တစ်နေ့သော နေမွန်းတည့်အချိန်မှာ ကောသလမင်းဟာ ဘုရားထံ ၀င်ဖူးပါတယ်။ ဘုရားရှင်က နှုတ်ဆက်လိုက်တယ်။
“မင်းကြီး၊ ဘယ်ကလှည့်လာတာလဲ”
“တင်ပါဘုရား၊ ဒီနေ့ သာဝတ္ထိပြည်က သူဌေးတစ်ယောက်
သေပါတယ်။ အမွေခံသားသမီးမရှိတော့ ကျန်တဲ့ဥစ္စာတွေကို နန်းတော်ကို သယ်လာပါတယ်ဘုရား။
ချမ်းသာတာကလည်း လွန်ပါတယ်။ ရွှေချည်းပဲ သိန်းတစ်ရာဘုရား။ ငွေဆိုတာ ကတော့
ပြောစရာမလိုတော့ဘူးဘုရား။ ဒါပေမယ့် အံသြတာက သူဌေးကြီးစားတဲ့ အစာက
ပုန်းရည်နှစ်ခွက်နဲ့ ဆန်ကွဲထမင်းကိုပဲ စားတယ်ဘုရား။ အ၀တ်ကလည်း ကြမ်းပေ့ဆိုတဲ့
ပိုက်ဆံလျော်ချည်အ၀တ်ကို ၀တ်တယ်။ စီးတဲ့ယာဉ်ကလည်း သစ်ရွက် ထီးဆောင်းပြီး ဆွေးနေတဲ့
ရထားငယ်နဲ့ သွားတယ်ဘုရား။”
“မင်းကြီး၊ သင်ပြောတာမှန်တယ်။ ဒါဟာ သူ့ကံကြောင့်
ဖြစ်တာ။ သူဟာ ရှေးဘ၀တုန်းက ကျေးကျွန်တို့ကို တဂ္ဂရသိခီမည် တဲ့ ပစ္စေကဗုဒ္ဓါအား
ဆွမ်းလှူခိုင်းခဲ့တယ်။ ဒါပေမယ့် လှူပီးတဲ့အခါမှာ စိတ်ကွပ်ပြီး “ကျေးကျွန်တွေကို
လှူတာကမှ မြတ်သေး တယ်”ဆိုပြီး နှလုံးမသာယာဖြစ်ခဲ့တယ်။ နောက်ပြီး အစ်ကိုရဲ့
တစ်ဦးတည်းသော သားကိုလည်း ဥစ္စာအတွက်နဲ့ သတ်ခဲ့တယ်။
ဆွမ်းလှူခဲ့တဲ့ကံကြောင့် နတ်ပြည် ၇ ကြိမ်၊ လူ့ဘဝ
သူဌေးအဖြစ် ၇ ကြိမ် ဖြစ်ခဲ့တယ်။ သို့သော်လည်း လှူပြီးနောက် နှလုံးမသာ ယာဖြစ်ခဲ့လို့
သူဟာ ကောင်းတဲ့အစားအစာ၊ အ၀တ်အထည်၊ ယာဉ်တွေကို စိတ်မညွတ်။ ဆင်းဆင်းရဲရဲနဲ့ စားရ၊
ဝတ်ရတယ်။
အစ်ကိုရဲ့ သားကို သတ်ခဲ့လို့ နှစ်ထောင်၊ သောင်း၊
သိန်းများစွာ ငရဲမှာ ကျက်ရတယ်။ အမွေခံသားသမီးမရှိပဲ ကျန်ခဲ့တဲ့ဥစ္စာတွေ ကို ၇
ကြိမ်တိုင်တိုင် မင်းရဲ့ ဘဏ္ဍာတိုက်သို့ သွင်းရတယ်။
ထို သူဌေးမှာ အဟောင်းကုသိုလ်ကံတွေလည်း ကုန်ပြီ။
အသစ်ကုသိုလ်ကံတွေကိုလည်း မဆည်းပူး။ ဒါကြောင့် ခု သေပြီးနောက်မှာ မဟာရောရုဝငရဲသို့
ကျသွားပါပြီ။ မင်းကြီး၊ စပါး၊ ရွှေ၊ ငွေ၊ ကျေးကျွန်စတဲ့ ဥစ္စာတွေဟာ
သေရင် ယူသွားလို့မရ။ အကုန်ထားခဲ့ရတယ်။ ကိုယ်၊ နှုတ်၊ စိတ်ဖြင့် ပြုအပ်တဲ့
ကံတွေသာလျှင် ယူသွားလို့ရတယ်။ အရိပ်က လူကို အစဉ်လိုက်သလို ထိုကံတွေဟာလည်း
သံသရာအစဉ်လိုက်ပြီး အကျိုးပေးပါတယ်။
ဒါကြောင့် တမလွန် အကျိုးစီးပွားလိုလားသူဟာ
ကုသိုလ်ကောင်းမှု ပြုရမယ်။ ကုသိုလ်သည်သာလျှင် တမလွန်မှာ သတ္တ၀ါတို့ရဲ့ ထောက်တည်ရာ
ဖြစ်တယ်။” ဟု ဟောကြားတော်မူလိုက်ပါတယ်။ (ဒုတိယအပုတ္တကသုတ်)
အလွန်မှတ်သားထိုက်တဲ့ တရားတော်ပါ။ ဒီအဖြစ်အပျက်လေးကို
သံဝေဂယူပြီး တမလွန်အတွက် ထောက်တည်ရာဖြစ်တဲ့ ကုသိုလ်ကို
များများဆည်းပူးနိုင်ကြပါစေ။
No comments:
Post a Comment