သိကြားမင်းဆိုတာ တာဝတိံသာနတ်ပြည်ကို အုပ်စိုးရတဲ့နတ်မင်းပေါ့။ သာသနာကိုလည်း ကြည်ညိုလေးစားပါတယ်။
တစ်နေ့တော့ ဘုရားရှင်က ရဟန်းတွေကို
သိကြားမင်းဖြစ်ကြောင်းတရားတွေကို ဟောပါတယ်။
“ရဟန်းတို့ သိကြာမင်းဟာ ရှေးလူဖြစ်စဉ်က ကျင့်ဝတ် ၇
မျိုးကို လိုက်နာပြုကျင့်ခဲ့တယ်။ ဘာတွေလဲဆိုရင်....
၁။ အသက်ထက်ဆုံး အမိအဖကို လုပ်ကျွေးမွေးမြူသူ
ဖြစ်ပါအံ့၊
၂။ အသက်ထက်ဆုံး အမျိုးထဲ၌ ကြီးသောသူတို့ကို
အရိုအသေပြုလေ့ရှိသူဖြစ်ပါအံ့၊
၃။ အသက်ထက်ဆုံး သိမ်မွေ့သောစကားကို ဆိုသူဖြစ်ပါအံ့၊
၎။ အသက်ထက်ဆုံး ကုန်းစကားကို ဆိုလေ့မရှိသူဖြစ်ပါအံ့၊
၅။ အသက်ထက်ဆုံး လွတ်လွတ်စွန့်ကြဲခြင်းရှိသူ၊ ပေးလှူရန်
အခါခပ်သိမ်း စင်ကြယ်သော လက်ရှိသူ၊ စွန့်လှူခြင်း ၌ မွေ့လျော်သူ၊ သူတစ်ပါးတို့
တောင်းခံခြင်းငှါ ထိုက်သူ၊ ပေးကမ်းလှူဒါန်းဝေဘန်ခြင်း၌ မွေ့လျော်သူဖြစ်၍
ဝန်တိုခြင်းကင်းသောသူဖြစ်၍ အိမ်ကို အုပ်စိုးနေသူ ဖြစ်ပါအံ့၊
၆။ အသက်ထက်ဆုံး မှန်သောစကားကို ဆိုလေ့ရှိသူ ဖြစ်ပါအံ့၊
၇။ အသက်ထက်ဆုံး အမျက်မထွက်သူ၊ “အကယ်၍ ငါ့အား
အမျက်ထွက်ခြင်း ဖြစ်စေကာမူ ထိုအမျက်ကို လျင်စွာ ပယ်ဖျောက်နိုင်သူ ဖြစ်ပါအံ့။
ရဟန်းတို့ သိကြားမင်းဟာ ဒီ ၇ မျိုးကို
ကျင့်သုံးခဲ့လို့ ခုလို သိကြားမင်းဘ၀ ဖြစ်လာရတယ်။
ဒါကြောင့် “အမိအဖတို့ကို လုပ်ကျွေးမွေးမြူလော့၊
အမျိုးထဲ၌ ကြီးသောသူတို့ကို အရိုအသေပြုလေ့ရှိသော၊ သိမ်မွေ့နူးညံ့သော စကားကို
ပြောဆိုတတ်သော၊ ကုန်းစကားကို ပယ်လေ့ရှိသော၊ ၀န်တိုခြင်းမရှိသော၊
မှန်သောစကားရှိသော၊ အမျက်ကို လွမ်းမိုးနှိပ်စက်တတ်သော ထိုပုဂ္ဂိုလ်ကို အမှန်စင်စစ်
တာဝတိံသာနတ်တို့သည် “သူတော်ကောင်း” ဟု ဆိုကုန်၏။” (၀တပဒသုတ်၊ သဂါထာဝဂ်)
သိကြားမင်း ဖြစ်လိုသူများ ကျင့်သုံးနိုင်ကြပါစေ။
No comments:
Post a Comment