အမေ... အမေလို့ အခါထောင်သောင်းမက ခေါ်သော်လည်း အားမရနိုင်ပါ။ ဘာလို့လဲဆိုရင် အမေ့ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လိုမှ နှိုင်းတုလို့မရလို့ပေါ့။
အသက်ကိုရင်းပြီး သားသမီးကို လူလောကထဲ ဆွဲသွင်းပေးခဲ့တာ အမေလေ။ အမေဟာ သားသမီး တွေအတွက် ကောင်းမှုတွေ ဖြစ်စေတယ်။ အမေကို လုပ်ကျွေးခြင်းဟာ နတ်ရွာသွားဖို့ လမ်းကြောင်း ကို ဖြစ်စေတာပါပဲ။
အမေဆိုတာ...
-- ကိုးလလွယ် ဆယ်လဖွား သမီးသားတွေကို ဖြစ်စေသူပါ။
နို့ချွေကာ တေးသံပေး နွေးထွေးတဲ့ ရင်ခွင်မှာ မေတ္တာငွေ့ကို ဖြာ
တဆာဆာ ငိုနေတဲ့ သားကို နှစ်သိမ့်ရှာသူပါ။
-- နေပြင်းပူတဲ့အခါ သားသမီးရဲ့မျက်နှာလေးကို မြတ်မြတ်နိုးနိုး ကြည့်တတ် သူပါ။
-- မသိမလိမ္မာသေးတဲ့ သားငယ်သမီးငယ်တွေကို အရွယ်ရောက်တဲ့ ထိ မွေးမြူပေးသူပါ။
-- သားသမီးဝမ်းစာအတွက် ပင်ပင်ပန်းပန်းစွာရှာကျွေးသူပါ။
-- အိမ်ပြန်နောက်ကျတဲ့ သားသမီးကို ဘယ်ကိုမြန်း ရောက်နေလဲလို့ အမြဲတွေးပူနေသူပါ။
တစ်နေ့မှာ သားဖြစ်သူက အမေ့ကို ပြောတယ်။ "အမေ... သားန ရပ်ဝေးကို ပညာသင်သွား ရတော့မယ် အမေ။"။ အဲဒီအခါမှာ အမေဟာ မချိတင်ကဲ ၀မ်းနည်းပေမယ့် သားအနာဂတ်အတွက် ၀မ်းသာစကားဆိုရှာလေတယ်။ "အမေ ၀မ်းသာပါတယ် သားရယ်။"
အမေ့ရဲ့ နှလုံးသားမှ မြစ်ဖျားခံကာ ကျဆင်းလာတဲ့ အမေ့မျက်ရည် သား မြင်နေရပါတယ်။ အမေ့ရဲ့ ၀မ်းသာဝမ်းနည်း ရောစပ်ထားတဲ့ မျက်ရည်။ သားရဲ့ အနာဂတ်အောင်မြင်မူအတွက် ကျလာတဲ့မျက်ရည်နဲ့ သားနဲ့ခွဲခွာရမှာမို့ စိုးရိမ်သောကကြောင့် ကျလာတဲ့ မျက်ရည်။
အဲဒီအချိန်မှာပဲ အမေဟာ ရုတ်တရက် အိမ်ပေါ်ထပ်သို့ ပြေးတက် သွားပါသည်။ အမေ ဘာဖြစ်တာ ပါလိမ့်။ ခဏကြာတဲ့အခါမှာတော့ အမေ ပြန်ဆင်းလာပါတယ်။ အနားရောက်တော့ သားရဲ့လက်ကို ဆွဲယူပြီး ပစ္စည်းတစ်ခုကို ထည့်ပေးတယ်။ "သား ဒါလေးကို အမြဲဆောင်ထားနော်။ အန္တရာယ်ကင်းတယ်တဲ့ သားရဲ့"။ သေချာကြည့်လိုက်တဲ့အခါ အမေ့ရဲ့ထမီအထက်စလေးပါ။ ဒီတော့မှ သားသဘောပေါက် လိုက်ပါတယ်။ အော် အမေရယ်။
အမေဟာ စာမတတ်ပါ။ သားကို ချစ်တဲ့ဇောနဲ့ ရှေးလူကြီးများ ပြော စကားကို ကြားယောင်ကာ အမေ၀တ်ဖို့ သိမ်းထားတဲ့ ထမီရဲ့ အထက်စလေးကို ဆုတ်ဖြဲပြီး သားကို အမြဲဆောင်ထားဖို့ ဂရုတစိုက် ပြောရှာပါတယ်။ ကျေးဇူးကြီးမားလှပါတယ် အမေရယ်။ သားအမြဲဆောင်ထားပါတယ်။ သားသွားလေရာ အမေအမြဲပါနေပါတယ်။
အမေ့မေတ္တာဟာ စမ်းရေထက်အေးမြပါတယ် အမေ။ ဖိုးလမင်း ထက်လည်း အေးမြပါတယ်။ စန္ဒကူးထက်လည်း ပိုသင်းပျံ့ပါတယ်။
အနားမှာရှိနေတဲ့ သားသမီးရော အဝေးမှာ ရောက်နေတဲ့ သားသမီးရော အမေ့ကို အမေများနေ့မှာ တင် မဟုတ်ပဲ ထာဝရ သတိရပေးကြပါ။ ဘာလို့ လည်းဆိုတော့ အမေဟာ ဘယ်တော့မှ မမေ့ထိုက်လို့ပါ။ သတိရတယ် ဆိုရင် အမေ့ကျေးဇူးဆပ်ဖို့လည်း မမေ့ပါနဲ့။
ယော မာတရံ ပိတရံ ၀ါ မစ္စော ဓမ္မေန ပေါသတိ၊ ဣဓေ၀ နံ ပသံ သန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။
ဘုရားကဟောထားပါတယ်။ အဖေနဲ့အမေကို တရားသဖြင့် ကျွေးမွေး ပြီး ကျေးဇူးဆပ်တဲ့သူဟာ (သို့မဟုတ်) ပစ္စည်းနဲ့ တစ်မျိုး၊ တရားနဲ့ တစ်ဖုံ ကျေးဇူးကို ကုန်အောင်ဆပ်သူဟာ ယခုဘ၀မှာလည်း အများ တကာတွေရဲ့ ချီးကျူးတာကို ခံရမယ်။ နောက်ဘ၀မှာလည်း နတ်ပြည် ကို ရောက်မယ် လို့ ဟော ထားပါတယ်။
ဒါကြောင့် အမေ့ကိုကိုချစ်တဲ့ သားသမီးများ အမေများနေ့မှစ၍ အမေကို ပြုစုခြင်း ချစ်ခင် မြတ်နိုးခြင်း ဖြင့် ကျေးဇူးဆပ်လိုက်ပါ။ အမေမရှိတော့ တဲ့ သူများကလည်း အမေ့ဂုဏ်ကို တမ်းတလျှက် ကုသိုလ် ကောင်းမူ တစ် ခုခုပြုခြင်းဖြင့် အမေ့ဘ၀လှပအောင် ကျေးဇူးဆပ်လိုက်ပါ။
အမေအဖေကို မလုပ်ကျွေးသူ ငရဲမှာပူ
သည်လိုလူ လူပြည်နေလဲ ဆင်းဆင်းရဲရဲ
ရှာနေဆဲ ဓနလည်း မိဘကို မကျွေးလို့ အနေမမြဲ
ဒီငရဲ ဒီဆင်းရဲ တကယ်ပဲ မဖြစ်ချင်ပါ
မိနှင့်ဘ တို့သူငါ ရှာဖွေကာ ပြုစုဖို့ပဲ....။
No comments:
Post a Comment