ရေဟာ လူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော အရာပါ။ ရေဟာ ငွေကြေးအားဖြင့် တန်ဖိုးမကြီးပေမယ့် အကျိုးပြုမှု ကတော့ ကြီးမားလှပါတယ်။ လှူဖို့လည်း မခဲရင်းသလို လူတိုင်းအတွက်လည်း လိုအပ်လှတာမို့ အောက်ပါ ဇာတ်ကြောင်းလေးကို ဖတ်ပြီးရင် ရေကုသိုလ်ယူပါလို့ တိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတော်မှာ
သီးတော်သုံးတော်မူစဉ်က ရာဇဂြိုဟ်မှ ဆင်းရဲသားတစ်ယောက်ဟာ အခစားအဖြစ် သရက်ဥယျာဉ်ကို
အစောင့်ရှောက်တာဝန်ယူနေခဲ့ပါတယ်။ တစ်နေ့မှာ ဆင်းရဲသားဟာ နွေနေပူထဲမှာ
ကြွ လှမ်းတော်မူနေတဲ့ အရှင်သာရိပုတ္တရာကို တွေ့ပြီး ဥယျာဉ်ထဲမှာ အနားယူဖို့
ပင့်လိုက်ပါတယ်။ မထေရ်လည်း ဆင်းရဲသား စိတ်ချမ်းသာအောင် ကြွတော်မူလိုက်ပါတယ်။ ထို့နောက် သောက်သုံးရေ၊ ချိုးရေအတွက် ရေလှူချင်ကြောင်း
လျောက်ထား တဲ့အခါ မထေရ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူပါတယ်။
ဆင်းရဲသားဟာ ရေတွင်းထဲကနေ ရေခပ်ပေးပြီး သောက်ရေ၊
သုံးရေ၊ ခြေလက်ဆေးဖို့ရေ စသည်ဖြင့် ပြင်ဆင်ပေးတယ်။ မထေရ်လည်း ရေသပ္ပါယ်ကာ အေးမြတဲ့
ရေကို သုံးဆောင်လိုက်ရတော့ အမောပြေ အေးချမ်းသွားပါတယ်။ ထို့နောက် ဆင်းရဲ သားကို
ရေအကျိုးတရားတွေဟောကြားပြီး လိုရာခရီး ကြွချီခဲ့ပါတယ်။
ဆင်းရဲသားဟာ မထေရ်ကို သောက်ရေ၊ သုံးရေလှူလိုက်ရလို့
အရမ်းကို ၀မ်းသာပီတိဖြစ်လို့ နေပါတော့တယ်။ ကာလ အတန်ကြာတော့ အကြောင်းအားလျော်စွာပဲ
ဆင်းရဲသားဟာ ဘ၀ဆုံးလို့ တာဝတိသာနတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။
အရှင်မဟာမောဂ္ဂလာန်ဟာ နတ်ပြည်သို့ကြွတော်မူစဉ်
ခမ်းနားလှတဲ့ဗိမာန်ပိုင်ရှင်နတ်သားကို တွေ့လို့ ဘယ်လိုကုသိုလ်တွေ လုပ်ခဲ့သလဲ
မေးတဲ့အခါ နတ်သားက သူလုပ်ခဲ့တဲ့ ကုသိုလ်ကို ခုလို ရှင်းပြလိုက်ပါတယ်။
“အရှင်ဘုရား၊ တပည့်တော် လူ့ဘ၀ ဆင်းရဲသားဖြစ်စဉ်က
သရက်ဥယျာဉ်ထဲမှာ အရှင်သာရိပုတ္တရာအား ရေလှူခဲ့ပါတယ်။ ထိုကုသိုလ်ကြောင့် ခုလို
အကျိုးဖြစ်ရပါတယ်။ အရှင်ဘုရား ရေလှူလိုက်တာဟာ လုံလတစ်ခုဖြင့် တပည့်တော်အတွက်
အကျိုး သုံးမျိုး ပြီးပြီးသား ဖြစ်သွားပါတယ်ဘုရား။ သရက်ပင်ကိုလည်း
ရေလောင်းပြီးသားဖြစ်တယ်။ အရှင်သာရိပုတ္တရာကို လည်း ရေ သန့်စင်ပြီးသား ဖြစ်ပါတယ်။
တပည့်တော်အတွက် များမြတ်သောကုသိုလ်ကို ဆည်းပူးပြီးသား လည်း ဖြစ်သွား ပါတယ်ဘုရား။”
အရှင်မောဂ္ဂလာန်လည်း သာဓုသုံးကြိမ်ခေါ်ကာ လူ့ပြည်သို့
ပြန်ကြွလာပါတော့တယ်။
အားလုံး ရေလို အေးမြလန်းဆန်းကြပါစေ။
No comments:
Post a Comment