တစ်နေ့မှာ ဘုရားရှင်က ရဟန်းတွေကို ဥပမာလေးနဲ့
ဆုံးမတော်မူပါတယ်။
"ရဟန်းတို့၊ ဆိုကြပါစို့။ ကြီးကျယ်များပြားလှတဲ့
တိုင်းသူပြည်သားများရဲ့ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရတဲ့ တိုင်းပြည်ရဲ့
အလှပဆုံးမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီ အလှပဆုံးမိန်းကလေးဟာ သိမ်မွေ့လှပစွာ ကနေတယ်။
သီဆိုနေတယ်။ လူအုပ်ကြီးကလည်း စိတ်ဝင်စားစွာ အသက်ရှုမေ့လောက်အောင်ကို
ကြည့်ရှုအားပေးနေကြတယ်။
ပြီးတော့ လူတစ်ယောက်ဟာလည်း သူ့အသက်ကို
အရမ်းမြတ်နိုးတယ်။ သေမှာကို ကြောက်တယ်။ ဆိုပါတော့ တစ်စုံတစ်ယောက်က သူ့ကို
နုတ်ခမ်းဝထိဆီပြည့်နေတဲ့ ပန်ကန်တစ်လုံးကို ပေးပြီး ပြောတယ် "ဒီမှာ မောင်ရင်၊
မင်းဟာ ဒီဆီပြည့်နေတဲ့ ခွက်ကို ကိုင်ပြီးတော့ ဟိုးမှာ ကနေတဲ့
အလှဆုံးမိန်းကလေးရှေ့ကနေ ဖြတ်လျှောက်ရမယ်။ မင်းရဲ့ နောက်မှာလည်း
လူသန်ကြီးတစ်ယောက်ဟာ ထက်လှစွာသော ဓားကြီးကို ချိန်မိုးပြီး နောက်ကနေ လိုက်မယ်။
မင်း ဆီတစ်ပေါက်ဖိတ်တာနဲ့ လည်ပင်းအပြတ်ပဲ"။
ရဟန်းတို့ အဲဒီဆီပန်ကန်ကိုင်တဲ့လူဟာ သူ့ဆီခွက်ကို
ဂရုမစိုက်ပဲ သိမ်မွေ့ညက်ညောစွာ ကနေတဲ့ အလှဆုံးမိန်းကလေးကို အာရုံစိုက်ဖြစ်ပါ့မလား?
အရှင်ဘုရား သူဟာ သေမှာကို ကြောက်တဲ့အတွက်
အလှဆုံးမိန်းကလေးဆီသို့ အာရုံစိုက် မကြည့်နိုင်ပါဘူးဘုရား။
အေး ချစ်သားတို့ အလားတူပဲ သင်တို့ရဲ့ နောက်မှာ
သေခြင်းတရားက ကပ်လိုက်နေတယ်။ ဆီပြည့်နေတဲ့ခွက်ကို မဖိတ်အောင် ဂရုစိုက်သလို
သင်တို့ဟာ ဒွါရခြောက်ပါးမှ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်ကိလေသာတွေ
ဝင်မလာအောင် သတိနဲ့ စောင့်ထိန်းနေရမယ်။ သတိလေးလွတ်ပြီး ကုသိုလ်ပြုဖို့မေ့ပြီး
ဒွါရခြောက်ပါးကနေ ၀င်လာတဲ့ ကာမဂုဏ်အပျော်အပါးတွေကို မေ့မေ့လျှော့လျှော့
ခံစားနေမယ်ဆိုရင်တော့ သေမင်းက သင်တို့ကို အချိန်မရွေး ခေါင်းဖြတ်ပြီး
အပါယ်လေးပါးကို ပို့လိမ့်မယ် ချစ်သားတို့။
ဒါကြောင့် သင်တို့ရဲ့ ခန္ဓာငါးပါးကို သတိနဲ့
လေ့ကျင့်စောင့်ထိန်းပါ။ သတိကို တိုးပွားသထက်တိုးပွားအောင် ကျိုးစားပါ။
လုံးဝပြည့်စုံအောင် အားထုတ်ပါ။
No comments:
Post a Comment