၁၂. ၈. ၂၀၁၄
ထိုနေ့မှာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာရှိတဲ့ ရွာလေးတစ်ရွာသို့ ရောက်ခဲ့တယ်။ အကြောင်းမှာ မိခင်ကြီးဒေါ်ပဲစိ ကံကုန်တာ တစ်လပြည့်အနေနဲ့ ကျန်ရစ်သူ တစ်ဦးတည်းသောသားမှ ရည်စူးကုသိုလ်ပြုတဲ့အတွက် တရားချီးမြင့်ရန် ကြွခဲ့ခြင်းဖြစ်ပါတယ်။
"အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဥာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။"
ခန္ဓာရလာရင် အိုနာသေနှင့် ရင်ဆိုင်ရမယ်။ ချစ်တဲ့သူနဲ့ ခွဲရမယ်။ ကိုယ်ပြုတဲ့ကံအတိုင်းပဲ ခံစားရမယ်။ ရှောင်လို့မရဘူး။ လူအများစုကတော့ ဒီသဘောတရားတွေကို အိပ်ယာထဲမထနိုင်အောင်လဲတော့မှ သို့မဟုတ် သေခါနီးကြမှာ ဆင်ခြင်ဖို့ သတိရတယ်။ ကျန်တဲ့အချိန်မှာ မအိုမနာမသေတော့မယ့်သူတွေလိုပဲ အစွဲအလမ်းတွေများ၊ မာနတွေပွား၊ ရှာထားတာလေးတွေ ကုတ်ကတ်စားပြီး သတိအမှောင်ဖုံး အပူလုံးတွေ ကြွကြတယ်။
ဒါကြောင့်ဘုရားရှင်က ဒီသဘောတရားငါးပါးကို နေ့ညမပြတ်ဆင်ခြင်ပြီး ကုသိုလ်တရား များများဆည်းပူးကာ လက်ရှိဘဝမှာ အကောင်းဆုံးဖြစ်အောင်နေထိုင်ဖို့ အဖန်တလဲလဲဆုံးမတော်မူခဲ့ပါတယ်။ ဘဝရဲ့ အကာတွေလောက်နဲ့ မတင်းတိမ်ပါနဲ့တဲ့။ အနှစ်ကို ရအောင်ယူပါ။ ကုသိုလ်မှလွဲ၍ အခြားသော ဘဝအနှစ်ဆိုတာမရှိပါ။ အားလုံးပဲ အကာကိုဖယ်ပြီး အနှစ်ကို
ထုတ်ယူနိုင်ကြပါစေ။
ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
No comments:
Post a Comment