ကြိမ်ပိုက်ငရဲကျရောက်သူတွေဟာ အင်မတန်ထက်မြတ်တဲ့ ရဲရဲတောက် ကြိမ်လုံးတွေနဲ့ အဆက်မပြတ်အရိုက်ခံကြရတယ်။ တစ်ချက်အရိုက်ခံလိုက်ရရင် အကြော၊ အရိုးပျက်ထွက်မတက် နာကျင်စွာခံစားရတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။
ကျီးကန်ရှင်ကြီးက ကျီးသဲလေးထပ်ဆရာတော်ကို
မေးလျှောက်တယ်။
ဝေတ္တရဏီလယ်၊ ကြိမ်ပိုက်ဝယ်၊ ဘယ်သို့
ကျင့်သူခံလိမ့်နည်း။
ဆရာတော်က နေမိဇာတ်တော်ကို ထောက်ပြပြီး ခုလို ဖြေပါတယ်။
ယေ ဒုဗ္ဗလေ ဗလ၀န္တော ဇီဝလောကေ ဟိံသန္တိ ရောသန္တိ သုပါပဓမ္မာ။
တေ လုဒ္ဒကမ္မာ ပသဝေတွာန ပါပံ၊ တေ မေ ဇနာ၊ ဝေတ္တရဏိံ ပတန္တိ။ (နေမိဇာတ်)။
အဓိပ္ပါယ်ကတော့ လောကမှာ စည်းစိမ်ဥစ္စာပေါများ၊ အာဏာပါဝါ
ကြီးမားသော ယုတ်မာတဲ့ အကျင့်ဆိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီစည်းစိမ်ဥစ္စာ၊ အာဏာကို
သုံးပြီး အားနည်းတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အနိုင်ကျင့်၊ ဆင်းရဲသူတွေရဲ့ ဥစ္စာ၊
မြေနေရာ စတာတွေကို သိမ်းပိုက်ကြတယ်။ အဲဒီလို သိမ်းပိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ သေရင်
ကြိမ်ပိုက်ငရဲမှာ ဆိုးရွားစွာ ခံစားရပါတယ်တဲ့။
ဘယ်လောက်ကြောက်စရာကောင်းလဲနော်။ အခုလက်ရှိမှာ အဲလိုလူတွေကလည်း
များသား။ သူတို့အတွက် ရတက် မအေးစရာပါပဲ။ အာဏာကို အလွဲသုံးစားလုပ်ပြီး ခိုကိုးရာမဲ့ ဆင်းရဲသားများ၊ လယ်သမားများရဲ့ လယ်တွေ၊ ယာတွေ အိမ်မြေတွေ ကို သိမ်းယူကြတယ်။
ဥစ္စာအားကိုးနဲ့ အဓမ္မသိမ်းတယ်။ ခိုကိုးရာမဲ့ အားနည်းတဲ့သူတွေ ဆင်းရဲရင် ဆင်းရဲပါစေ မိမိတို့ချမ်းသာကြီးပွားဖို့အတွက် ဘာမဆိုလုပ်ကြတယ်။ သိမ်းနိုင်သလောက်သိမ်းထား။ မိုက်နိုင်သလောက်
မိုက်ထားပါ။ ခဏပါပဲ။ ထိုအဓမ္မသမားများကို ကြိမ်ပိုက်ငရဲမှ အဆင်သင့်စောင့်ကြိုနေပါတယ်။
No comments:
Post a Comment