Friday, January 31, 2014
ဝန်ချတောင်းပန်ခြင်းနှင့် ခွင့်လွတ်ခြင်း
       လူတိုင်းဟာ အမြဲတမ်းအဆင်ပြေသင့်မြတ်နေတာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ အဖုအထစ်လေးတွေ ပေါ်လာတတ် ပါတယ်။ အဲဒီအချိန်မှာ မာနတွေဝင်လာပြီး အခြေအနေတွေ တင်းမာလာမယ်ဆိုရင် ရန်ငြိုးဆိုတဲ့ အဖုအထစ်ဟာ ကြီးသထက် ကြီးလာတတ်ပါတယ်။ ထိုသို့မဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်နည်းကတော့ ဘုရားဟောတဲ့ တရားသဘောနဲ့ အပြစ်ကြော ဆင်ခြင်ကာ မာနကို ခ၀ါချလို့ ရိုးသားစွာဝန်ခံတောင်းပန်လိုက်ပါ။ တစ်ဖက်သားကလည်း မေတ္တာရှေ့ထား၊ သင့်မြတ်ခြင်းဟာ အကောင်းဆုံးတရားပဲလို့ သဘောထားကာ နားလည်ခွင့်လွတ်ပေးလိုက်ပါ။
       ဘုရားရှိစဉ်အခါက ရဟန်းနှစ်ပါးဟာ ငြင်းခုံစကားများရင်း တစ်ပါးက အလွန်အကျွံပြောဆိုမိပါတယ်။ ကိုယ်အလွန် အကျွံပြောဆိုမိတာကို သိလိုက်တဲ့အခါမှာတော့ တစ်ဖက်ရဟန်းကို တောင်းပန်လိုက်ပါတယ်။ သို့သော် တစ်ဖက်ရဟန်းက သည်းခံခွင့်လွတ်ခြင်းမရှိပါ။ အဲဒီအကြောင်းကို အခြားရဟန်းတွေက ဘုရားရှင်ကို လျှောက်တင်ပါတယ်။
       “ရဟန်းတို့ လူမိုက်ဟာ နှစ်မျိုးရှိတယ်။ အပြစ်ကို အပြစ်လို့ မမြင်သူနှင့် အပြစ်ကို တောင်းပန်တဲ့အခါ တရားအလျှောက် လက်မခံသူတို့ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ပညာရှိဟာလည်းနှစ်မျိုးရှိပါတယ်။ အပြစ်ကို အပြစ်လို့ မြင်သူနဲ့ အပြစ်ကို တောင်း ပန်တဲ့အခါ တရားအားလျော်စွာ လက်ခံသူတို့ပဲ ဖြစ်တယ်။”
       ရဟန်းတို့ ရှေးတုန်းက ဖြစ်ဖူးသည်မှာ နတ်တို့အရှင်သိကြားမင်းဟာ သုဓမ္မာနတ်သဘင်မှာ နတ်တို့ကို ဆုံးမလိုတဲ့အ တွက်ကြောင့် ထိုသို့ပြောခဲ့ပါတယ်။
       “အမျက်ဒေါသဟာ သင်နတ်သားတို့ရဲ့အလိုကို မလိုက်ပါစေနဲ့၊ သင်နတ်သားတို့အား အဆွေခင်ပွန်းတို့ဖြင့် မိတ်မပျက်စေ လင့်၊ မကဲ့ရဲ့ ထိုက်သူကို မကဲ့ရဲ့ကြကုန်လင့်၊ ကုန်းတိုက်စကားကို မဆိုကြကုန်လင့်။ ထိုသို့မဟုတ်ခဲ့သော် ထိုအမျက်ဒေါသဟာ လူယုတ်ကို တောင်ကဲ့သို့ လွမ်းမိုးနှိမ်နင်းနိုင်၏။” (အစ္စယသုတ်)
       ဒါကြောင့် ဓမ္မမိတ်ဆွေများ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ မည်သည့်ကိစ္စပဲဖြစ်ဖြစ် အတူနေမိတ်ဆွေအချင်းချင်း အဖုအထစ်လေး   တွေ ပေါ်လာတဲ့အခါမှာ ပညာရှိပီသစွာဖြင့် အပြစ်ကို သိပြီး ၀န်ခံလိုက်ပါ။ ကိုယ့်အပေါ်တောင်းပန်လာလျှင်လည်း ကျေကျေ နပ်နပ်ဖြင့် မေတ္တာစိတ်ဓာတ်နဲ့ သည်းခံခွင့်လွတ်လိုက်ပါ။ ဒါဆိုရင် အဖုအထစ်လေးတွေ ပျောက်သွားပါလိမ့်မယ်။
ရေကုသိုလ်
       ရေဟာ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော အရာပါ။ ရေဟာ ငွေကြေးအားဖြင့် တန်ဖိုးမကြီးပေမယ့် အကျိုးပြုမှု ကတော့ ကြီးမားလှပါတယ်။ လှူဖို့လည်း မခဲရင်းသလို လူတိုင်းအတွက်လည်း လိုအပ်လှတာမို့ အောက်ပါ ဇာတ်ကြောင်းလေးကို ဖတ်ပြီးရင် ရေကုသိုလ်ယူပါလို့ တိုက်တွန်းချင်ပါတယ်။
       ဘုရားရှင်ကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတော်မှာ သီးတော်သုံးတော်မူစဉ်က ရာဇဂြိုဟ်မှ ဆင်းရဲသားတစ်ယောက်ဟာ အခစားအဖြစ် သရက်ဥယျာဉ်ကို အစောင့်ရှောက်တာဝန်ယူနေခဲ့ပါတယ်။ တစ်နေ့မှာ ဆင်းရဲသားဟာ နွေနေပူထဲမှာ ကြွ လှမ်းတော်မူနေတဲ့ အရှင်သာရိပုတ္တရာကို တွေ့ပြီး ဥယျာဉ်ထဲမှာ အနားယူဖို့ ပင့်လိုက်ပါတယ်။ မထေရ်လည်း ဆင်းရဲသား စိတ်ချမ်းသာအောင် ကြွတော်မူလိုက်ပါတယ်။ ထို့နောက် သောက်သုံးရေ၊ ချိုးရေအတွက် ရေလှူချင်ကြောင်း လျောက်ထား တဲ့အခါ မထေရ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူပါတယ်။
       ဆင်းရဲသားဟာ ရေတွင်းထဲကနေ ရေခပ်ပေးပြီး သောက်ရေ၊ သုံးရေ၊ ခြေလက်ဆေးဖို့ရေ စသည်ဖြင့် ပြင်ဆင်ပေးတယ်။ မထေရ်လည်း ရေသပ္ပါယ်ကာ အေးမြတဲ့ ရေကို သုံးဆောင်လိုက်ရတော့ အမောပြေ အေးချမ်းသွားပါတယ်။ ထို့နောက် ဆင်းရဲ သားကို ရေအကျိုးတရားတွေဟောကြားပြီး လိုရာခရီး ကြွချီခဲ့ပါတယ်။
       ဆင်းရဲသားဟာ မထေရ်ကို သောက်ရေ၊ သုံးရေလှူလိုက်ရလို့ အရမ်းကို ၀မ်းသာပီတိဖြစ်လို့ နေပါတော့တယ်။ ကာလ အတန်ကြာတော့ အကြောင်းအားလျော်စွာပဲ ဆင်းရဲသားဟာ ဘ၀ဆုံးလို့ တာဝတိသာနတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။
အရှင်မဟာမောဂ္ဂလာန်ဟာ နတ်ပြည်သို့ကြွတော်မူစဉ် ခမ်းနားလှတဲ့ဗိမာန်ပိုင်ရှင်နတ်သားကို တွေ့လို့ ဘယ်လိုကုသိုလ်တွေ လုပ်ခဲ့သလဲ မေးတဲ့အခါ နတ်သားက သူလုပ်ခဲ့တဲ့ ကုသိုလ်ကို ခုလို ရှင်းပြလိုက်ပါတယ်။
       “အရှင်ဘုရား၊ တပည့်တော် လူ့ဘ၀ ဆင်းရဲသားဖြစ်စဉ်က သရက်ဥယျာဉ်ထဲမှာ အရှင်သာရိပုတ္တရာအား ရေလှူခဲ့ပါတယ်။ ထိုကုသိုလ်ကြောင့် ခုလို အကျိုးဖြစ်ရပါတယ်။ အရှင်ဘုရား ရေလှူလိုက်တာဟာ လုံလတစ်ခုဖြင့် တပည့်တော်အတွက် အကျိုး သုံးမျိုး ပြီးပြီးသား ဖြစ်သွားပါတယ်ဘုရား။ သရက်ပင်ကိုလည်း ရေလောင်းပြီးသားဖြစ်တယ်။ အရှင်သာရိပုတ္တရာကို လည်း ရေ သန့်စင်ပြီးသား ဖြစ်ပါတယ်။ တပည့်တော်အတွက် များမြတ်သောကုသိုလ်ကို ဆည်းပူးပြီးသား လည်း ဖြစ်သွား ပါတယ်ဘုရား။”
          အရှင်မောဂ္ဂလာန်လည်း သာဓုသုံးကြိမ်ခေါ်ကာ လူ့ပြည်သို့ ပြန်ကြွလာပါတော့တယ်။
          အားလုံး ရေလို အေးမြလန်းဆန်းကြပါစေ။
Thursday, January 30, 2014
ဘုရားလက်ထက်က အရက်သောက်သောအမျိုးသမီးများ
       တစ်နေ့မှာ သူငယ်ချင်းမတွေက ၀ိသာခါကို ပွဲတော်တစ်ခုမှာ ပျော်ပျော်ပါးပါး အတူသောက်စားဖို့ ဖိတ်တယ်။ ဘယ်လိုက်မလဲ။ သူတော်ကောင်းမလေးနဲ့ လုံးလုံးဆန့်ကျင်ဘက် အပျော်အပါးအသောက်အစားတွေပဲ။ သူမ ငြင်းလိုက်ပါတယ်။
ဒီတော့ သူငယ်ချင်းတွေက “ကောင်းပြီ၊ ညည်းမလိုက်ချင်လဲနေ။ ဘုရားဆီသွားပြီးတော့သာ အလှူအတန်းတွေ သွားပြုတော့။ တို့ကတော့ ပွဲတော်မှာ ပျော်ပျော်ပါးပါး သွားကဲတော့မယ်” ဆိုပြီး သွားကြပါတော့တယ်။
       နောက်နေ့မနက်ရောက်တော့ ၀ိသာခါဟာ ဘုရားနှင့်သံဃာတော်တွေပင့်ပြီး ဆွမ်းကပ်ကာ လိုအပ်တဲ့ ပစ္စည်းလေးပါးကို လည်း ပြည့်ပြည့်စုံစုံလှူဒါန်းပါတယ်။ နေ့ခင်းပိုင်းကျတော့လည်း အလွန်လှပတဲ့ပန်းနှင့်အမွေးတိုင်များလှူဒါန်းရန်နှင့် တရား နာရန်အတွက် ဇေတ၀န်ကျောင်းတော်ကို သွားရောက်ပါတယ်။
       သူငယ်ချင်းမတွေဟာ အရက်အလွန်အကျွံသောက်ထားသော်လည်း သူငယ်ချင်းဝိသာခါနှင့်အတူ ကျောင်းကို အဖော်လိုက် လာပါတယ်။ သောက်တာကလည်းလွန်လိုက်တာ။ ကျောင်းမုခ်ဝရောက်တော့ကို သောက်တုန်း။ ၀ိသာခါဟာ ကျောင်းရောက်   တော့ ဘုရားကို အရိုအသေပေးလို့ သင့်တော်မယ့်နေရာမှာ ရိုသေစွာထိုင်နေလိုက်တယ်။ သို့သော်လည်း သူငယ်ချင်းမတွေဟာ သင့်တော်မယ့်နေရာကိုလည်း သတိမထားပဲ ကျောင်းမှန်းကန်မှန်းမသိ ဘုရားရှေ့မှာတောင် ဖရိုဖရဲနဲ့ နေနေကြပါတော့တယ်။ အချို့က ကတယ်။ အချို့က သီချင်းဆိုကြတယ်။ အချို့က ဒယီးဒယိုင်နဲ့။ အချို့ကတော့ အချင်းချင်းငြင်းခုံနေကြတယ်။
       ဘုရားရှင်က သူတို့ကို ဆုံးမလိုတဲ့အတွက် တန်ခိုးတော်ဖြင့် ရုတ်တရက် မှောင်မဲသွားအောင် လုပ်လိုက်တယ်။ ဒီတော့ အရက်သမားအမျိုးသမီးတွေဟာ သေမှာကို ထိတ်လန့်ကြောက်ရွံ့သွားပြီး သောက်ထားတဲ့အရှိန်တွေလည်း ကြက်ပျောက် ငှက်ပျောက်ဖြစ်ကုန်ပါတော့တယ်။ ထို့နောက် ဘုရားရှင်ဟာ မြင့်မိုရ်တောင်ထိတ်မှာ ရပ်တော်မူပြီး နေ၊ လထောင်ပေါင်းစွာ ထွက်ပေါ်သလို အလင်းရောင်တွေဖြင့် ထုတ်လွင့်တော်မူလိုက်ပါတယ်။
       ထို့နောက် ခြင်္သေ့သံကဲ့သို့ မိန့်ကြားလိုက်ပါတယ်။
        “ဘာကြောင့် သင်တို့ကိုယ် သင်တို့ သောက်စားမူးယစ်ပြီး ရယ်လိုက်၊ ပျော်ပါးလိုက်လုပ်နေကြတာလဲ။ သင်တို့....၊ အမြဲတမ်း လောင်ကျွမ်းနေပြီး အမှောင်အတိဖြင့် ၀န်းရံခံနေရတဲ့သူတွေဟာ ဘယ်သူတွေလဲ? ဘာကြောင့် အလင်းကို မရှာကြ တာလဲ?
       ဒီတော့မှ အမျိုးသမီးငါးရာဟာ အသိတရားရပြီး သံဝေဂဥာဏ်ဖြင့် ရှုမှတ်လိုက်တာ အားလုံး သောတာ ပန်တွေ ဖြစ်ကုန် ပါတော့တယ်။ (ကုမ္ဘဇာတ်)
       သတ္တ၀ါတွေဟာ မောဟအမှောင်ဖုံးလွမ်းခံနေရတာ ကြာပါပြီ။ အမှောင်ထဲမှာ မမြင်မစမ်းနဲ့ လမ်းမှားတွေလိုက်နေကြတယ်။ အမှောင်ခွင်းနိုင်မယ့် အလင်းကို ရှာသင့်ကြပါပြီ။ သတိတရားနိုးထကာ ကောင်းမှုများစွာဆည်းပူးခြင်းဖြင့် အလင်းကို ရှာနိုင်ကြ ပါစေ။
သိကြားမင်းဖြစ်ကြောင်းတရားများ
       သိကြားမင်းဆိုတာ တာဝတိံသာနတ်ပြည်ကို အုပ်စိုးရတဲ့နတ်မင်းပေါ့။ သာသနာကိုလည်း ကြည်ညိုလေးစားပါတယ်။
       တစ်နေ့တော့ ဘုရားရှင်က ရဟန်းတွေကို သိကြားမင်းဖြစ်ကြောင်းတရားတွေကို ဟောပါတယ်။
“ရဟန်းတို့ သိကြာမင်းဟာ ရှေးလူဖြစ်စဉ်က ကျင့်ဝတ် ၇ မျိုးကို လိုက်နာပြုကျင့်ခဲ့တယ်။ ဘာတွေလဲဆိုရင်....
၁။ အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေးမွေးမြူသူ ဖြစ်ပါအံ့၊
၂။ အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေပြုလေ့ရှိသူဖြစ်ပါအံ့၊
၃။ အသက်ထက်ဆုံး သိမ်မွေ့သောစကားကို ဆိုသူဖြစ်ပါအံ့၊
၎။ အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့မရှိသူဖြစ်ပါအံ့၊
၅။ အသက်ထက်ဆုံး လွတ်လွတ်စွန့်ကြဲခြင်းရှိသူ၊ ပေးလှူရန် အခါခပ်သိမ်း စင်ကြယ်သော လက်ရှိသူ၊   စွန့်လှူခြင်း                ၌ မွေ့လျော်သူ၊ သူတစ်ပါးတို့ တောင်းခံခြင်းငှါ ထိုက်သူ၊ ပေးကမ်းလှူဒါန်းဝေဘန်ခြင်း၌ မွေ့လျော်သူဖြစ်၍ ၀န်တိုခြင်းကင်းသောသူဖြစ်၍ အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊
၆။ အသက်ထက်ဆုံး မှန်သောစကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
၇။ အသက်ထက်ဆုံး အမျက်မထွက်သူ၊ “အကယ်၍ ငါ့အား အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာ ပယ်ဖျောက်နိုင်သူ ဖြစ်ပါအံ့။
       ရဟန်းတို့ သိကြားမင်းဟာ ဒီ ၇ မျိုးကို ကျင့်သုံးခဲ့လို့ ခုလို သိကြားမင်းဘ၀ ဖြစ်လာရတယ်။
       ဒါကြောင့် “အမိအဖတို့ကို လုပ်ကျွေးမွေးမြူလော့၊ အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ၀န်တိုခြင်းမရှိသော၊ မှန်သောစကားရှိသော၊ အမျက်ကို လွမ်းမိုးနှိပ်စက်တတ်သော ထိုပုဂ္ဂိုလ်ကို အမှန်စင်စစ် တာဝတိံသာနတ်တို့သည် “သူတော်ကောင်း” ဟု ဆိုကုန်၏။” (၀တပဒသုတ်၊ သဂါထာဝဂ်)
သိကြားမင်း ဖြစ်လိုသူများ ကျင့်သုံးနိုင်ကြပါစေ။
သူဌေးကြီးတစ်ဦးရဲ့ ကံကြမ္မာ
       တစ်နေ့သော နေမွန်းတည့်အချိန်မှာ ကောသလမင်းဟာ ဘုရားထံ ၀င်ဖူးပါတယ်။ ဘုရားရှင်က နှုတ်ဆက်လိုက်တယ်။
       “မင်းကြီး၊ ဘယ်ကလှည့်လာတာလဲ”
       “တင်ပါဘုရား၊ ဒီနေ့ သာဝတ္ထိပြည်က သူဌေးတစ်ယောက် သေပါတယ်။ အမွေခံသားသမီးမရှိတော့ ကျန်တဲ့ဥစ္စာတွေကို နန်းတော်ကို သယ်လာပါတယ်ဘုရား။ ချမ်းသာတာကလည်း လွန်ပါတယ်။ ရွှေချည်းပဲ သိန်းတစ်ရာဘုရား။ ငွေဆိုတာ ကတော့ ပြောစရာမလိုတော့ဘူးဘုရား။ ဒါပေမယ့် အံသြတာက သူဌေးကြီးစားတဲ့ အစာက ပုန်းရည်နှစ်ခွက်နဲ့ ဆန်ကွဲထမင်းကိုပဲ စားတယ်ဘုရား။ အ၀တ်ကလည်း ကြမ်းပေ့ဆိုတဲ့ ပိုက်ဆံလျော်ချည်အ၀တ်ကို ၀တ်တယ်။ စီးတဲ့ယာဉ်ကလည်း သစ်ရွက် ထီးဆောင်းပြီး ဆွေးနေတဲ့ ရထားငယ်နဲ့ သွားတယ်ဘုရား။”
       “မင်းကြီး၊ သင်ပြောတာမှန်တယ်။ ဒါဟာ သူ့ကံကြောင့် ဖြစ်တာ။ သူဟာ ရှေးဘ၀တုန်းက ကျေးကျွန်တို့ကို တဂ္ဂရသိခီမည် တဲ့ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခိုင်းခဲ့တယ်။ ဒါပေမယ့် လှူပီးတဲ့အခါမှာ စိတ်ကွပ်ပြီး “ကျေးကျွန်တွေကို လှူတာကမှ မြတ်သေး တယ်”ဆိုပြီး နှလုံးမသာယာဖြစ်ခဲ့တယ်။ နောက်ပြီး အစ်ကိုရဲ့ တစ်ဦးတည်းသော သားကိုလည်း ဥစ္စာအတွက်နဲ့ သတ်ခဲ့တယ်။
ဆွမ်းလှူခဲ့တဲ့ကံကြောင့် နတ်ပြည် ၇ ကြိမ်၊ လူ့ဘ၀ သူဌေးအဖြစ် ၇ ကြိမ် ဖြစ်ခဲ့တယ်။ သို့သော်လည်း လှူပြီးနောက် နှလုံးမသာ ယာဖြစ်ခဲ့လို့ သူဟာ ကောင်းတဲ့အစားအစာ၊ အ၀တ်အထည်၊ ယာဉ်တွေကို စိတ်မညွတ်။ ဆင်းဆင်းရဲရဲနဲ့ စားရ၊ ၀တ်ရတယ်။
အစ်ကိုရဲ့ သားကို သတ်ခဲ့လို့ နှစ်ထောင်၊ သောင်း၊ သိန်းများစွာ ငရဲမှာ ကျက်ရတယ်။ အမွေခံသားသမီးမရှိပဲ ကျန်ခဲ့တဲ့ဥစ္စာတွေ ကို ၇ ကြိမ်တိုင်တိုင် မင်းရဲ့ ဘဏ္ဍာတိုက်သို့ သွင်းရတယ်။
        ထို သူဌေးမှာ အဟောင်းကုသိုလ်ကံတွေလည်း ကုန်ပြီ။ အသစ်ကုသိုလ်ကံတွေကိုလည်း မဆည်းပူး။ ဒါကြောင့် ခု သေပြီးနောက်မှာ မဟာရောရုဝငရဲသို့ ကျသွားပါပြီ။ မင်းကြီး၊ စပါး၊ ရွှေ၊ ငွေ၊ ကျေးကျွန်စတဲ့ ဥစ္စာတွေဟာ သေရင် ယူသွားလို့မရ။ အကုန်ထားခဲ့ရတယ်။ ကိုယ်၊ နှုတ်၊ စိတ်ဖြင့် ပြုအပ်တဲ့ ကံတွေသာလျှင် ယူသွားလို့ရတယ်။ အရိပ်က လူကို အစဉ်လိုက်သလို ထိုကံတွေဟာလည်း သံသရာအစဉ်လိုက်ပြီး အကျိုးပေးပါတယ်။
       ဒါကြောင့် တမလွန် အကျိုးစီးပွားလိုလားသူဟာ ကုသိုလ်ကောင်းမှု ပြုရမယ်။ ကုသိုလ်သည်သာလျှင် တမလွန်မှာ သတ္တ၀ါတို့ရဲ့ ထောက်တည်ရာ ဖြစ်တယ်။” ဟု ဟောကြားတော်မူလိုက်ပါတယ်။ (ဒုတိယအပုတ္တကသုတ်)
       အလွန်မှတ်သားထိုက်တဲ့ တရားတော်ပါ။ ဒီအဖြစ်အပျက်လေးကို သံဝေဂယူပြီး တမလွန်အတွက် ထောက်တည်ရာဖြစ်တဲ့ ကုသိုလ်ကို များများဆည်းပူးနိုင်ကြပါစေ။