လူတွေမှာ မှန်ကန်သောအယူအဆဖြစ်ပေါ်ဖို့အတွက် အခြေခံအကြောင်းနှစ်ပါး ရှိပါတယ်။ ဘာတွေ လဲဆိုရင်
၁။ ပရတောဃောသ = သူတစ်ပါးတို့ ဟောကြားအပ်သော တရားသံ၊
၂။ ယောနိသောမနသိကာရ = အတွင်းအဇ္ဈတ္တတွင် သင့်သောအားဖြင့် နှလုံးသွင်းခြင်း တို့ဖြစ်ပါတယ်။
အယူမှန်ဖို့အတွက် ရှေးဦးစွာ မှန်ကန်သောတရားသံကို ကြားနာရဖို့လိုပါတယ်။ အမှန်တရားကို မကြားရဘဲနဲ့ အယူမှန်ဖို့ မဖြစ်နိုင်ပါဘူး။ သူတစ်ပါးတို့ဟောကြားအပ်သော တရားသံဆိုတဲ့နေရာမှာ
ယခုခေတ်အရ သူတစ်ပါးတို့ ရေးသားအပ်သော တရားစာတွေလဲ ပါဝင်ပါတယ်။ အထူးသဖြင့် သစ္စာနှင့် စပ်သောတရားသံ၊ အကြောင်းအကျိုးနှင့်တကွဖြစ်သော တရားသံ ဖြစ်ဖို့လိုပါတယ်။ ဆင်းရဲအမှန်တရား၊ ဆင်းရဲခြင်းအကြောင်းတရား၊ ဆင်းရဲချုပ်ခြင်းအမှန်တရား၊ ဆင်းရဲချုပ်ကြောင်းတရား၊ အရာရာဟာ သူ့အကြောင်းနှင့်သူ့အကျိုး ဖြစ်ပေါ်နေတာ။ ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်တယ်။ ဆိုးတာလုပ်ရင် ဆိုးကျိုးဖြစ်တယ်။ ဒါဟာ သစ္စာနှင့်စပ်သောတရားသံပါပဲ။ အဲဒီလို သူများဟောတဲ့တရားသံကို နာပြီးသိ တာကို သုတမယပညာလို့ ဆိုပါတယ်။ ဒါကြောင့် အယူမှန်ဖို့အတွက် သုတမယပညာဖြစ်တဲ့ သူများဟော ကြား မှန်သောတရားသံကို ကြားနာရဖို့ဟာ အရေးကြီးပါတယ်။
မှားယွင်းတဲ့တရားသံ၊ လောကသဘာဝနှင့်ဆန့်ကျင်တဲ့တရားသံ၊ အကြောင်းအကျိုးကို ပယ်တဲ့တရား သံတွေ နာကြားမိရင်တော့ အယူမှားဖို့ပဲ ဖြစ်ပါတော့တယ်။
မှန်ကန်တဲ့တရားသံနာကြားပြီးပြီဆိုရင် အယူမှန်ဖြစ်ဖို့ ထပ်ဆင့်ဘာလုပ်ရမလဲဆိုတော့ ထိုတရားရဲ့ သဘောသဘာဝကို ကျကျနနသုံးသပ်ဆင်ခြင်ဖို့လိုပါတယ်။ အခြားပြင်ပအာရုံတွေကို နှလုံးမသွင်းဘဲ ကိုယ် နာကြားထားတဲ့တရားဟာ လက်ရှိဖြစ်ပျက်နေတာနဲ့ ကိုက်ညီပါလားဆိုပြီး ကိုယ်ပိုင်ဥာဏ်နှင့် သင့်သော အားဖြင့် ဆင်ခြင်တာကို ယောနိသောမနသိကာရလို့ခေါ်ပါတယ်။ တရားကပြောတာ ဘ၀ဟာ ဆင်းရဲတဲ့ သဘောရှိတယ်။ သူပြောသလို စဉ်းစားကြည့်တော့ ဟုတ်တယ်။ လူတွေဟာ နေ့စဉ်နဲ့အမျှ မွေး၊ အို၊ နာ၊ သေ၊ ရှာဖွေစားသောက်လုပ်ကိုင်နေကြရတာ ဆင်းရဲတာမှန်တာပဲ။ ဘာလို့ဆင်းရဲတာလဲမေးရင် တဏှာဆိုတဲ့ လိုချင်မှုကြောင့် ဆင်းရဲတာ။ တဏှာရဲ့ ခိုင်းစေမှုကြောင့် ဆင်းရဲတာ။ ဆင်းရဲတာရှိရင် မဆင်းရဲတာလည်းရှိမှာပေါ့။ မဆင်းရဲကြောင်း အကျင့်လည်းရှိမှာပေါ့။ ဒီလို တရားသဘောကို အမှန်တိုင်း ဆင်ခြင်သုံးသပ်တာကို ယောနိသောမနသိကာရလို့ခေါ်တာပဲ။ အဲလို ကိုယ်ပိုင်ဥာဏ်နှင့် တရားသံကို သုံးသပ်ဆင်ခြင်ပြီးသိတာကို စိန္တာမယပညာလို့လည်း ခေါ်ပါတယ်။
ဒီနှစ်မျိုးလုံးနှင့်ပြည့်စုံမှ မှန်ကန်တဲ့အယူဆကို ရရှိမှာဖြစ်ပါတယ်။ သစ္စာတရားသံကို ကြားနာခွင့်မရ ဘူး၊ ကြားနာဖတ်ရှုခွင့်ရှိသားနဲ့ မနာကြားဘူး၊ မဖတ်မလေ့လာဘူးဆိုရင် သုတမယပညာဆုံးရှုံးတော့တာပဲ။ ဒီတော့ အမှားတရားတွေပဲ ထိတွေ့မိပြီး အယူမှားဖို့ အကြောင်းဖန်လာတော့တာပါပဲ။
တရားမှန်ကို ကြားရသော်လည်း ကိုယ်ပိုင်ဥာဏ်နဲ့ တရားသဘောကို နားလည်အောင် ပြန်မသုံးသပ် ဘဲ မဆီမဆိုင် တရားနှင့်တရားဟောပုဂ္ဂိုလ်ကို အပြစ်ရှာပုတ်ခက်နေမယ်ဆိုရင်လည်း အယူမှန်ဖို့ မဖြစ်နိုင် ပါဘူး။
ဒါကြောင့် စာဖတ်သူများ ဘုရားသာသနာနဲ့ကြုံနေရပြီး သစ္စာတရားနာကြားခွင့်ရှိနေတုန်းမှာ သေချာ ကျနစွာနာကြား ကိုယ်ပိုင်ဥာဏ်နှင့် သင့်တင့်စွာ စဉ်းစား အယူမှားတွေကင်းစင် အယူမှန်တွေ ၀င်လာနိုင် ပါစေဟု ဆန္ဒပြုလိုက်ပါတယ်။
No comments:
Post a Comment