Saturday, February 1, 2014

တရားနှင့် မထိုက်တန်သူ


       မြတ်စွာဘုရားရှင် မလ္လတိုင်း အနုပိယနိဂုံးမှာ သီတင်းသုံးတော်မူစဉ် တစ်နေ့မှာ ဘုရားရှင်ဟာ ဆွမ်းခံကြွဖို့ ပြင်ဆင်ပါတယ်။ သို့ပေမယ့် အချိန်စောသေးတဲ့အတွက် လမ်းမှာ ဘဂ္ဂ၀ပရဗိုဇ်ထံခဏ၀င်တော်မူပါတယ်။ ဘဂ္ဂ၀ပရဗိုဇ်ဆိုတာ ဘာသာခြား တစ်ယောက်ပါပဲ။ သို့ပေမယ့် အပြန်အလှန်လေးစားတဲ့အနေနဲ့ ခုလို အချိန်ရတိုင်း နှုတ်ဆက်ကြပြီး တရားရေး ဆွေးနွေးလေ့ ရှိပါတယ်။ ဘဂ္ဂ၀ကလည်း ခရီးဦးကြိုဆို နေရာထိုင်ခင်းပေးပြီး ဘုရားကို အောက်ပါတိုင်း လျှောက်ပါတယ်။
       မြတ်စွာဘုရား၊ သုနက္ခတ္တမင်းသားဟာ ကျွန်ပ်ဆီရောက်လာပြီး “ဘဂ္ဂ၀၊ ငါဟာ ဘုရားရှင်တပည့်မဟုတ်တော့ဘူး။ ဘုရား ကိုလည်း ဆရာလို့ မသတ်မှတ်တော့ဘူး။” ဟုလာပြောပါတယ်။ အဲဒါမှန်ပါသလား။
       မှန်ပါတယ် ဘဂ္ဂ၀။ အရင်နေ့တွေက သုနက္ခတ္တဟာ ငါ့ဆီရောက်လာပြီး ထိုသို့ ပြောခဲ့ပါတယ်။ ဘဂ္ဂ၀၊ အဲဒီအခါမှာ ငါဘုရားဟာ သုနက္ခတ္တကို ထိုသို့ ဆိုခဲ့ပါတယ်။
       “သုနက္ခတ္တ၊ သင်လာလော့ ငါ့ကို ဆရာလို့ သတ်မှတ်လော့ဟု ပြောခဲ့ဖူးသလား? မပြောခဲ့ပါ။ သင်ကရော မြတ်စွာဘုရားကို ဆရာအဖြစ်ရည်ညွန်းပါ၏ ဆိုပြီး ပြောခဲ့ဖူးလား။? မပြောခဲ့ပါ။ အေး မဂ်ဖိုလ်မမှီး အချည်းနှီးသော ယောင်္ကျား၊ ဒါဆိုရင် ကိုယ့်အပြစ်ကို ကိုယ်ဆင်ခြင်လော့။”
       ထိုအခါ သုနက္ခတ္တက ဆက်ပြီး “မြတ်စွာဘုရားဟာ အကျွန်ပ်ကို လူတို့ရဲ့ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက်လွန်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ။ လူသားတို့ရဲ့ အစကိုလည်း ဟောတော်မမူပါ” ဟု ပြောပါတယ်။
       “သုနက္ခတ၊ ငါ ထိုသို့ပြမယ်။ ဆရာဟု သတ်မှတ်ပါဟု ပြောခဲ့လား? မပြောခဲ့ပါ။ သင်ကရော ငါထိုသို့ပြမယ်ဆိုရင် ဆရာ အဖြစ်ရည်ညွန်းပါမယ်လို့ ပြောခဲ့သလား? မပြောခဲ့ပါ။ ဟဲ အချည်းအနီးသော ယောင်္ကျား၊ ဒါဆိုရင် ကိုယ့်အပြစ်ကို ရှုလော့။”
မဂ်ဖိုမှ အချည်းအနှီးဖြစ်သော ယောင်္ကျား၊ ငါကလည်း သင့်ကို ငါ့အား ဆရာလို့ သတ်မှတ်ပါဟု မပြောဆိုခဲ့၊ သင်ကလည်း ငါ့ကို ဆရာလို့ ရည်ညွန်းပါတယ်ဆိုပြီး မပြောဆိုခဲ့။ ဒါနဲ့များ သင်က ဘယ်သူဖြစ်ပြီး ဘယ်သူ့ကို စွန့်လွတ်တယ်လို့ ပြောတာလဲ။
       သုနက္ခတ္တ၊ ကုသိုလ်ကမ္မပထတရားထက်လွန်သော တန်ခိုးပြာဋိဟာနှင့် လူသားတို့ရဲ့ အစကို ပြသည်ဖြစ်၊ မပြသည်ဖြစ်စေ ၊ မြတ်စွာဘုရား ဟောအပ်တဲ့ တရားဟာ ထိုတရားတိုင်း ကျင့်သူကို ဆင်းရဲ ကုန်စေခြင်းအကျိုးငှါ ဖြစ်တယ်မဟုတ်လား? မှန်ပါ ဘုရား၊ ဟုတ်ပါတယ်။
       သုနက္ခတ္တ၊ သင်ဟာ အရင်တုန်းကတော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ရဲ့ ဂုဏ်တွေကို အကြောင်းအမျိုးမျိုးဖြင့် ချီးကျူးခဲ့ဖူးတယ်။ သင်ခုလိုလုပ်မယ်ဆိုရင် သင့်ကို လူတကာက “သုနက္ခတ္တဟာ ဘုရားထံမှာ မြတ်သောအကျင့်ကို မကျင့်နိုင်လို့ လူထွက်တယ်” ဆိုပြီး ကဲ့ရဲ့ ကြလိမ့်မယ်ဟု သုနက္ခတ္တကို ငါ ပြောခဲ့ပါတယ်။
       ဘဂ္ဂ၀၊ ထိုသို့ပြောပါသော်လည်း အပါယ်လားထိုက်သူဟာ အလိုလို ဖဲခွါသွားသလို သုနက္ခတ္တဟာ ဤသာသနာတော်မှ ဖဲခွါသွားသည်သာတည်း။

ကျမ်းကိုး။       ။ ပါထိကသုတ်၊ သုနက္ခတ္တရဟန်းဝတ္ထု၊ ပါထိက၀ဂ္ဂ။

No comments:

Post a Comment