Sunday, June 22, 2014

သူယုတ်ဦးဆောင်က ပျက်ဆီးရ၊ သူကောင်းဦးဆောင်မှ ချမ်းသာရ

       ခေါင်းဆောင်ကောင်းဆိုတာ အမျော်အမြင်ရှိရတယ်။ အများအတွက်အကျိုးရှိမယ့်အလုပ်ကိုပဲ ချင့်ချိန် ဆုံးဖြတ်တယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်ထောက်ရှု ဤခြောက်ခုနှင့်အညီ ပြည့်စုံရပါတယ်။ 

       အမြော်အမြင်နည်းပါး၊ အတ္တသမားများဖြစ်ပြီး ဂဏန်းလို လူတကာရှေ့အမြဲလက်မထောင်သူ၊ ပုတ်သင်လို ပြောသမျှ ခိုင်းသမျှ ခေါင်းညိမ့်တတ်သူ၊ ကိုင်းပင်လို အားသာရာ ယိမ်းတတ်သူ၊ ကျွဲသိုးလို ကမူးရှုးထိုး အာဏာနဲ့ ဆိုးမိုက် ပြီး နှိပ်စက် တတ်သူ၊ လိပ်လို ကိုယ့်ဘက်ကို ယက်သူ၊ ခွေးအလို ဇာတ်တူသားကိုတောင် ပြန်စားတတ်တဲ့ သူမျိုးကတော့ ဘယ်လို မှ ခေါင်းဆောင်ကောင်းမဖြစ်ပါဘူး။ သူယုတ်ပါပဲ။
       ဒီနှစ်မျိုးထဲမှာ သူကောင်းကို ခေါင်းဆောင်တင်မှ လူအများ ချမ်းသာကြီးပွားနိုင်တယ်။ သူယုတ်ကို ခေါင်းဆောင်မြောက် လိုက်လို့ကတော့ နောက်လိုက်အားလုံး မျိုးတုံးပြီး ပျက်စီးဖို့ပဲ ရှိပါတော့တယ်။

       ဘုရားရှင်ကိုယ်တော်မြတ် အလောင်းတော်ဘ၀ဖြစ်စဉ်မှာပင် မိမိရဲ့ နောက်လိုက်တွေ အကျိုးရှိစေဖို့ အမြော်အမြင်ကြီး စွာနဲ့ စဉ်းစားဆုံးဖြတ်ခဲ့တဲ့အတွက် သူ့အပေါင်းအပါအားလုံး ကောင်းကျိုးခံစားခဲ့ရတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။

       ဘုရားရှင်ကိုယ်တော်မြတ် အလောင်းတော်ဘ၀ဖြစ်စဉ် တစ်ခုသောဘ၀မှာ အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် ကုန်သည် မျိုးမှာ ဖြစ်ခဲ့ပါတယ်။ သူဟာ အရမ်းကို အမြော်အမြင် ပညာနဲ့ပြည့်စုံလှပါတယ်။ ထိုအတူပဲ ဘုရားလောင်းနဲ့ စီးပွားပြိုင် ဘက် ကုန်သည်တစ်ဦးလည်း ထိုမြို့မှာပင် ရှိနေပါတယ်။

       တစ်နေ့မှာတော့ ကုန်သည်နှစ်ဦးဟာ နောက်ပါ လှည်းငါးရာစီနဲ့အတူ ကန္တာရတစ်ခုကို ဖြတ်ပြီး တစ်ခြားမြို့ တစ်မြို့သို့ ကုန်ရောင်းထွက်ဖို့ တိုက်ဆိုင်နေတယ်။ အဲဒီအခါမှာ ကုန်သည်ခေါင်းဆောင်နှစ်ဦး ခရီးအတူမသွားရန် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရက်ခြားပြီးခရီးထွက်ဖို့ တိုင်ပင်ပါတယ်။

       လူမိုက်ကုန်သည်ဟာ "ငါရှေ့ကအရင်သွားရင် အကျိုးအများကြီးရှိတယ်။ ကောင်းမွန်တဲ့လမ်းကြောင်း ဖြစ်လိမ့်မယ်။ ငါ့နွားတွေလဲ ကောင်းတဲ့မြတ်တွေ စားရမယ်။ ငါ့လူတွေလဲ စိတ်ကြိုက် ဟင်းခတ်လျာတွေ ရလိမ့်မယ်။ ရေကိုလည်း အတားအဆီးမရှိ သောက်သုံးရလိမ့်မယ်။ အရင်သွားတဲ့အတွက် ကုန်ဈေးနှုန်းကိုလည်း စိတ်ကြိုက် တင်လို့ရတယ်။" ဟု စဉ်းစားပြီး ရှေ့က သွားမယ်ဟု ပြောလိုက်ပါတယ်။

       ဘုရားလောင်း ပညာရှိကုန်သည်ကတော့ "နောက်မှ သွားရင်တော့ ကောင်းကျိုးတွေ အများကြီးရှိတယ်။ သူတို့ ရှေ့က သွားရင် ကြမ်းတမ်းတဲ့ လမ်းတွေကို ညှိပြီးသား ဖြစ်မယ်။ ငါကတော့ နောက်မှ ချောမွတ်တဲ့ လမ်းကို အဆင်သင့် သွားရ လိမ့်မယ်။ သူတို့နွားတွေကတော့ ကြာနေတဲ့ မြတ်ကြမ်းတွေကို စားရလိမ့်မယ်။ တို့နွားတွေကတော့ သူတို့ စားပြီးလို့ ပြန်ထွက်လာတဲ့ မြတ်နုတွေကို စားရလိမ့်မယ်။ ငါ့လူတွေကတော့ သူတို့ ဟင်းရွက် အရင့်တွေခူးပြီးဖြစ် တာကြောင့် ပြန်ထွက်လာတဲ့ ဟင်းရွက်အနုတွေကို ခူးကာ ကောင်းမွန်ပြီး အရသာ ရှိတဲ့ ဟင်းတွေကို ချက်စားရလိမ့်မယ်။ တို့လှည်းနွားတွေနဲ့ လူတွေဟာ ရှေ့က လူတွေ ကန္တာရထဲမှာ တူးပြီးသား ရေတွင်းတွေကို အဆင်သင့် သောက်သုံးရလိမ့် မယ်။ ရှေ့က ကုန်သည်တွေက ဈေးနှုန်းကို အရင်သတ်မှတ်ထားတဲ့အတွက် သူတို့ဈေးနှုန်းအတိုင်း ဈေးဆစ်ခြင်းမခံရပဲ သတ်မှတ်လို့ရတယ်"ဟု စဉ်းစားပြီး ၀မ်းမြောက်စွာပဲ နောက်မှ သွားရန် သဘောတူလိုက်ပါတယ်။

       ထိုကန္တာရထဲမှာ ဘီလူးများကျက်စားကြတယ်။ ပညာနည်းတဲ့ ကုန်သည်နှင့် လှည်းငါးရာတို့ ကန္တာရထဲရောက်တဲ့အခါ လမ်းတွင် တစ်ဖက်ဒေသမှ ပြန်လာဟန်ဖြင့် ကုန်သည်များအယောင်ဆောင်ထားတဲ့ ဘီလူးများနဲ့ တွေ့ပါတော့တယ်။ အယောင်ဆောင် ကုန်သည်တွေလက်ထဲမှာ ကြာပန်းများကိုင်ထားဟန်၊ အကျီတွေ ရေစိုနေဟန် လုပ်ထားတယ်။ သူတို့ကို တွေ့တဲ့အခါ ပညာမဲ့ကုန်သည်က ဘီးလူးမှန်းမသိဘဲ နုတ်ဆက်မေးမြန်းပြီး ခရီးအခြေအနေကို စုံစမ်းလိုက်တယ်။ အဲဒီအခါ ဘီလူးများက ခရီးက သာယာကြောင်း ရှေ့မှာ ရေကန်တွေ၊ ကြာပန်းတွေရှိကြောင်း၊ မိုးလည်း ခဏခဏရွာကြောင်း၊ သင်တို့မှာပါတဲ့ ရေတွေ အလေးခံပြီး မသယ်ဖို့ သက်သက်သာသာ သွားကြဖို့ပြောတယ်။
ပညာမဲ့ကုန်သည်သည်လည်း အဟုတ်ထင်ပြီး ရေတွေအကုန် သွန်ကာ ခရီးဆက်ကြတယ်။ ဒါပေမယ့် ရှေ့အနည်း ငယ်ရောက်တဲ့အခါ ဘီလူးများပြောသလိုမတွေ့ရပဲ ခြောက်ကပ်နေတဲ့ သဲကန္တာရထဲမှာ ရေငတ်ပြီး အင်အားဆုတ် ယုတ်နေကြပါတော့တယ်။ ညရောက်လို့ ပင်ပင်ပန်းပန်းနဲ့ နားနေကြတုန်း ဘီးလူးအဖွဲ့များလာရောက်ပြီး အသာလေး လူတွေရော နွားတွေရော စားလိုက်ကြပါတယ်။ ကုန်သည်များမှာ အားအင်ကုန်ခမ်းနေတဲ့အတွက် ဘာမှ မခုခံနိုင်ကြဘူး။

       ၁၅ ရက်အကြာတွင် ဘုရားလောင်းကုန်သည်တို့လည်း ခရီးထွက်လာကြတယ်။ ထို့အတူ ကန္တာရအလယ်ရောက်တဲ့ အခါ ကုန်သည်အယောင်ဆောင်ဘီလူးများနဲ့ အလားတူတွေ့ပါတယ်။ ဘီးလူးများက ရှေ့ကလိုပဲ ပြောပြတဲ့အခါ ဘုရားလောင်းတပည့်များက အဟုတ်ထင်ပြီး ရေတွေကို ထားခဲ့ဖို့ ဘုရားလောင်းကို ပြောတဲ့အခါ ဘုရားလောင်းက "အမောင်တို့ မယုံကြနဲ့ ကန္တာရထဲမှာ ရေကန်တွေ ကြာတွေရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူး။ မိုးရွာမယ်ဆိုရင် တစ်ယူဇနာလောက်အကွာအဝေးကတည်းက မိုးလေသယ်ဆောင်လာတယ်။ လျှပ်စီးဟာ ငါးယူဇနာလောက်အကွာဝေးမှ လက်တယ်။ မိုးချုန်းသံသည် သုံးယူဇနာမှ ကြားရတယ်။ အခု မိုးလေမတွေ့ရ၊ လျှပ်စီးမလက်၊ မိုးချုန်းသံမကြားရ။ အမောင်တို့... သူတို့ ဟာ လူတွေမဟုတ် ဘီလူးတွေပဲ။ ဘီလူးမှာ လူရိပ်မရှိ၊ ဖနောင့်တိုတယ်"ဟု ပြောပြီး ရေတွေကို သယ်ခဲ့ဖို့၊ အစစအရာရာ ဂရုစိုက်ဖို့နဲ့ လမ်းမှာ ကိုယ်မစားဖူးတဲ့ အသီးအရွက်တွေကို သူမသိပဲနဲ့ မစားကြဖို့ ပြော ဆုံးမတယ်။

       ရှေ့နားရောက်တဲ့အခါ လူမရှိတဲ့ လှည်းတွေနှင့် အရိုးပုံတွေကို တွေ့ကြရတဲ့အခါ ဘုရားလောင်းက ကင်းစောင့်တွေကို အလှည့်ကျ ဂရုစိုက်ဖို့ နိုးနိုးကြားကြားနေဖို့ သတိပေးလိုက်ပါတယ်။ ဘီလူးတွေဟာ ကုန်သည်များ သူတို့ဂွင်ထဲ မ၀င်လာ တဲ့အခါ အခြေအနေမဟန်မှန်းသိပြီး ပြန်လှည့်သွားကြလေတော့တယ်။ မိုးလင်းသောအခါ အရင်ကုန်သည်ရဲ့လှည်းများ မှ ကောင်းတာတွေကို သယ်ယူကြပြီး တစ်ဖက်ဒေသကို ရောက်တဲ့အခါ စိတ်ကြိုက် ဈေးတင်ပြီးရောင်းကာ အမြတ်များ စွာဖြင့် ပြန်လာကြလေတော့တယ်။ ဘုရားလောင်း ပညာရှိကြောင့် နောက်လိုက်များလည်း ချမ်းချမ်းသာသာဖြင့် အိမ်ပြန်ရောက်ကြလေတော့သည်။

       ဒီဇာတ်တော်မှာ သူတော်ကောင်းကို ခေါင်းဆောင်တင်လိုက်တဲ့ အတွက် နောက်ပါအများ ချမ်းသာကြီးပွားသွားကြပါ တယ်။ သူယုတ်ကို ခေါင်းဆောင်တင်မိသူများကတော့ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပါတော့တယ်။ ဒါကို သင်ခန်းစာယူပြီး မိမိတို့လည်း ခေါင်းဆောင်ရွေးချယ်တဲ့အခါမှာ သူယုတ်ကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။

No comments:

Post a Comment