"ကျောင်းအမကြီး ဘယ်ကနေလာတာလဲ"
"မှန်ပါဘုရား တပည့်တော်မ ကောသလမင်းကြီးနဲ့
ဆက်စပ်တဲ့ အလုပ်ကိစ္စတစ်ခုအတွက် သွားရင်း အဲဒီကနေ ပြန်လာ တာပါဘုရား။ မြတ်စွာဘုရား
စိတ်မချမ်းသာစရာကတော့ အဲဒီအလုပ်ကိစ္စနှင့်ပတ်သက်ပြီး ကောသလမင်းကြီးဟာ တပည့်တော်မ
ဖြစ်စေချင်တဲ့အတိုင်း မလုပ်ဘူးဘုရား။ သူ့အလိုကိုပဲ လိုက်လျောပေးလိုက်ရတယ်"
"ကျောင်းအစ်မကြီး တကယ်တော့
သူတစ်ပါးအလိုလိုက်ခြင်းမှန်သမျှဟာ ဆင်းရဲပါတယ်။ ကိုယ့်စိတ်ကို
အစိုးရမူမှန်သမျှဟာပဲ ချမ်းသာလှပါတယ်။ ယောဂလေးပါးမှ မလွတ်သေးတဲ့သူမှန်သမျှ
သူများနဲ့ ဆက်ဆံနေရတာကိုက ပင်ပန်းလှတယ် ကျောင်းအစ်မ ကြီး"
ဒီတော့မှ ၀ိသာခါကျောင်းအစ်မကြီးလည်း စိတ်သက်သာရာ
ရသွားပါတယ်။
မှန်ပါတယ်။ လောကီလူသားမှန်သမျှ သူများတကာနဲ့ လူမူရေး၊
စီးပွားရေး စသည် ဆက်ဆံနေရတော့ တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တိုင်း လုပ်လို့မရတာ
ရှိပါတယ်။ သူက ရှင်ဘုရင်မလို့၊ သူက အရာရှိမလို့၊ သူက သူဌေးကြီးမလို့၊ သူ့ကို
မှီနေရလို့၊ ဆွေမျိုးမလို့စသည်ဖြင့် သူများနဲ့ ဆက်စပ်နေသမျှ အလိုလိုက်နေရတာတွေ
ရှိမှာပါပဲ။ ဒါဟာ ဘာလို့လဲဆိုရင် ယောဂလေးပါးမှ မလွတ်မြောက်သေးလို့ပါ။
ယောဂဆိုတာ ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်သောတရားလို့
အဓိပ္ပါယ်ရပါတယ်။ ယောဂလေးပါးကတော့ ကာမယောဂ၊ ဘ၀ယော ဂ၊ ဒိဋ္ဌိယောဂ၊ အ၀ိဇ္ဇာယောဂတို့ပါ။
ကာမဂုဏ်တွေဟာ ၀ဋ်ဆင်းရ၌ ကျရောက်စေတတ် ၀ဋ်ဆင်းရဲ၌ ယှဉ်စေတတ်ပါတယ်။
ဒီကာမ ဂုဏ်တွေကြောင့် ဘ၀ကို စွဲလမ်းကြတယ်။ ငါ၊ ငါ့ဥစ္စာဆိုတဲ့ သက္ကာယဒိဋ္ဌိ၊ မြဲတယ်လို့ယူတဲ့
သဿတဒိဋ္ဌိ၊ ဘ၀ပြတ်တယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိတွေ ဒီအယူမှားမှု ဒိဋ္ဌိဟာလည်း ၀ဋ်ဆင်းရဲကို
ဖြစ်စေတတ်ပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုရင် အမှန်ကို မသိလို့ပါပဲ။ အမှန်ကို မသိတာက
အ၀ိဇ္ဇာပေါ့။ ကာမဂုဏ်အာရုံတွေဟာ ဆင်းရဲတွင်းထဲ ရောက်စေတဲ့အရာတွေပါလားဆိုတာကို
မသိတာ၊ လူ့ဘ၀၊ နတ်ဘ၀စတာတွေကို ဒုက္ခဘုံပဲလို့ မသိတာ၊ မသိတော့ ထိုအရာတွေကို
မြဲတဲ့အရာပဲ၊ သုခပဲလို့ ထင်နေတာပါ။ ဒီယောဂလေးပါးကို မပယ်နိုင်သေးသမျှ
သူများအလိုလိုက်နေရဦးမှာပါပဲ။
ဒါကြောင့် အားလုံးပဲ ၀ိပဿနာပွားများအားထုတ်ခြင်းဖြင့်
ယောဂလေးပါးမှ လွန်မြောက်ကာ သူများအလိုလိုက်ရတဲ့ ဆင်းရဲမှ ကင်းလွတ်နိုင်ကြပါစေ။
No comments:
Post a Comment