ကာလဒါန (အချိန်အခါအားလျှော်စွာလှူခြင်း)ဆိုတာ အလှူခံပုဂ္ဂိုလ်ရဲ့လိုအပ်တဲ့အချိန်ကို
သိပြီး လှူတာကို ပြောတာပါ။ ဘုရားရှင်က အချိန်အားလျှောစွာ
လှူရမယ့်အလှူငါးမျိုးဟောခဲ့ပါတယ်။
၁။ ဧည်သည်၊ အာဂန္တုအား အလှူပေးခြင်း၊
မိမိအိမ်ကို လူဖြစ်စေ၊ ရဟန်းဖြစ်စေ ဧည့်သည်တစ်စုံတစ်ရာ
ရောက်လာတဲ့အခါမှာ ထမင်းကျွေးမယ်။ ရေနွေးကြမ်းတိုက်မယ်။ ကော်ဖီဖျော်တိုက်မယ်။
စားစရာတစ်စုံတစ်ရာ စီစဉ်မယ်။ ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံမယ်။ ဒါဆိုရင်
ဧည့်သည်တွေလာတဲ့ အချိန်၊ လိုအပ်တဲ့အချိန်ကို သိပြီး လှူတာဖြစ်လို့ ကာလဒါနမြောက်ပါတယ်။
၂။ ခရီသွားများအားလှူခြင်း၊
ခရီးသည်တွေဟာ ခရီးဝေးကို လျှောက်လှမ်းခဲ့ရလို့
ပင်ပန်းနေပါတယ်။ ထမင်းဆာတယ်။ ရေဆာတယ်။ မောပန်းတယ်။ အဲလို ခရီးသွားများနဲ့
ကြုံကြိုက်လာတဲ့အခါ အဆင်သင့်သလို ထမင်းစားချိန်ကြုံရင် ထမင်းကျွေးတယ်။
အမောပြေရေတိုက်တယ်။ လက်ဖက် ပဲကြမ်းသုတ်ပြီး ကျွေးတယ်။ ဒါဆိုရင်
ခရီးသွားများလိုအပ်တဲ့ အချိန်အခါကို သိပြီးလှူတာဖြစ်လို့ ခရီးသွားကာလာဒါနလို့
ခေါ်တာပေါ့။
၃။ လူနာအား လှူခြင်း၊
လူနာဆိုတာကလည်း ရောဂါဝေဒနာနှိပ်စက်ခံနေရလို့
ပင်ပန်းပါတယ်။ လူနာလိုအပ်တဲ့ အစားအစာကျွေးမယ်။ လိုအပ်တဲ့ ဆေးပေးမယ်။ လိုအပ်တဲ့
ငွေကြေးထောက်ပံ့မယ်ဆိုရင်လည်း လူနာကာလဒါနဖြစ်ပါတယ်။
၎။ ငတ်မွတ်ခေါင်းပါးဖြစ်တဲ့အချိန်မှာ ဒုက္ခသည်တွေကို
လှူခြင်း၊
ရေဘေးကြောင့်သော်လည်းကောင်း၊
မီးဘေးကြောင့်သော်လည်းကောင်း၊ မိုးခေါင်ရေရှားကြောင့်သော်လည်းကောင်း
အငတ်ဘေးကြုံနေရတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို လိုအပ်တဲ့ အစားအစာ၊
အသက်ကယ်ဆေးဝါး၊ အဆောက်အအုံ စသည် လှူတာဟာလည်း ဒုက္ခသည်ကာလဒါနတစ်ခုပါပဲ။
၅။ ကောက်ဦး သစ်ဦးပေါ်တဲ့အချိန်မှာ ဦးဦးဖျားဖျား
ကောက်ဦး သစ်ဦးကို သီလရှိသူတွေကို လှူခြင်း။
ကောက်ဦးပေါ်တဲ့အချိန်မှာ ကောက်ဦးကို သီလရှိတဲ့
ရဟန်းသံဃာတွေ၊ သီလရှိတဲ့ လူပုဂ္ဂိုလ်၊ အဖိုးအဖွားတွေကို ပေးလှူတာ ကို ကောက်ဦးကာလဒါနလို့ခေါ်ပါတယ်။
ကာလဒါနလှူတဲ့သူဟာ လိုအပ်တဲ့အချိန်မှာ လိုတာရတယ်။
သုံးဆောင်နိုင်တဲ့အချိန်မှာ အသုံးအဆောင်ကောင်းတွေရတယ်။ ပူပင်ကြောင့်ကြမှုမရှိပါဘူး။
ကာလဒါနချို့တဲ့ရင်တော့ မစားနိုင်မသောက်နိုင်တဲ့အခါကျမှ စားဖွယ်ကောင်းကောင်းတွေ
ရတယ်။ စားနိုင်သောက်နိုင်တဲ့အခါမှာတော့ စားစရာမရှိဖြစ်တတ်တယ်။ ကာလဒါနကြောင့် ခရီးသွားတဲ့အခါ အခက်အခဲမရှိပါဘူး။ ကပ်ဘေးမှ ကင်းဝေးနိုင်ပါတယ်။ ကျန်းမာခြင်းအကျိုးတရားများလည်း ရရှိပါလိမ့်မယ်။ ဒုက္ခတစ်စုံတစ်ရာကြုံတဲ့အခါ ကူညီသူတွေ ပေါ်လာပါတယ်။ ကောက်စပါးစိုက်တဲ့အခါ
မိုးလိုနေတဲ့အချိန်မှာ မိုးရွာပေးတယ်။ မိုးမလိုတဲ့အချိန်မှာ မိုးမရွာဘူး။
ကောက်စပါးတွေ ဖွံ့ဖြိုးတယ်။ ဒါကြောင့်ကာလဒါနဟာ အရေးကြီးပါတယ်။
ကိုယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တာရဖို့ ခုလို အချိန်အခါကို သိပြီး လှူတတ်ရပါမယ်။
အားလုံး ကာလဒါနပြုပြီး အချိန်မရွေး လိုအပ်တာ
ပြည့်စုံကြပါစေ။
(ကာလဒါနသုတ်)
No comments:
Post a Comment