Saturday, April 12, 2014

သင်္ကြန်ရေချိုးသူ ၂ မျိုး


        မြန်မာ့ဓလေ့ တစ်နှစ်စေ့လို့ တစ်နှစ်အပြောင်းမှာ ရေလောင်းတဲ့အစဉ်လာ ပျော်ရွှင် စရာပါပဲ။ လေ့လာ ကြည့်မိသည်မှာ သင်္ကြန်ရေချိုးသူ နှစ်မျိုးတွေ့ရတယ်။

၁။ တစ်မျိုးက ရေကစားမဏ္ဍပ်တွေမှာ ကားအစီအရီနဲ့ ရေပက်ခံကာ ချိုးနေကြ တာ။ ရေလောင်းသူတွေ ကတော့ ပဏ္ဍပ်စင်မြင့်ပေါ်က အလှမယ်နှင့်လူငယ်အချို့ပါ။ အချို့ကလည်း သူ့လောင်းလိုက်၊ ကိုယ့်လောင်း လိုက်ပေါ့။
၂။ နောက်တစ်မျိုးမှာ ယောဂီဝတ်စုံအစီအရီဝတ်ကာ တရားမဏ္ဍပ်ဖြစ်တဲ့ ဓမ္မရိပ်သာ၊ ဘုန်းတော်ကြီးကျောင်း   တွေမှာ တရားရေချိုးနေကြတာ။ တရားရေဖျန်းပေးနေ သူများကတော့ ရဟန်းသံဃာပေါ့။


       စာဖတ်သူများစဉ်းစားကြည့်ပါ။ ပထမရေချိုးသူမှာ အပေါ်ယံအညစ်အကြေးပဲပြောင်တာ။ ဒုတိယရေ ချိုးသူကတော့ အတွင်းအညစ်အကြေးတွေ စင်တာပေါ့။ အများစုကတော့ ပထမရေပဲချိုးချင်ကြတာ။ အနည်းစုကတော့ ဒုတိယရေကို ချိုးကြတယ်။ ဘယ်ရေက ပိုစင်ကြယ်စေမလဲ။

       ဘုရားလက်ထက်က သင်္ဂါရ၀လို့ခေါ်တဲ့ ပုဏ္ဏားတစ်ယောက်ဟာ တစ်နေ့တာပြုမှားခဲ့တဲ့ အပြစ်တွေ စင်ဖို့ မြစ်ထဲမှာ မနက်တိုင်းညနေတိုင်း ရေချိုးလေ့ရှိတယ်။
        ဘုရားရှင်က သူ့ကို အောက်ပါအတိုင်း ဟောတော်မူပါတယ်။
“သင်္ဂါရ၀...၊ မြစ်ထဲမှာ မနက်ညနေ ရေချိုးတိုင်းသာ အပြစ်ကနေ စင်မယ်ဆိုရင် ရေထဲရှိ ဖားတွေ၊ ငါးတွေ လိပ်တွေ၊ မိကျောင်းတွေ အမြဲတမ်းအပြစ်ကင်းနေမှာပေါ့။ တစ်ကယ့်ရေကန်ဆိုတာ ကျက်သရေအပေါင်း နဲ့ပြည့်စုံတဲ့ လူတွေရဲ့ရေချိုးဆိပ်အစစ်ဖြစ်တဲ့ ကုသိုလ်ကောင်းမူ ဆိုတဲ့ရေကန်ပါ။ အဲဒီကုသိုလ်ရေ ကန်က ရေချိုးလာသူအားလုံးကို စင်ကြယ်စေတယ်။ အေးမြစေတယ်။ အပင်အပန်းသက်သာစေတယ်။ အဲဒီကုသိုလ်ရေကန်ထဲမှာ ခုန်ဆင်းပြီး ရေကူးတတ်အောင်သင်ပါ။”လို့ ဟောတော် မူလိုက်ပါတယ်။

       ဒါကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး သင်္ကြန်ရေအစစ်ကိုချိုးဖို့ မမေ့ပါနဲ့။ ပကတိရေနဲ့ အပြင်အညစ်အကြေးစင်အောင်ဆေးပြီး တရားပဏ္ဍပ်ကို သွားပါ။ တရားမဏ္ဍပ်မှာ အတွင်းအညစ် အကြေးတွေကိုလည်း သွားဆေးလိုက်ပါ။ ဒါဆို အတွင်းအပြင်အညစ်အကြေင်းစင်လို့ စိတ်ဖြူစင် ကိုယ်လန်းဆန်းလို့နေမှာပေါ့။ ဒါမှ တကယ့်သင်္ကြန်အစစ်ပါပဲ။ အားလုံးသင်္ကြန်ရေချိုးတတ်ပါစေ။

No comments:

Post a Comment