မျက်လုံးဟာ လူတွေရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းပါ။ မျက်လုံးမရှိရင် ဘ၀ဆုံးရှုံးသလိုပါပဲ။ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတာပဲ။ ဒါကြောင့် လူတိုင်း ကိုယ့်မျက်လုံးကို မကန်းအောင် ကာကွယ်ကြတာပေါ့။
ဘုရားရှင်က အင်္ဂုတ္တုရ်ပါဠိတော်မှာ မျက်လုံးဥပမာပေးလျှက် လူသုံးမျိုးရှိကြောင်း ဟောထားခဲ့ပါတယ်။ လူသုံးမျိုးကတော့
၁။ မျက်လုံးစုံကန်းတဲ့သူ၊
၂။ မျက်လုံးတစ်ဘက်ကန်းတဲ့သူ၊
၃။ မျက်လုံးနှစ်ဘက်ကောင်းတဲ့သူ။
မျက်လုံးစုံကန်းတဲ့သူဆိုတာ စီးပွားရေးမျက်စိရော
ပညာမျက်စိပါ ဆုံးရှုံးနေတဲ့သူကို ပြောတာပါ။ သူ့မှာ စီးပွားရေးမျက်စိမရှိ တော့
မရသေးတဲ့ စီးပွားဥစ္စာကို ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး။ လက်ရှိ ရှိနေတဲ့
ဥစ္စာကိုလည်း တည်တန့် အောင် မထိန်းထားနိုင်ဘူး။ ပညာမျက်စိ ချို့ယွင်းနေတဲ့အတွက်
ကုသိုလ်အကုသိုလ်ကိုလည်း ခွဲခြားမသိနိုင်ဘူး။ ဘ၀တန်ဖိုးရှိအောင် ဘယ်လိုနေရမလဲ
ဆိုတာလည်း မသိဘူး။ သူဟာ မျက်စိစုံလုံးကန်းနေတဲ့အတွက် ယခုဘ၀၊ နောက်ဘဝ
ကောင်းစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
မျက်လုံးတစ်ဖက်ကန်းတဲ့သူဆိုတာကတော့ သူ့မှာ
စီးပွားရေးမျက်စိတော့ ရှိပါတယ်။ ဒါပေမယ့် အကောင်းအဆိုးခွဲခြားတတ်တဲ့
ပညာမျက်စိမရှိဘူး။ သူဟာ စီးပွားရေးမျက်စိရှိတဲ့အတွက်
ဥစ္စာတိုးပွားအောင်လုပ်နိုင်တယ်။ သို့သော် ပညာမျက်စိကန်းနေတဲ့အတွက်
သူ့စီးပွားရှာမှုဟာ မတရားတဲ့နည်းလမ်းတွေနဲ့ ရှာတယ်။ မတရားတဲ့နည်းလမ်းတွေနဲ့
ကြီးပွားတယ်။ ကောင်းရောင်းကောင်းဝယ်နဲ့ ချမ်းသာတာမဟုတ်ဘူး။ ဒါကြောင့် သူဟာ ဒီဘ၀ကြီးပွားလို့ စားကောင်းသောက်ဖွယ် ဇိမ်ခံပစ္စည်းတွေနဲ့ အခန့်သားနေရပေမယ့်။
နောက်ဘ၀တွေမှာတော့ ကောင်းစားဖို့ မဖြစ်နိုင်ပါဘူး။
မျက်လုံးနှစ်ဖက်လုံးကောင်းတဲ့သူကတော့ လူသားထဲမှာ
အကောင်းဆုံးပါပဲ။ သူဟာ စီးပွားရေးမျက်စိလည်းရှိတယ်။ ပညာ မျက်စိလည်းရှိတယ်။
စီးပွားဥစ္စာ တိုးပွားအောင်လုပ်နိုင်တယ်။ ဘယ်အလုပ်က သမ္မာအာဇီဝကျလဲ ဘယ်အလုပ်က
မိစ္ဆာဇီဝကျလဲ ဆိုတာ ခွဲခြားနိုင်တော့ သမ္မာအာဇီဝကျတဲ့ အလုပ်ကို ရွေးလုပ်တယ်။
ကောင်းရောင်းကောင်းဝယ်နဲ့ ချမ်းသာပြီး မရှိဆင်းရဲသားတွေ ကိုလည်း
တက်နိုင်သလောက်ထောက်ပံ့တယ်။ အယုတ်အလတ်အမြတ်မရွေး ဒါနတံခါး ဖွင့်ထားတယ်။
ကိုယ်ကျင့်တရားအားဖြင့်လည်း ကောင်းအောင်နေပါတယ်။ အချိန်ပေးရင် ပေးသလို
တရားဘာဝနာလည်း အားထုတ်တယ်။ လောကမှာ နေရတာ အရမ်းတန်ဖိုးရှိတာပဲ။ ဒီဘ၀လည်း
ချမ်းချမ်းသာသာနဲ့နေရပါတယ်။ နောက်ဘ၀တွေမှာလည်း ကောင်းမြတ်တဲ့ ဘ၀တွေမှာ ဖြစ်တယ်။
ဒါကြောင့် စာဖတ်ပရိတ်သတ်အားလုံး
မျက်လုံးနှစ်ဖက်စလုံးကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ကြပါစေ။
No comments:
Post a Comment