Friday, February 21, 2014

သားသမီးတိုရဲ့ ဘ၀ပဲ့ကိုင်ရှင်



Religion will help children along the correct path
        ဘာသာတရားဆိုတာ ကလေးတွေကို မှန်ကန်တဲ့ဘ၀လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ဖို့ အပြည့်အ၀ ကူညီပေးပါတယ်။ ဘာသာတရားဆိုတာ ချုပ်ခြယ်တဲ့ အရာမဟုတ်ပါဘူး။ လူတွေရဲ့ ကိုယ် ကျင့်တရား၊ အိနြေ္ဒသိက္ခာ၊ ကောင်းမွန်မှန်ကန်တဲ့ ဘ၀လူနေမူဖြစ်အောင် ထိန်းကြောင်းပေးတဲ့အရာပါ။ ဘာသာတရားဆိုတဲ့ အထိန်းအကွပ်မရှိရင် ဘ၀ဟာ ဖြစ်ချင်တိုင်းဖြစ်နေပြီး လမ်းလွဲတွေနောက် ကို လျှောက်လိုက်နေတာပါပဲ။ ဒါကြောင့် မိဘတွေဟာ ကိုယ့်သားသမီးတွေကို ကလေးအရွယ်ကတည်းက ဘာသာတရားရဲ့ လမ်းညွန်မူအတိုင်း နေထိုင်ကျင့်သုံးတတ်အောင် သင်ပေးရပါမယ်။ 
       တစ်နေ့မှာ အရှင် အာနန္ဒက သူ့အမြင်ကို ဘုရားရှင်အား လျှောက်တယ်။ အရှင်ဘုရား တပည့်တော် တို့ရဲ့ ဘ၀သတ်တမ်း တစ်ဝက်ဟာ မိတ်ကောင်းဆွေကောင်းပေါ်မှာ မူတည်နေပါတယ်ဘုရား။ အာနန္ဒာ အဲလို မပြောနဲ့။ တကယ်တော့ လူတွေရဲ့ ဘ၀တစ်ခုလုံးဟာ မိတ်ကောင်းဆွေကောင်းပေါ်မှာ မူတည်တယ် အာနန္ဒာလို့ မိန့်တော်မူပါတယ်။ ဘ၀မှာ နေတတ်အောင် သင်ပေးတဲ့ မိဘ၊ ဆရာသမားတွေဟာ မိတ်   ကောင်းဆွေကောင်းတွေပါပဲ။ ကလေးတွေရဲ့ ဘ၀ကောင်းဖို့ မိဘ၊ ဆရာသမားတွေမှာ ရာနှုန်းပြည့် မူတည်နေ ပါတယ်။ မိဘတွေဟာ ကိုယ့်ရဲ့ သားသမီးတွေကို ကျွေးမွေးရုံသက်သက်နဲ့ မလုံလောက်ပါဘူး။ တင့်တောင့် တင့်တယ်ထားနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်ကျင့်ကောင်းဖို့လည်း သင်ပေးရပါမယ်။ ဗုဒ္ဓနည်းလမ်းကျ ဘယ်လိုသင်ပေးရမလဲ ဆိုတာ သိထားဖို့လိုပါတယ်။ ဘုရားဟောထားတဲ့ သိင်္ဂါလော ၀ါဒသုတ်၊ မင်္ဂလ သုတ်၊ ပရာဘ၀သုတ်၊ ၀သလသုတ်တို့ဆိုတာဟာ လူရယ်လို့ဖြစ်လာရင် လူပီသအောင် ဘယ်လိုနေ ထိုင်ကျင့်သုံးမလဲဆိုတာကို ဖော်ပြထားတဲ့သုတ်တွေပါ။ ဒါတွေကို မိဘတွေအနေနဲ့ မဖြစ်မနေ သိအောင် လုပ်ထားရပါမယ်။ ကိုယ့်သားသမီးတွေကို စနစ်တကျ သွန်သင် ညွန်ပြရပါမယ်။ ကိုယ်ကိုယ် တိုင်က နကန်းတစ်လုံးမှ မသိရင် ကိုယ့်သားသမီးတွေကို ဘာမှ မညွန်ပြနိုင်ပါဘူး။ အရွယ်ရောက်လို့ ကလေးတွေ ဘ၀ပျက်မှ ဒူးနဲ့ မျက်ရည်သုတ်နေကြရတယ်။ ခုခေတ်မှာ မိဘသွန်သင်မူညံ့ဖျင်းခဲ့တဲ့ ကလေး အများစုဟာ ဘာသာတရားကို အလေးမထားပါဘူး။ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သူတွေများပါတယ်။ မော်ဒယ်တစ်ယောက်ပြောတာ ဘာသာတရားရဲ့ ကန့်သတ်ချုပ်ခြယ်မူတွေနဲ့ သူ့ရဲ့ အောင်မြင်မူကို မနှောက်ယှက်ပါနဲ့တဲ့။

Buddhist families should live in the light of the Buddha
        ဗုဒ္ဓဘာသာဝင်မိသားစုတိုင်းဟာ ဘုရားရှင်ရဲ့ အလင်းရောင်အောင်အောက်မှာပဲ ကောင်းမွန် စွာ နေထိုင်သင့်ပါတယ်။ ဘုရားဟောအတိုင်း နေထိုင်ရင် ဘုရားရဲ့ အလင်းရောင်အောက်မှာ နေ ထိုင်နေတာပါ။ မိဘတွေဟာ ကိုယ့်သားသမီးကို ဘုရားကျောင်းကန်နဲ့ဝေးအောင် မလုပ်သင့်ပါဘူး။ လူကြီး သူမတွေကို ဘယ်လိုရိုသေရမယ်။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ရဟန်းသံဃာကို ဘယ်လို လေးစား ရမယ်။ စိတ်ကောင်းလေးတွေ ဘယ်လိုထားမလဲ။ ဒါကတော့ ကိုယ့်အတွက်ရော သူများအတွက်ပါ မကောင်းဘူး။ မလုပ်နဲ့။ ဒါကတော့ ကိုယ့်အတွက်ရော သူများအတွက်ပါ ကောင်းတယ်။ အဲဒါကို လုပ်ပါ။ စသည်ဖြင့် သွန်သင်ဆုံးမရပါမယ်။ အချို့က ကိုယ့်သားသမီးတွေကို ဘယ်လိုဆုံးမလဲဆိုရင် ဥပမာ ကိုယ့် ကလေး ရန်ဖြစ်လို့ ခံလာရတယ်ဆိုပါတော့။ အမေက ပြောတယ် "နင့်မှာ ခြေလက်မပါဘူး လား ပြန်လုပ်ပါ လား။ ကြောက်နေတာလား" စသည်ဖြင့် သင်ပေးပါတယ်။ ဒါကတော့ လွဲမှားတဲ့ သင်ပေးမူပါပဲ။

Marriages should be conducted in a religious atmosphere
        အိမ်ထောင်ရေးကို ဘာသာရေး အကျင့်စရိုက်တူညီစွာ စီမံဆောင်ရွက်သင့်ပါတယ်။ ဓလေ့ထုံးစံ စရိုက်ကွဲပြားနေတဲ့ အိမ်ထောင်ရေးဟာ ရေရှည်မှာ သာယာဖို့ခဲရင်းပါတယ်။ ကိုယ့်သားသမီးမွေး လာတဲ့အခါမှာလည်း စရိုက်ကွဲပြားနေတဲ့အတွက် ဘယ်စရိုက်ကို ညွန်ပြရမလဲ။ ဒါတွေခတ်လာပါတယ်။ ဖခင်ကလည်း သူ့ဓလေ့စရိုက်ကို သွင်းချင်တယ်။ မိခင်ကလည်း ကိုယ့်ဓလေ့စရိုက်ကို သွင်းချင်တယ်။ ဒါကြောင့် ဘုရားက အိမ်ထောင်ရေး ဒီဘ၀မှာလည်း သာယာဖို့ နောင်ဘ၀တွေမှာလည်း သာယာဖို့ဆိုရင် ယုံကြည်မူတူရမယ်။ ကိုယ်ကျင့်တရားတူရမယ်။ ဗဟုသုတတူရမယ်။ စွန့်ကြဲလူဒါန်းတဲ့အခါမှာလည်း စိတ်တူကိုယ်တူဖြစ်ရမယ်။ ပညာလည်း တူရမယ်လို့ ဟောပါတယ်။ ဒါတွေကွဲနေရင်တော့ သာယာတဲ့ဘ၀ တစ်ခုဖြစ်ဖို့ မလွယ်ပါဘူး။
        ဒါကြောင့် ဘာသာတရားဟာ ချုပ်ခြယ်တာမဟုတ်ပါဘူး။ ဘ၀ကောင်းဖို့အတွက် လမ်းညွန်တာပါ။ လူသားတိုင်း ဗုဒ္ဓရဲ့ လမ်းညွန်မူနဲ့အညီ နေရင် သာယာပြီး တန်ဖိုးရှိတဲ့ ဘ၀၊ ကျေနပ်စရာကောင်းတဲ့ ဘ၀ ဖြစ်လာမှာပါပဲ။ အမျိုးဘာသာသနာကို ကိုယ့်မိသားစုအတွင်းမှာကတည်းက ခုလို စောင့်ထိန်းရမှာပါ။ မစောင့်ထိန်းခဲ့ကြလို့ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ အားလုံး သတိနဲ့ ဆင်ခြင်နိုင်ကြပါစေ။

No comments:

Post a Comment