မြတ်စွာဘုရားရှင် ဘုရားဖြစ်ကာစ
ဥရုဝေလတော၊ နေရဉ္ဖရာမြစ်ကမ်းနားရှိ ကျည်းပင်ရင်းမှာ ၇ ရက်တိုင်တိုင် ဖလသမာ
ပတ်ဝင်စားတော်မူပါတယ်။ အဲဒီအချိန်မှာ ဆောင်းတွင်းကာလ အချိန်အခါမဲ့မိုးကြီဟာ ၇
ရက်တိုင်တိုင် ရွာသွန်းနေခဲ့တယ်။
မုစလိန္ဒနဂါးမင်းဟာ ဗိမာန်ကနေထွက်လာပြီး
မြတ်စွာဘုရားရှင်အား အအေး၊ အပူ၊ မှတ်၊ ခြင်၊ ကင်း၊ သန်းတို့ရဲ့ အန္တရာယ်မှ
ကင်းပါစေဆိုတဲ့ စိတ်ထားနဲ့ မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို အခွေတို့ဖြင့် ၇ ပတ်
ရစ်ပတ်ပြီး ဦးထိပ်ထက်မှာ ကြီးစွာသော ပါးပြင်ကို မိုးလျှက် ကာကွယ်ပေးပါတယ်။
၇ ရက်ပြည့်လို့
ဘုရားရှင် သမာပတ်မှ ထတော်မူတဲ့အခါ မိုးကြီးလည်း စဲပြီး တိမ်ကင်းစင်ကာ
အလင်းရောင်ထွက်ပေါ် လာပါတယ်။ ဒီတော့မှ မုစလိန္ဒနဂါးလည်း အခွေကို ဖြေပြီး
လုလင်ပုံစံဖန်းဆင်းကာ ဘုရားရှင်အားလက်အုပ်ချီ အရိုသေပေး ပါတယ်။
ဘုရားရှင်က
အခြေအနေုကို သိတော်မူတဲ့အခါ နဂါးလုလင်အား...
"အမောင်နဂါးမင်း၊ မဂ်လေးပါး၌ ရောင့်ရဲပြီး တရားသိပြီးသော
ရဟန္တာပုဂ္ဂိုလ်တို့မှာ နိဗ္ဗာန်ဆိုတဲ့ ၀ိဝေကဟာ ချမ်းသာ၏။
လောကမှာ အမျက်မထွက်ခြင်းဟာလည်း ချမ်းသာ၏။ သတ္တ၀ါတို့၌
(မညှင်းဆဲမိအောင်) စောင့်စည်းခြင်းဟာလည်း ချမ်းသာ ၏။ လောက၌ ကာမဂုဏ်တို့ကို
လွန်မြောက်ပြီး စွဲမက်မူ ရာဂမှ ကင်းခြင်းဟာလည်း ချမ်းသာ၏။ ငါဆိုတဲ့ မာနကို
ဆုံးမနိုင်ခြင်း ဟာ တကယ်တော့ အမြတ်ဆုံးဖြစ်၏။" မိန့်တော်မူလိုက်ပါတယ်။
မှန်ပါတယ်။ ရာဂ၊
ဒေါသ၊ မာနစသည်ဖြစ်နေသူဟာ ဆင်းရဲမှုခံစားရပါတယ်။ ပြင်းထန်ရင် ပြင်းထန်သလောက်
ပိုခံစားရ ပါတယ်။ ရာဂ၊ ဒေါသ၊ မာနစသည်တို့ တစ်ခဏမျှကင်းနေရင် တစ်ခဏချမ်းသာတယ်။
တစ်နာရီကင်းနေရင် တစ်နာရီချမ်း သာတယ်။ တစ်နေ့ကင်းနေရင် တစ်နေ့ချမ်းသာရပါတယ်။
လုံးဝကင်းနေရင်တော့ လုံးဝကို ချမ်းသာရပါတယ်။
ရဟန္တာများမှာ ရာဂ၊ ဒေါသ၊ မာနစတဲ့ကိလေသာအပူအားလုံးကို အမြစ်ပြတ်ပယ်ခွါပြီးဖြစ်လို့
ဘ၀ရဲ့အအေးချမ်းဆုံးသော ပုဂ္ဂိုလ်၊ အချမ်းသာဆုံးပုဂ္ဂိုလ်များ ဖြစ်ပါတယ်။
ဒါကြောင့်
မိမိတို့ဟာ ထာဝရချမ်းသာအောင် မလုပ်နိုင်သေးတောင် တဒင်္ဂ သို့မဟုတ် ကာလအတန်ကြာ
စိတ်ချမ်းသာမှုရဖို့ အတွက် ရာဂ၊ ဒေါသ၊ မာနစသည်ဖြစ်စရာအာရုံများကြုံလာလျှင်
ထိုတရားများမဖြစ်အောင် အသင့်အတင့်နှလုံးသွင်းခြင်း၊ ရာဂ စသည်တို့ရဲ့ဆိုးပြစ်တွေကို
နားလည်အောင်နှလုံးသွင်းခြင်းဖြင့် ထိန်းသိမ်းရပါမယ်။ ဗြဟ္မစိုရ်တရားများကို
ကြိမ်ဖန်များစွာ ပွား များပေးခြင်း၊ တရားဘာဝနာနှလုံးသွင်းပေးခြင်းဖြင့် ထိုကိလေသာများ
မဖြစ်ပေါ်အောင် သတိထားရပါမယ်။ ဒါဆိုရင်တော့ မိမိတို့ ပွားများရင် ပွားများသလောက်
ချမ်းသာကို ခံစားရနိုင်ပါတယ်။
No comments:
Post a Comment