Friday, June 13, 2014

ဆင်းရဲမှာကြောက်ရင် ဆင်းရဲကြောင်းအလုပ်ကို မလုပ်နဲ့


       မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် လူငယ်လေးတွေဟာ ဇေတ၀န်   ကျောင်းနှင့် သာဝတ္ထိမြို့ကြားရှိ မြစ်ထဲမှာ ငါးမြှားနေကြပါတယ်။ ဘုရားရှင် ဆွမ်းခံကြွတဲ့အခါ ငါးဖမ်းနေတဲ့ သူငယ်လေးတွေကို မြင်တော်မူတယ်။ ဒါနဲ့ အနားသွားပြီး မေးပါတယ်။
        "သူငယ်တို့ ဆင်းရဲမှာကို ကြောက်ကြသလား?"
        "မှန်ပါဘုရား၊ တပည့်တော်တို့ ဆင်းရဲကို မနှစ်သက်ပါဘူး။ ကြောက်ကြပါတယ်ဘုရား"        "အေး သင်တို့ ဆင်းရဲမှာကို ကြောက်လျှင် မျက်မှောက်ရော မျက်ကွယ်ရော မကောင်းမူကို မပြုကြနဲ့။ သင်တို့ ယုတ်မာတဲ့ မကောင်းမှုကံတွေကို ခုလည်းပြုမယ်၊ နောင်လည်းပြုမယ်ဆိုရင် သင်တို့ ဘယ်ကိုပဲ ထွက်ပြေးစေကာမူ ဆင်းရဲကနေ မလွတ်နိုင်ဘူး" ဟုမိန့်တော်မူလိုက်ပါတယ်။
        အရမ်းမှန်ကန်တဲ့ မိန့်ကြားတော်မူခြင်းပါပဲ။ လူတွေဟာ ဆင်းရဲမှာကိုလည်းကြောက်ကြတယ်။ သို့ပေမယ့် ဆင်းရဲကြောင်းတရားတွေကိုလည်း ဖန်တီးနေကြတယ်။ ပိုးဖလံမျိုး မီးကိုတိုးသလို ဆင်းရဲ   ကြောင်းတရားတွေဆိုတာ သိရဲ့သားနဲ့ ဖန်တီးနေကြတာဟာ တော်တော်မိုက်တဲ့သူတွေလို့ပဲ ဆိုရမယ်။ သတိမေ့လျော့ပြီး မောဟဖုံးလွမ်းနေလို့ မကောင်းမှုတွေကို ဖန်တီးနေကြတာပါပဲ။
        ဒါကြောင့် ဆင်းရဲကြောင်းတရားပဲလို့ သိတဲ့အချိန်ကစပြီးတော့ သတိထား ဆင်းရဲကြောင်းတရားတွေ ကို ရပ်တန်းကရပ်ကြရမယ်။
        ချမ်းသာကြောင်းတရားတွေကို တိုးပွားသထက်တိုးပွားအောင် အားထုတ်နိုင်ရမယ်။ အကုသိုလ်ဟာ ဆင်းရဲကြောင်းတရားပါပဲ။ ချမ်းချမ်းသာသာနေချင်ရင်တော့ ချမ်းသာကြောင်း ကုသိုလ်တရားတွေကို ပြုရမှာ ပါ။ ဒီထက်တိုးပြီး အချမ်းသာဆုံးနိဗ္ဗာန်ကို လိုချင်ရင်တော့ အချမ်းသာဆုံးဖြစ်ကြောင်း မဂ္ဂင်လမ်းစဉ်ကို ကျင့်သုံးရမှာပေါ့။

No comments:

Post a Comment