Tuesday, April 8, 2014
အချစ်ရဲ့တွန်းအား
       တိက်ဆိတ်သော ညတစ်ည၊ တန်ဆောင်မုန်းလပြည့်ခါနီးမှာ လမင်းကြီးကတော့ ညအမှောင်ကို ပယ်ဖျောက်လို့ အလင်းရောင်တွေ အအေးဓာတ်တွေနဲ့ ဖြန့်ဝေနေပါတယ်။ ဗာရာဏသီမြို့ကြီးကတော့ ကြည်လင်အေးမြတဲ့ လရောင်အောက်မှာ အိပ်မောကြနေလေရဲ့။ ဘုရင့်ဥယျာဉ်ထဲမှာတော့ လရောင်ဆမ်းတဲ့ ၀တ်ပန်းခင်းကြီးဟာ မွှေးကြိုင်တဲ့ရနံ့တွေနဲ့ ညရဲ့အလှကို ပိုပြီး အသက်ဝင်စေပါတယ်။ 
       သာမာရဲ့အလိုတိုင်း လည်ပင်းပေါ်ဓားကျမှာကိုပင် အမှုမထားနိုင် အချစ်အတွက် စွန့်စားခန်းဝင်ရတော့မယ်။ ဘုရင့်ဘဏ္ဍာဖြစ်တဲ့ ၀တ်ပန်းတွေ ခိုးဖို့အတွက် ဘေးဘယ်ညာဝေ့ကာကြည့်ပြီး ခြေသံကို ဖွဖွနင်းကာ ပန်းခင်းထဲကိုဝင်ခဲ့ပါ တယ်။ ဒါပေမယ့် သူ့အကြံမအောင်မြင်လိုက်ပါဘူး။ ခြံစည်းရိုးအကျော်မှာ သစ်ကိုင်းခြောက်ကို နင်းမိလို့ လုံခြုံရေးတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ စိတ်မကောင်းပါဘူး သာမာ။ ကိုယ်အသက်သေရမှာထက် သာမာ အ၀တ်လှလှမ၀တ်ရမှာကိုပဲ ၀မ်းနည်းမိပါတယ်။ နောက်နေ့ ဘုရင့်ရှေ့ရောက်တော့ ဘုရင့်ဘဏ္ဍာခိုးတာ အပြစ်အကြီးဆုံး ဖြစ်လို့ စစ်ဆေးခြင်းတောင်မပြုပဲ    သုဿဿာန်တစပြင်မှာ ကားစင်တင် တံကျင်ထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
       လူငယ်ရဲ့စိတ်အစဉ်မှာတော့ တံကျင်ထိုးသတ်လို့ ကျီးလင်းတ စားခံရတာကို ၀မ်းမနည်းပါဘူး။ ချစ်လှစွာသော သာမာ ၀တ်ပန်းရောင် ဆာရီဝတ်ပြီး ပျော်ပွဲသဘင်မှာ အတူမဆင်နွဲလိုက်ရတာကိုပဲ ၀မ်းနည်းကြေကွဲစွာ နောင်တရနေမိတယ်။ လူငယ်ဟာ မကြာခင်ပဲ သေဆုံးလို့ ငရဲဘုံမှာ ခိုးမူအပြစ်ဒဏ်ကြောင့် ငရဲဆင်းရဲကို ဆက်လက်ခံစားရပါတော့တယ်။
       အချစ်ရဲတွန်းအားဟာ ဘယ်လောက်စွမ်းအားကြီးမားလည်းဆိုရင် ဆူးခင်းလမ်းကိုလည်းဖြတ်ရဲ့တယ်။ ငရဲလမ်းကို လည်း လျှောက်ရဲပါတယ်။ အချစ်ရဲ့စေခိုင်းမှုကြောင့် ပိုးဖလံမျိုးမီးပူကို တိုးနေကြသလိုပါပဲ။ အပြစ်ရှိမှန်းသိရက်နဲ့ အချစ်ဆိုတဲ့ တဏှာကို မလွန်ဆန်နိုင်တော့ သူများဟာကိုလည်း ခိုးရဲတယ်။ သူများအသက်ကိုလည်း သတ်ရဲတယ်။ ဒီတော့ အပါယ် ငရဲကျရတာပေါ့။
       လူသားအားလုံး၊ သတ္တ၀ါအားလုံးကို ခိုင်းစေချုပ်ချယ်နေတဲ့ ဒီအချစ်ဆိုတဲ့ တဏှာပေမကို မဂ္ဂင်ရှစ်ပါး သံလျှက်ဓားနဲ့ ဖြတ် မှ ပြတ်ပါလိမ့်မယ်။ အချစ်ရဲ့ကျေးကျွန်ဘ၀မှလွတ်ပြီး အချစ်ရဲ့ အရှင်သခင်ဖြစ်ဖို့အတွက် မဂ္ဂင်ရှစ်ပါးဆိုတဲ့ သံလျှက်ဓားရှိတုန်း ဘ၀ကို ခိုင်းစေနေတဲ့ ဒီတဏှာကြောကို ပါးသထက်ပါးအောင်၊ ပြတ်သထက်ပြတ်အောင် အပြတ်ဖြတ်နိုင်ဖို့ပဲ လိုပါတော့တယ်။ အားလုံးအမြစ်ဖြတ်နိုင်ကြပါစေ။
(ပုဖ္ဖရတ္တဇာတ်) 
No comments:
Post a Comment