အတုမရှိ ဗုဒ္ဓဘုရားရှင်ဟာ တစ်နေ့သောအခါတွင် ဝေသာလီပြည်
မဟာဝုန်တောထဲမှာရှိတဲ့ ပြဿဒ်ကျောင်းဆောင်ကြီး ထဲမှာ တင့်တယ်စွာ စံပယ်တော်မူနေပါတယ်။
အဲဒီအချိန်မှာ လိစ္ဆ၀ီခေါ်တဲ့ မင်းညီမင်းသား ငါးရာတို့ဟာ မောင်းမမိဿံအခြံ အရံဖြင့်
ဘုရားရှင်ကို ဖူးမြော်ရန် ရောက်လာကြပါတယ်။ မင်းညီမင်းသားတွေဖြစ်သည်အားလျော်စွာပဲ
အကောင်းဆုံးဖြစ်သော နန်းဝတ်နန်းစား ၀တ်ကောင်းစားလှများ ၀တ်ဆင်ကာ
အခြံအရံများစွာဖြင့် ဘုရားရှင်ထံ ချဉ်းကပ်လာကြတာဖြစ်ပါတယ်။
အချို့သော မင်းညီမင်းသားတွေဟာ အညိုရောင်အဆင်းရှိတဲ့
အ၀တ်တန်ဆာတွေ ၀တ်ဆင်ထားကြတယ်။ အချို့သော မင်းညီ မင်းသားတွေကတော့ အ၀ါရောင်အဆင်းရှိတဲ့
အ၀တ်တန်ဆာတွေ ၀တ်ဆင်ထားကြတယ်။ အချို့သော မင်းညီမင်းသားတွေ ကတော့ အနီရောင်
အ၀တ်တန်ဆာတွေကို ၀တ်ဆင်းထားကြလေတယ်။ အချို့သော မင်းညီမင်းသားတွေ ကတော့ အဖြူရောင်
အ၀တ်တန်ဆာတွေကို ဆင်မြန်းထားကြပါတယ်။ အရောင်များစုံစုံလင်လင်ဖြင့် ဆင်မြန်းထားကြတဲ့အတွက်
လွန်စွာမှပင် လှပတင့်တယ်နေကြပါတော့တယ်။
သို့သော်လည်း သူတို့ရဲ့ လှပတင့်တယ်မူတွေဟာ ဘုရားရှင်ရှေ့မှောက်ရောက်တဲ့အခါမှာတော့
ပျောက်ကွယ် သွားရပါတော့တယ်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ရဲ့
အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်း ပကတိလှပတင့်တယ်မူဟာ
လိစ္ဆ၀ီမင်းသားတွေရဲ့ လှပမှုတွေကို ဖုံးလွမ်းထားလို့ပါပဲ။
အဲဒီအချိန်မှာ ပိင်္ဂီယာနီလို့ ခေါ်တဲ့ ပုဏ္ဏားဟာ ထို
မင်းညီမင်းသားတွေထက် သာလွန်ပြီး အတုမရှိ တင့်တယ်တော် မူသော မြတ်စွာဘုရားရှင်ကို
ဖူးမြော်လိုက်ရတဲ့အခါ မနေနိုင်တော့ပဲ ထပြီး လက်ဝဲပုခုံးပေါ်မှာ အပေါ်ရုံစလေးကို
တင်ပြီး လက်အုပ်ချီကာ ဘုရားရှင်ကို ခွင့်တောင်းလိုက်ပါတယ်။
“မြတ်စွာဘုရား ဘုရားတပည့်တော် လျှောက်တင်ပါရစေဘုရား။
မြတ်စွာဘုရား ဘုရားတပည့်တော် လျှောက်တင်ပါရစေ ဘုရား။”
“ပိင်္ဂီယာနီ....၊ သင်လျှောက်ထားလော့”
ဘုရားရှင်ထံမှ ခွင့်ရတဲ့အခါ အသံကို မြင့်တင်လိုက်ပြီး
ဂါထာများဖြင့် ချီးမွမ်းလိုက်ပါတော့တယ်။
“နံနက်စောစောမှာ ပွင့်သော၊ အနံကောင်းပြီး ရနံမပြယ်သော၊
ကောဒနမည်တဲ့ ပဒုမ္မာကြာပန်းကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ အမိုက်မှောင်ကို
ပယ်ဖျောက်လျှက် နေမင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူသော၊ ကိုယ်တော်မှ
ရောင်တော်စုံ ကွန့်မြူးလျက်ရှိသော မြတ်စွာဘုရားရှင်အား ဖူးမြော်ကြပါလော့။” ဟု
အားရပါးရ ချီးမွမ်းလိုက် ပါတော့တယ်။
ထိုအခါ လိစ္ဆ၀ီမင်းသားတို့ဟာ သူတို့ရဲ့ ငါးရာသော
အပေါ်ရုံအထည်များကို ပုဏ္ဏားအား ပေးလိုက်ပါတယ်။ ပုဏ္ဏားကလည်း ထိုဝတ်ရုံများကို
ဘုရားရှင်အား လှူဒါန်းလိုက်ပါတယ်။
ထို့နောက် ဘုရားရှင်ကိုယ်တော်မြတ်ဟာ ခြင်္သေ့သံကဲ့သို့
လိစ္ဆ၀ီမင်းသားတို့အား အောက်ပါအတိုင်း တရားဟောတော်မူလိုက်ပါတယ်။
“မင်းသားတို့.....၊ လောကမှာ ရတနာငါးမျိုး
ဖြစ်ပေါ်ဖို့ဟာ အလွန်ခဲယဉ်းလှပါတယ်။ ဘာတွေလဲဆိုရင်....
၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော၊
အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိတော်မူတတ်သော ဘုရားရှင်တို့
ဖြစ်ပေါ်ခြင်းကို အလွန်ရခဲ့၏။
၂။ ဘုရားရှင်ဟေားကြားအပ်သော တရားတော်များကို
ပြန်လည်ဟောကြားတတ်သော ပုဂ္ဂိုလ်ကို အလွန်ရခဲ၏။
၃။ မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဓမ္မ၀ိနယကို
ဟောကြားသည်ရှိသော် သိနိုင်သောပုဂ္ဂိုလ်ကို အလွန်ရခဲပ၏။
၎။ ထိုတရားအားလျှော်စွာ ကျင့်နိုင်သောပုဂ္ဂိုလ်ကိုလည်း
ရခဲ၏။
၅။ သူတစ်ကျေးဇူးကို သိပြီး ထိုကျေးဇူးကို ဖော်ထုတ် ကျေးဇူးဆပ်တတ်သောပုဂ္ဂိုလ်ကိုလည်း
အလွန်ရခဲပါ၏။”
မင်းညီမင်းသားတို့လည်း အားရကျေနပ်စွာဖြင့် သာဓုခေါ်ကာ
ဘုရားရှင်အား အတိုင်းထက်အလွန် ကြည်ညိုသွားပါတော့တယ်။ (ပိင်္ဂီယာနီသုတ်)
No comments:
Post a Comment