လောကကြီးကို စောင့်ရှောက်ရမယ့်တာဝန်ဘယ်သူ့မှာ ရှိလဲ
မေးရင် လူတွေမှာပဲ တာဝန်ရှိပါတယ်။ လောကကြီးကောင်း အောင်လည်း လူတွေကပဲ လုပ်တယ်။
လောကကြီး ပျက်ဆီးအောင်လည်း လူတွေကပဲ လုပ်တယ်။
ယနေ့ခေတ်ကာလ သတင်းဂျာနယ်တွေမှာ စိတ်မချမ်းသာစရာ
သတင်းများဖတ်ရှုရပါတယ်။ အဖိုးက မြေးမကို မုဒိန်းကျင့်တာ၊ ဦးလေးက တူမကို
မတရားကျင့်တာ၊ အဖေက သမီးကို အဓမ္မကျင့်တာ၊ ညီက အကိုကို သတ်တာ၊ လင်ကမယားကို သတ်မိတာ
စသည်ဖြင့် နားမချမ်းသာစရာ ရှက်ဖွယ်ကိစ္စရပ်များ ဖြစ်ပွားနေတာကို မြင်ရ၊ ကြားရ၊
ဖတ်ရှုရလို့ ရင်လေးမိတယ်။ လောကကြီး အမှောင်ဖုံးပြီး တဖြေးဖြေး
ပြောင်းပြန်ဖြစ်လာနေပါလား။
ဘုရားရှင်က လောကကြီး မပျက်ဆီးအောင်
စောင့်ရှောက်တဲ့တရားဟာ နှစ်ပါးရှိတယ်လို့ ဟောပါတယ်။ ဒါကတော့ မကောင်း မှုပြုရမှာကို
ရှက်တတ်တဲ့ ဟီရိတရားနှင့် မကောင်းမှုပြုရမှာကို ကြောက်တတ်တဲ့ သြတ္တပ္ပတရားတို့ပါပဲ။
ဒါကြောင့် ဘုရားရှင်က ဒီတရားနှစ်မျိုးကို ဖြူစင်သောတရားလို့ ခေါ်တယ်။
ဒီတရားနှစ်မျိုး လူတွေရဲ့ သန္တာန်မှာ ထင်ရှားရှိရင် လောကကြီး ပိုကောင်းလာမယ်။
ဒီတရားနှစ်မျိုး ကျဆင်းလာမယ်ဆိုရင်တော့ လောကကြီး ပျက်ဖို့နီးနေပါပြီ။
အကျင့်စာရိတ္တပျက်ဆီးနေတဲ့အတွက်ကြောင့် တိရိစ္ဆာန် လောကနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဘုရားရှင်က ယခုလို ဟောတော်မူပါတယ်။ ဒီတရားနှစ်ပါးမရှိရင်
လူတွေဟာ အမေ၊ အဒေါ်၊ အစ်မ၊ နှမ၊ ဆရာရဲ့ မိန်းမ၊ လေးစားထိုက်သူရဲ့ မိန်းမ၊ မိကြီး မိထွေးဟူ၍
မထင်တော့ပါ။ လောကကြီးသည် ဆိတ်နှင့်သိုး ကြက်ဝက်၊ ခွေး၊ မြေခွေးလိုပဲ
ရောနှောပျက်ဆီးခြင်းသို့ရောက်ရတယ်။
ဒီဖြူစင်သောတရားနှစ်ပါး လူတွေရဲ့ သန္တာန်မှာ
ထင်ရှားရှိရင်တော့ အမေ၊ အဒေါ်၊ အစ်မ၊ နှမစသည် ထင်ရှားသိကုန်ပြီး
ရောနှောပျက်ဆီးခြင်းသို့ မရောက်ကုန်။
သို့ဖြစ်ပါ၍ အားလုံးသောဓမ္မမိတ်ဆွေများ
အသိရှိနေတုန်းမှာ လောကပါလတရားနှစ်ပါး မိမိသန္တာန်မှာ ထင်ရှားစေပြီး လောက ကြီးကို လှပအောင် အကျီးတန်အရုပ်ဆိုးမသွားအောင် ကယ်တင်ပေးနိုင်ကြပါစေ။
No comments:
Post a Comment