Thursday, January 30, 2014

သစ်ပင်တရား



       တရားလေးကတော့ ခပ်ဆန်းဆန်းလေးပါပဲ။ ဒါပေမယ့် အလွန်မှတ်သားစရာကောင်းပါတယ်။ ဒီသစ်ပင်တရားကို ဘုရားရှင် ကိုယ်တော်မြတ်က ဓမ္မိကလို့ ခေါ်တဲ့ ရဟန်းကို အကြောင်းပြုပြီး ဟောထားတာပါ။
       အကြောင်းကဒီလိုပါ။ ဓမ္မိကရဟန်းဟာ ရွာ ၇ ရွာရဲ့ ကျောင်းထိုင်ဆရာတော်ပါ။ ဆရာတော်ဟာ နှုတ်ကြမ်း ပါတယ်။ ကျောင်းရောက်လာတဲ့ ဧည့်သည်ရဟန်းတွေကို ဆဲရေးတယ်။ ဧည့်သည်ရဟန်းတွေကလည်း သူ့ကို ပြန်ဆဲတယ်။ ပြီးတော့ မတည်းပဲ အခြားနေရာသို့ သွားကြပါတော့တယ်။ ဒါကို ရွာသားတွေသိတော့ ဓမ္မိက ရဟန်းကို ရွာကနေ နှင်ထုတ် လိုက်ပါတယ်။ ဓမ္မိကရဟန်းဟာ အခြားရွာ ခြောက်ရွာကို ရောက်တော့လည်း အလားတူ ပြုမူပြီး နှင်ထုတ်ခံရပါ တယ်။ နောက်ဆုံးတော့ ဘုရားရှင်ဆီရောက်လာတာပေါ့။
       ဒီအကြောင်းကို သိတော်မူတဲ့အခါ ဘုရားရှင်က သစ်ပင်တရား ဥပမာလေးနဲ့ ဟောပါတော့တယ်။
       “ဓမ္မိက..၊ ရှေးတုန်းက ကောရဗျမင်းမှာ သုပ္ပတိဋ္ဌိတလို့ခေါ်တဲ့ ပင်ညောင်ပင်ကြီး ရှိတယ်။ အဲဒီပင်ကြီးမှာ အခက်ငါးခု ရှိတယ်။ အေးမြပြီး စိတ်နှလုံးကို ချမ်းမြေ့စေတယ်။ အပင်ပမာဏက တစ်ယူဇနာလောက်ကျယ်တယ်။ အမြစ်တွေကတော့ ငါးယူဇနာလောက်ရှိတယ်။ အသီးတွေဟာ တစ်ပြည်ချက်အိုးလောက်ကြီးပြီး ပျားရည်ပမာ အရသာရှိတယ်။ အကိုင်းတစ်ခု ကို မောင်းမတွေနဲ့အတူ မင်းက သုံးဆောင်တယ်။ တစ်ခုကို စစ်သည်ဗိုလ်ပါတွေ သုံးဆောင်တယ်။ တစ်ခုကို ဇနပုဒ်သားတွေ သုံးဆောင်တယ်။ တစ်ခုကို သမဏဗြဟ္မဏတွေ သုံးဆောင်တယ်။ တစ်ခုကိုတော့ သားသမင်တို့ သုံးဆောင်ကြတယ်။ သူ့စည်းနဲ့သူပေါ့။
       တစ်နေ့တော့ ယောင်္ကျားတစ်ယောက်ဟာ အသီးကိုစားပြီး အခတ်ကို ချိုးတယ်။ သစ်ပင်စောင့်နတ်စိတ်ဆိုးတော့ သစ်ပင်မှာ အသီးတွေ မပေးတော့ဘူး။ ကောရဗျမင်းက သိကြားမင်းသွားတိုင်တော့ သိကြားမင်းက လေကြီးမိုးကြီး ဖန်တီးပြီး သစ်ပင်ကို လှဲလိုက်တယ်။ သစ်ပင်စောင့်နတ်လည်း ဗိမာန်ပျက်တော့ ငိုတာပေါ့။
       သိကြားမင်းက နတ်သားကို ပြောပါတယ်။ “သင်ဟာ သစ်ပင်တရား၌ မတည်လို့ ခုလို အလှဲခံရတာ။ နတ်သား ..၊ လောကမှာ သစ်ပင်ရဲ့ အမြစ်ကို လိုချင်တဲ့သူဟာ အမြစ်ကို ယူမယ်။ အသီးလိုတဲ့သူဟာ အသီးကို ယူမယ်။ အခက်ကို လိုတဲ့သူဟာ အခက်ကို ယူမယ်။ အပွင့်လိုချင်တဲ့သူက အပွင့်ယူမယ်။ အဲလိုယူတဲ့အတွက်ကြောင့် သင်မှာ နှလုံးမသာမယာ မဖြစ်ထိုက်ဘူး။ တကယ်လို့ သင်ဟာ သစ်ပင်တရား၌ တည်မယ်ဆိုရင် သစ်ပင်ဟာ နဂိုအတိုင်း ပြန်ဖြစ်လိမ့်မယ်။”
နတ်သားလည်း သစ်ပင်တရား၌ တည်ပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ သိကြားမင်းလည်း သစ်ပင်ကို နဂိုတိုင်း ပြန်ဖြစ်အောင် လုပ်ပေးလိုက်ပါတယ်။
       “ဓမ္မိက ထို့အတူပဲ သာသနာတော်မှာ နေတဲ့ရဟန်းဟာ ဆဲရေးသူကို ပြန်၍ မဆဲရေးခြင်း၊ ချုပ်ခြယ်သူကို ပြန်ပြီး မချုပ်ခြယ်၊ ငြင်းခုံသူကို ပြန်မငြင်းခုံခြင်းဖြင့် ရဟန်းတရား၌ တည်ပါ။ ဒါဆိုရင် ရွာသားတွေ ပြန်လက်ခံပါလိမ့်မယ်” ဟု ဟောတော်မူလိုက်ပါတယ်။

No comments:

Post a Comment