မိခင်မေတ္တာ
တိတ်ဆိတ်တဲ့တစ်ညမှာ
အမေ့မျက်နှာ ပြုံးနေတာ
သားရတနာ ပြန်လာလို့တဲ့
ရုတ်တရက် အမေလန့်ကာနိုးခဲ့
အိမ်မက်ထဲက သားလေး
အပြင်မှာ တကယ်ပြန်လာလေသလားလို့
ဘေးဘယ်ညာ ပတ်ကာကြည့်
အမှောင်တိကိုပဲ မြင်ရတယ်။
ပြုစုလုပ်ကျွေးမယ့် သားရတနာ
အမေတိုင်း လိုချင်တာ။
နို့ချိုအရသာကို ပေး၊ သားသမီးတွေကို စောင့်ရှောက်တာ
မာတာမိခင်ပါ.....။
ကောင်းမှုတွေ ဖြစ်စေကာ နတ်ရွာကို ပို့ပေးတာ
မာတာမိခင်ပါ.....။
ဥတုလာပြီးစချိန်အခါ ၀မ်းကြာကို ရင်ခွင်လွယ်
ချင်ခြင်းရယ် ဖြစ်ပေါ်လာ
နှလုံးလှ မိမာတာ။
အမေဆိုတာ...
ကိုးလလွယ် ဆယ်လဖွား သမီးသားတွေ ဖြစ်စေတာ။
နို့ချွေကာ တေးသံပေး နွေးထွေးတဲ့ ရင်ခွင်မှာ မေတ္တာငွေ့ကို ဖြာ
တဆာဆာ ငိုနေတဲ့ သားကို နှစ်သိမ့်ရှာ။
နေပြင်းပူတဲ့အခါ မြတ်နိုးဖွယ် မိမျက်နှာ သားလေးကို ကြည့်တတ်တာ။
မသိမလိမ္မာသေးတဲ့ သားငယ် အရွယ်လွန်တဲ့ထိ မွေးမြူတာ။
ပင်ပန်းစွာရှာသမျှ သမီးသားအတွက် ရည်ရွယ်လျက် စောင့်ရှောက်တာ။
အိမ်ပြန်နောက်ကျတဲ့ သားငယ် ဘယ်အရပ်သို့ ရောက်နေလဲ အမြဲတွေးပူနေတာ။
အမေဖြစ်သူတိုင်း ထပ်တူပါ..။
အမေအဖေကို မလုပ်ကျွေးသူ ငရဲမှာပူ
သည်လိုလူ လူပြည်နေလဲ ဆင်းဆင်းရဲရဲ
ရှာနေဆဲ ဓနလည်း မိဘကို မကျွေးလို့ အနေမမြဲ
ဒီငရဲ ဒီဆင်းရဲ တကယ်ပဲ မဖြစ်ချင်ပါ
မိနှင့်ဘ တို့သူငါ ရှာဖွေကာ ပြုစုဖို့ပဲ....။
(သောဏနန္ဒဇာတ်ကို မှီသည်)
ရွှေစမ်းမြေ ဘိက္ခုသာရ

No comments:
Post a Comment