှုတရား၌ ပျော်မွေ့နေရမည်။
လူမိုက်သည် အရက်သေစာသောက်စားပြီးနောက် သူ့အသက်သတ်ခြင်းစသော မကောင်းမှုများကို ပြုလုပ်လေ့ရှိ၏။ သူများကိုလည်း မူးယစ်အောင်ဆွဲဆောင်၏။ နောက်ဘဝမှာ အရူးအနှမ်းဘဝကို ဖြစ်စေ၏။ ယခုဘဝမှာလည်း အသိဉာဏ်တုံးစေ၏။

ကျန်သော သူ့အသက်သတ်ခြင်းစသော အမှုသည် ကျူးလွန်သူသာ အပြစ်ခံစေသည်။ သူများကို မထိခိုက်။ အရက်သေစာသောက်စားသူကား မိမိရော ပတ်ဝန်းကျင်ကိုပါ ညစ်နွမ်းစေပြီး ဆိုးရွားသောအခြေအနေများကို ဖြစ်စေ၏။

ဒါကြောင့် ဘုရားရှင်က အရက်သေစာသောက်စားခြင်းအလုပ်သည် လူကို ရူးသွပ်စေပြီး အသိဉာဏ်မဲ့သော လူမိုက်များသာ ပြုလုပ်ကြသည်ဟု မိန့်တော်မူပါသည်။

ဘုရားရှင်သည် လူဝတ်ကြောင်များကိုပင် အရက်သေစာသောက်စားခြင်းကို တားမြစ်တော်မူခဲ့ရကား ရဟန်းသာမဏေများအဖို့ ပို၍ပင် ပြင်းထန်စွာ တားမြစ်တော်မူပါသည်။

ဘုရားရှင်လက်ထက်က အဘိညာဏ်ဈာန်ရ သာဂတမထေရ်သည် ဆွမ်းခံကြွရင်း နဂါးဆိုးကို နှိမ်နှင်းနိုင်သဖြင့် ရွာသားများက ဂုဏ်ပြုသောအားဖြင့် ထူးဆန်းသော အရက်ဖြူကို လှူကြ၏။ သာဂတမထေရ်လည်း ထူးဆန်းသောအရက်ဖြူကို သောက်သုံးကာ အဘိဉာဏ်တွေလည်း ဆုံး၊ ရွာတံခါးမှာ တုံးလုံးဖြင့် အသိစိတ်ပျောက်ကာ နေ၏။ ဘုရားရှင်ကြွလာတာတောင် အရိုအသေမပေး ခြေထိုးလျက်ရိုင်းစိုင်းတဲ့အပြုအမှုကို ပြုမူ၏။ ထိုအခါ ဘုရားရှင်က သာဂတမထေရ်ကို ရှုံချအပြစ်တင်တော်မူပြီး "လူကို အသိစိတ်ပျောက်စေပြီး ဒကာဒကာမတွေ အကြည်အညိုပျက်စေတဲ့ ဤအရက်သည် ရဟန်းများအား မသင့်လျော်။ တန်ဖိုးကျစေ၏။ ထို့ကြောင့် ဤအရက်ကို ရဟန်းများ မသောက်သုံးရ၊ သောက်သုံးက ပါစိတ်အာပတ်သင့်စေ"ဟု တားမြစ်တော်မူခဲ့ရသည်။

အမှန်အားဖြင့် အရက်သောက်ထားသူသည် ရတနာသုံးပါးနှင့် မိဘဆရာသမားများကို မရိုသေတော့။ ကြမ်းတမ်းသော အပြုအမူ အပြောအဆိုများကို ပြုတတ်၏။

မည်သူဖြစ်ဖြစ် အရက်သောက်တော့မည်ဆိုပါက မသောက်ခင် "  ဤအရက်ဟာ လူကို ရူးသွပ်စေသည်။ ဉာဏ်ထိုင်းစေသည်။ လူမိုက်တွေသာ သောက်သည်။ လူမိုက်ဟာ အရက်သောက်ပြီးနောက် မကောင်းမှုကို ကျူးလွန်တတ်၏။ သူများကိုလည်း မကောင်းမှု ကျူးလွန်စေ၏ " စဉ်းစားသင့်၏။ ထို့နောက် မသောက်တော့ဘဲ ရှောင်ကြဉ်ရာ၏။

အရက်သောက်ခြင်းသည်.....
-- စီးပွားကျစေ၏။
-- ရန်များစေ၏။
-- ရောဂါများစေ၏။
-- ဂုဏ်မဲ့စေ၏။ မိဘ၊ ဇနီးမယား၊ သားသမီးများနှင့် ဆွေမျိုးများလည်း အရှက်ရစေ၏။
-- အရှက်မဲ့အပြုအမူတွေကို ပြုစေ၏။
-- အသိဉာဏ်နည်းစေ၏။
-- မှတ်ဉာဏ်အား ကျစေ၏။
-- အကောင်းအဆိုးမခွဲနိုင်။
-- ရတနာသုံးပါး မိဘဆရာသမားတွေ မရိုသေ။
-- သူများ အပြစ်တင်မှုကို ခံရ၏။
-- သေလျှင် ငရဲကျ၏။ လူပြန်ဖြစ်ရင် ရူးစေ၏။ စိတ်မနှံ့ ဖြစ်စေ၏။

ထိုမျှ ဆိုးကျိုးတွေကို ဖြစ်စေသောအရက်သည် ကလေးလူကြီး မည်သည့်နည်းနှင့် မအပ်စပ်။ ရဟန်းသာမဏေများအဖို့ သာ၍ပင် မအပ်စပ်။ ရှောင်နိုင်က ချမ်းသာ၏။ မရှောင်နိုင်က ဆင်းရဲ၏။ သတိတရားလက်ကိုင်ထားလျက် ကောင်းမွန်သောဘဝကို ထူထောင်ကြပါကုန်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Thursday, October 2, 2014

စိတ်မြင့်မှ ဘဝတင့်တယ်

စိတ်မြင့်တယ်ဆိုတာ ဘဝင်မြင့်မောက်မာတာကို မဆိုလိုပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်ကိန်းနေတာကို ဆိုလိုတာပါ။ ထိုမြင့်မြတ်တဲ့စိတ်မွေးဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အဖန်တလဲလဲ လေ့ကျင့်ယူရပါတယ်။ လောဘ ဒေါသ မာန်မာန ဣဿာမစ္ဆရိယစတဲ့ စိတ်ရိုင်းတွေ ဝင်လာရင် လက်မခံဘဲ ဗြဟ္မစိုရ်စိတ်ဓာတ်လေးတွေ အစားထိုး မွေးမြူပေးရပါမယ်။ 

ဘုရားလောင်းဟာ လူဘဝ တိရိစ္ဆာန်ဘဝ နတ်ဘဝ စသည် ကျင်လည်ခဲ့ပါတယ်။ ဖြစ်ခဲ့တိုင်းသောဘဝတွေမှာ စိတ်ဓာတ်မြင့်မားနေတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုရင် မြင့်မြတ်တဲ့ပါရမီတွေ လေ့ကျင့်ဖြည့်ဆည်းခဲ့လို့ပါပဲ။ တိရိစ္ဆာန်ဘဝပင်ဖြစ်လင့်ကစား တိရိစ္ဆာန်စိတ်ဓာတ်အပြည့်မရှိပါဘူး။ လူတွေထက်တောင် စိတ်ဓာတ်မြင့်နေတာကို တွေ့ရတယ်။

ရေမြင့်ရင် ကြာတင့်ဆိုသလို စိတ်မြင့်ရင်လည်း ဘဝတင့်ပါတယ်။ ဒါကြောင့် မိမိတို့ဘဝမြင့်ဖို့ဆိုရင် ဗြဟ္မစိုရ်စိတ်ဓာတ်မြင့်အောင် မွေးမြူဖို့ လိုအပ်ပါတယ်။
(နိက္ခမဝါသီတောရဆရာတော်ရဲ့ မြင့်မြတ်တဲ့စိတ်ကို မွေးမြူပေးပါဟူသော အဆုံးအမကို အခြေခံပြီး တွေးမိတာလေး ရေးလိုက်တာပါ)

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ


Thursday, August 28, 2014

လူ့ဘဝဂုဏ်ရည်



၁။ လူ့ဘဝဆိုတာ ကုသိုလ်ဖြစ်ရာနယ်မြေ ဖြစ်တယ်။
လူ့ပြည်မှာ ကုသိုလ်ပြုပြီး နတ်ပြည် ဗြဟ္မပြည် နောက်ဆုံးနိဗ္ဗာန်ကို သွားလို့ရတယ်။

၂။ ရဟန်းတွေဖြစ်ပေါ်ရာ သိမ်တွေနှင့် ပြည့်စုံတယ်။

၃။ ဗုဒ္ဓသာသနာတော်မြတ်ထွန်းကားရာ ဌာနဖြစ်တယ်။

၎။ နိဗ္ဗာန်ဟူသော ရွှေမြို့တော်ကြီးသို့ တက်ရောက်ရာ ဆိပ်ကမ်းကြီးဖြစ်တယ်။

ဒီဂုဏ်ရည်တွေနဲ့ ပြည့်စုံလို့ လူဘဝဟာ အခြားသောဘဝတွေထက် မြတ်ပါတယ်။

မြတ်တဲ့ဘဝကို ရထားပြီး ယုတ်ညံ့တဲ့အပြုအမူတွေ ပြုမယ်ဆိုရင်တော့ လူ့ဘဝနဲ့ မထိုက်တန်ပါဘူး။ ကိုယ်နဲ့ ထိုက်တဲ့ဘဝကို ဆင်းရပါလိမ့်မယ်။

Monday, August 25, 2014

ဒန်းစီးသူနှင့် ငြမ်းဆင်သူ

မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ မိန့်တော်မူတဲ့ အဆုံးအမလေးကတော့ "လူ့ဘဝကို ဒန်းလုပ်ပြီးမစီးနဲ့ ငြမ်းလုပ်ပြီး နင်းတက်ရမယ်"တဲ့။

ဒန်းစီးတယ်ဆိုတာကတော့ ဟိုဘက်လွှဲဒီဘက်လွှဲနဲ့ ဒန်းပေါ်မှာပဲ ကျေနပ်ပျော်မွေ့နေတာပါ။
ငြမ်းဆင်တယ်ဆိုတာကတော့ အထက်ကိုတက်ဖို့ပါ။
လူအများစုဟာ ရလာတဲ့ လူ့ဘဝလေးကို ဒန်းအဖြစ်ပဲသဘောထားပြီး ပျော်နေတယ်။ သုံးဆောင်ခံစားနေတယ်။ ကောင်းမှုမပြုကြဘူး။
ကြိုးပြတ်တဲ့တစ်နေ့ အောက်ကို ဘုန်းကနဲကျမယ်ဆိုတာကို သတိမထားမိကြဘူး။
ဥာဏ်ရှိသူများကတော့ လူ့ဘဝကို ငြမ်းအဖြစ်အသုံးချပြီး ဒါနသီလဘာဝနာ ကောင်းမှုပြုကာ အထက်တက်ဖို့ ကြိုးစားကြပါတယ်။
စည်းစိမ်တွေကိုရင်းပြီး ဒါနငြမ်းဆင်ကာ တက်ဖို့ကြိုးစားတယ်။ ကိုယ်ခန္ဓာကိုရင်းပြီး သီလငြမ်းဆင်ကာ တက်ဖို့ ကြိုးစားတယ်။
စိတ်ကို အရင်းတည် ဘာဝနာငြမ်းဆင်ကာ တက်ဖို့ လုပ်တယ်။
ဒါကြောင့် သူတော်စင်များ လူ့ဘဝရခိုက်မှာ ငြမ်းဆင်ကာ တက်ဖို့ကြိုးစားပါ။
ဒန်းစီးပြီး အပျော်မလွန်ကြပါနဲ့ အရှိန်လွန် ကြိုးပြတ်ပြီး ပြုတ်ကျမှာစိုးပါတယ်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ