Saturday, April 5, 2014

ဒေါသရဲ့ ဆိုးကျိုးများ


       မြတ်စွာဘုရားရှင် ဝေသနာလီပြည် မဟာဝုန်တော၊ ကုဋာဂါရကျောင်း၌ သီတင်းသုံးစဉ်က ဒုဠ လိစ္ဆ၀ီခေါ်တဲ့ နုတ်ကြမ်းတမ်းတဲ့မင်းသားကို အကြောင်းပြုပြီး ဒေါသရဲ့ဆိုးကျိုးများကို ဆုံးမဟော ကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ဝေသာလီမြို့ ဆိုတာ တစ်ဂါဝုတ်လျှင် တံတိုင်း တစ်ထပ်စီဖြင့် တံတိုင်း သုံးထပ်ကာထားသော မြို့ကြီးဖြစ်ပါတယ်။ သုံးထပ်စလုံးမှာ တံခါးပစ္စင်နှင့် အလွန်တင့် တယ်လှ တယ်။ ဝေသာလီပြည်ကို မင်းပေါင်း ခုနစ်ထောင် ခုနစ်ရာနှင့် ခုနစ်ယောက်တို့ မင်းပြုကြတယ်။ အိမ်ရှေ့မင်း၊ ဘဏ္ဍာစိုးတွေကလည်း ထိုမျှ အရေအတွက် ရှိပါတယ်။

        အဲဒီမင်းသားတွေထဲမှာ မင်းသားတစ်ပါးကတော့ အရမ်းဒေါသကြီးပါတယ်။ ရုန့်ရင်းကြမ်းကြုတ် တယ်။ မြွေဟောက်လိုပဲ ရှူးရှူးရှားရှားလုပ်တတ်တယ်။ သူတစ်ပါးကို နိုင်လိုမင်းထက် ပြုတတ်တယ်။ ဒါကြောင့်လဲ သူ့ကို ဒုဠလိစ္ဆ၀ီ မင်းသားလို့ ခေါ်ကြတာပေါ့။ သူ့ကို ဘယ်သူမှ ပြောမရ၊ မိဘဆွေမျိုးတို့က လက်လျှော့ထားရတယ်။ မြတ်စွာဘုရားမှတစ်ပါး ဆုံးမနိုင်မည့်သူ မရှိ။ ဒါကြောင့် မိဘတို့က မြတ်စွာဘုရား ထံ ချော့မော့၍ ခေါ်သွားကြပါတယ်။ မြတ်စွာဘုရားက ဒုဠလိစ္ဆ၀ီမင်းသားကို ဆုံးမတယ်။
 

       “မင်းသား သတ္တ၀ါတို့သည် ရုန့်ရင်း ကြမ်းကြုတ်ပြီး နိုင်ထက်ကလူ လုပ်ခြင်း၊ သူတစ်ပါးအား ညှဉ်း ဆဲခြင်း များ မပြုသင့်၊ ကြမ်းကြုတ်တဲ့ စကားကို ပြောလေ့ရှိသူကို အဖေ၊ အမေ၊ သား၊ မယား၊ ညီအစ်ကို၊   မောင်နှမ၊ သား၊ သမီး၊ သူငယ်ချင်းမိတ်ဆွေတို့ မနှစ်သက်ကြ။ ကိုက်ရန်လာသော မြွေ၊ နှိပ်စက်ရန် လာသော လူဆိုး၊ သူခိုး၊ စားရန်လာသော ဘီလူးလို ကြောက်လန့်တတ်ကြတယ်။ တမလွန်ဘ၀မှာ ငရဲသို့ ကျတတ်တယ်။ ဒီဘ၀မှာပင် ဒေါသကြီးတဲ့သူဟာ အဖိုးတန် တန်ဆာများ လှပစွာဝတ်ဆင်ထားသော်လည်း အသွင်အပြင်မလှ။ ဒေါသကြီးသောသူရဲ့ မျက်နှာဟာ မီးလျှံထိထားတဲ့ ပဒုမ္မာလို၊ ဒါ့အပြင် အညစ်အကြေး ကပ်နေတဲ့ ကြေးမုံပြင်လို မကြည်မလင် အဆင်းမလှ ဖြစ်ရတယ်။ အဲဒီဒေါသကြောင့် လူတွေဟာ ကိုယ့် ကိုယ်ကို သတ်ကြတယ်။ အဆိပ်သောက်ကြတယ်။ ကြိုးဆွဲ၍ သေတတ်ကြတယ်။ ချောက်ထဲ ခုန်ဆင်းကြ တယ်။ ဒေါသနဲ့ သေရင် ငရဲ အစရှိသည်တို့မှာ ဖြစ်ကြရတယ်။”
 

       “သူတစ်ပါးကို နိုင်ထက်ကလူညှဉ်းဆဲတတ်သူတို့ဟာ မျက်မှောက်မှာပင် လူတွေရဲ့ ကဲ့ရဲ့ခြင်းကို ခံကြရပြီး၊ သေတဲ့အခါမှာတော့ ငရဲ အစရှိသည်တို့မှာ ဖြစ်ကြရပါတယ်။ လူအဖြစ် တစ်ဖန် ရပြန်ပါလည်း   မွေးကတည်းက ရောဂါအထွေထွေနှင့် မွေးလာတတ်တယ်။ လူနှင့်ရောဂါ အဆက်မပြတ်ဖြစ်နေတတ်၍ အမြဲပင် ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ဖြစ်နေရတယ်။”
 

       “ဒါကြောင့် မင်းသား....သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာနှင့် ယှဉ်တဲ့စိတ်ရှိပြီး နူးညံ့တဲ့စိတ်ကို မွေး ပါ။ ဒေါသ အမျက်ကြီးတဲ့သူဟာ ငရဲဘေးမှ မလွတ်မြောက်နိုင်ပါဘူး”ဟူ၍ မြတ်စွာရားက မိန့်တော်မူပါ တယ်။
 

       တစ်ကြိမ်ဟောရုံဖြင့် သဘောပေါက်သူ ထိုဒုဠလိစ္ဆ၀ီမင်းသားဟာ မတ်စွာဘုရား အဆုံးအမကို တစ်ကြိမ်သာ နားကြားရုံဖြင့် မာနကင်းသွားပါတယ်။ ယဉ်းကျေးနူညံ့လာတယ်။ သူများက ဆဲရေး ပုတ်ခတ်   သော်လည်း ပြန်၍ မဆဲ၊ အစွယ်ကျိုးသော မြွေလိုပဲ ဒေါသ၊ မာန်မာန၊ မရှိတော့ပါ။

       စာဖတ်သူအားလုံးလည်းပဲ ဘုရားရှင်ရဲ့အဆုံးအမကို လိုက်နာကြပြီး စိတ်ကြမ်းကိုယ်ကြမ်းတာတွေ ကို ပြင်ကာ စိတ်နုကိုယ်နုတဲ့သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

No comments:

Post a Comment