Thursday, October 2, 2014

စိတ်မြင့်မှ ဘဝတင့်တယ်

စိတ်မြင့်တယ်ဆိုတာ ဘဝင်မြင့်မောက်မာတာကို မဆိုလိုပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်ကိန်းနေတာကို ဆိုလိုတာပါ။ ထိုမြင့်မြတ်တဲ့စိတ်မွေးဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အဖန်တလဲလဲ လေ့ကျင့်ယူရပါတယ်။ လောဘ ဒေါသ မာန်မာန ဣဿာမစ္ဆရိယစတဲ့ စိတ်ရိုင်းတွေ ဝင်လာရင် လက်မခံဘဲ ဗြဟ္မစိုရ်စိတ်ဓာတ်လေးတွေ အစားထိုး မွေးမြူပေးရပါမယ်။ 

ဘုရားလောင်းဟာ လူဘဝ တိရိစ္ဆာန်ဘဝ နတ်ဘဝ စသည် ကျင်လည်ခဲ့ပါတယ်။ ဖြစ်ခဲ့တိုင်းသောဘဝတွေမှာ စိတ်ဓာတ်မြင့်မားနေတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုရင် မြင့်မြတ်တဲ့ပါရမီတွေ လေ့ကျင့်ဖြည့်ဆည်းခဲ့လို့ပါပဲ။ တိရိစ္ဆာန်ဘဝပင်ဖြစ်လင့်ကစား တိရိစ္ဆာန်စိတ်ဓာတ်အပြည့်မရှိပါဘူး။ လူတွေထက်တောင် စိတ်ဓာတ်မြင့်နေတာကို တွေ့ရတယ်။

ရေမြင့်ရင် ကြာတင့်ဆိုသလို စိတ်မြင့်ရင်လည်း ဘဝတင့်ပါတယ်။ ဒါကြောင့် မိမိတို့ဘဝမြင့်ဖို့ဆိုရင် ဗြဟ္မစိုရ်စိတ်ဓာတ်မြင့်အောင် မွေးမြူဖို့ လိုအပ်ပါတယ်။
(နိက္ခမဝါသီတောရဆရာတော်ရဲ့ မြင့်မြတ်တဲ့စိတ်ကို မွေးမြူပေးပါဟူသော အဆုံးအမကို အခြေခံပြီး တွေးမိတာလေး ရေးလိုက်တာပါ)

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ


Thursday, August 28, 2014

လူ့ဘဝဂုဏ်ရည်



၁။ လူ့ဘဝဆိုတာ ကုသိုလ်ဖြစ်ရာနယ်မြေ ဖြစ်တယ်။
လူ့ပြည်မှာ ကုသိုလ်ပြုပြီး နတ်ပြည် ဗြဟ္မပြည် နောက်ဆုံးနိဗ္ဗာန်ကို သွားလို့ရတယ်။

၂။ ရဟန်းတွေဖြစ်ပေါ်ရာ သိမ်တွေနှင့် ပြည့်စုံတယ်။

၃။ ဗုဒ္ဓသာသနာတော်မြတ်ထွန်းကားရာ ဌာနဖြစ်တယ်။

၎။ နိဗ္ဗာန်ဟူသော ရွှေမြို့တော်ကြီးသို့ တက်ရောက်ရာ ဆိပ်ကမ်းကြီးဖြစ်တယ်။

ဒီဂုဏ်ရည်တွေနဲ့ ပြည့်စုံလို့ လူဘဝဟာ အခြားသောဘဝတွေထက် မြတ်ပါတယ်။

မြတ်တဲ့ဘဝကို ရထားပြီး ယုတ်ညံ့တဲ့အပြုအမူတွေ ပြုမယ်ဆိုရင်တော့ လူ့ဘဝနဲ့ မထိုက်တန်ပါဘူး။ ကိုယ်နဲ့ ထိုက်တဲ့ဘဝကို ဆင်းရပါလိမ့်မယ်။

Monday, August 25, 2014

ဒန်းစီးသူနှင့် ငြမ်းဆင်သူ

မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ မိန့်တော်မူတဲ့ အဆုံးအမလေးကတော့ "လူ့ဘဝကို ဒန်းလုပ်ပြီးမစီးနဲ့ ငြမ်းလုပ်ပြီး နင်းတက်ရမယ်"တဲ့။

ဒန်းစီးတယ်ဆိုတာကတော့ ဟိုဘက်လွှဲဒီဘက်လွှဲနဲ့ ဒန်းပေါ်မှာပဲ ကျေနပ်ပျော်မွေ့နေတာပါ။
ငြမ်းဆင်တယ်ဆိုတာကတော့ အထက်ကိုတက်ဖို့ပါ။
လူအများစုဟာ ရလာတဲ့ လူ့ဘဝလေးကို ဒန်းအဖြစ်ပဲသဘောထားပြီး ပျော်နေတယ်။ သုံးဆောင်ခံစားနေတယ်။ ကောင်းမှုမပြုကြဘူး။
ကြိုးပြတ်တဲ့တစ်နေ့ အောက်ကို ဘုန်းကနဲကျမယ်ဆိုတာကို သတိမထားမိကြဘူး။
ဥာဏ်ရှိသူများကတော့ လူ့ဘဝကို ငြမ်းအဖြစ်အသုံးချပြီး ဒါနသီလဘာဝနာ ကောင်းမှုပြုကာ အထက်တက်ဖို့ ကြိုးစားကြပါတယ်။
စည်းစိမ်တွေကိုရင်းပြီး ဒါနငြမ်းဆင်ကာ တက်ဖို့ကြိုးစားတယ်။ ကိုယ်ခန္ဓာကိုရင်းပြီး သီလငြမ်းဆင်ကာ တက်ဖို့ ကြိုးစားတယ်။
စိတ်ကို အရင်းတည် ဘာဝနာငြမ်းဆင်ကာ တက်ဖို့ လုပ်တယ်။
ဒါကြောင့် သူတော်စင်များ လူ့ဘဝရခိုက်မှာ ငြမ်းဆင်ကာ တက်ဖို့ကြိုးစားပါ။
ဒန်းစီးပြီး အပျော်မလွန်ကြပါနဲ့ အရှိန်လွန် ကြိုးပြတ်ပြီး ပြုတ်ကျမှာစိုးပါတယ်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ


Saturday, August 16, 2014

မကွာနေ့ည ဆင်ခြင်ကြ


၁၂. ၈. ၂၀၁၄
ထိုနေ့မှာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာရှိတဲ့ ရွာလေးတစ်ရွာသို့ ရောက်ခဲ့တယ်။ အကြောင်းမှာ မိခင်ကြီးဒေါ်ပဲစိ ကံကုန်တာ တစ်လပြည့်အနေနဲ့ ကျန်ရစ်သူ တစ်ဦးတည်းသောသားမှ ရည်စူးကုသိုလ်ပြုတဲ့အတွက် တရားချီးမြင့်ရန် ကြွခဲ့ခြင်းဖြစ်ပါတယ်။

"အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဥာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။"

ခန္ဓာရလာရင် အိုနာသေနှင့် ရင်ဆိုင်ရမယ်။ ချစ်တဲ့သူနဲ့ ခွဲရမယ်။ ကိုယ်ပြုတဲ့ကံအတိုင်းပဲ ခံစားရမယ်။ ရှောင်လို့မရဘူး။ လူအများစုကတော့ ဒီသဘောတရားတွေကို အိပ်ယာထဲမထနိုင်အောင်လဲတော့မှ သို့မဟုတ် သေခါနီးကြမှာ ဆင်ခြင်ဖို့ သတိရတယ်။ ကျန်တဲ့အချိန်မှာ မအိုမနာမသေတော့မယ့်သူတွေလိုပဲ အစွဲအလမ်းတွေများ၊ မာနတွေပွား၊ ရှာထားတာလေးတွေ ကုတ်ကတ်စားပြီး သတိအမှောင်ဖုံး အပူလုံးတွေ ကြွကြတယ်။

ဒါကြောင့်ဘုရားရှင်က ဒီသဘောတရားငါးပါးကို နေ့ညမပြတ်ဆင်ခြင်ပြီး ကုသိုလ်တရား များများဆည်းပူးကာ လက်ရှိဘဝမှာ အကောင်းဆုံးဖြစ်အောင်နေထိုင်ဖို့ အဖန်တလဲလဲဆုံးမတော်မူခဲ့ပါတယ်။ ဘဝရဲ့ အကာတွေလောက်နဲ့ မတင်းတိမ်ပါနဲ့တဲ့။ အနှစ်ကို ရအောင်ယူပါ။ ကုသိုလ်မှလွဲ၍ အခြားသော ဘဝအနှစ်ဆိုတာမရှိပါ။ အားလုံးပဲ အကာကိုဖယ်ပြီး အနှစ်ကို
ထုတ်ယူနိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Monday, July 28, 2014

အမှားကို ပြင်နိုင်မှ လူကောင်း

                                

        မန်လည်ဆရာတော်က နောင်လာနောက်သားများ အမှားပြင်နိုင်ဖို့အတွက် အခုလို လင်္ကာရေးပြီး သတိပေးဆုံးမခဲ့ပါတယ်။
       "ယုတ်မာဆိုးတောင်း၊ ကျင့်မကောင်းကိုး၊ မှားကြောင်းတစိ၊ သိလျှင်သိချင်း၊ စွန့်ပယ်လျှင်းလော့၊ အတင်းယူစွဲ၊ ဖားမြွေခဲသို့၊ အမြဲမှတ်သို၊ မစွန့်လိုက၊ ဤကိုယ်သုခ၊ နောင်မရဘူး"

       ကိုယ့်ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ ခုလုပ်နေတဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီးတဲ့အခါ မှားလား မှန်လားဆိုတာ စိစစ်ကြည့်ရပါမယ်။ မှန်နေရင် ဆက်လျှောက်ပါ၊ မှားနေရင်တော့ ပြင်ဆင်ဖို့ ၀န်မလေးပါနဲ့။

       လူတစ်ချို့ဟာ အမှားသိကြသော်လည်း နောင်တမရကြပါဘူး။ သူတို့သန္တာန်မှာ လောဘတရားတွေ၊ မာနတရားတွေ၊ အာဃာတတရားတွေ ကြီးစိုးနေလို့ပါပဲ။

       ဘုရားလက်ထက်က သဉ္ဖယလို့ခေါ်တဲ့တိတ္ထိခေါင်းဆောင်ဆရာကြီးဟာ ကိုယ့်အယူမှားနေမှန်းသိပေ မယ့် "တပည့်အပေါင်းရဲ့ဆရာတစ်ဆူဖြစ်တဲ့ငါဟာ သူများတပည့်ပြန်လုပ်ဖို့ရာ မဖြစ်နိုင်၊ အိုးစရည်းထဲ ကရေဟာ ခရားထဲက ရေအဖြစ်သို့ အရောက်မခံနိုင်"ဟု ဆိုကာ အမှားမပြင်ဘဲ နေခဲ့ပါတယ်။

       ဇာတ်တော်မှာလာတဲ့ သာဓကတစ်ခုကတော့ စေတိယလို့ခေါ်တဲ့ မင်းဟာ မုသားစကားကို ပြောခဲ့ တယ်။ ကိုယ့်စကားမှားမှန်းသိသော်လည်း မာနခံနေတဲ့အတွက် အမှန်ကိုဝန်မခံပဲနေခဲ့တယ်။ နောက် ဆုံး မြေမျိုခံကာ ငရဲသို့ ကျဆင်းရတာပါပဲ။

       ခုခေတ်မှာလည်း လူတစ်ချို့ဟာ ဘ၀တစ်လျှောက်အမှားတွေ ကျူးလွန်ခဲ့တယ်။ မိမိရဲ့အလိုလော ဘကြောင့် အမှားတွေထပ်တလဲလဲလုပ်နေကြတယ်။ ဖားကို မျိုထားတဲ့မြွေလိုပဲ ခံတွင်းထဲကနေ ပြန်မ လွှတ်ချင်ကြပါဘူး။ သူတို့သန္တာန်မှာ အတ္တ၊ မာန်မာန၊ အာဃာတ၊ အာဏာပါဝါစတာတွေလွမ်းမိုးနေတဲ့ အတွက် ဆက်မျိုမြဲမျိုနေတော့တာပါပဲ။ အဲဒီအတွက်သုခဆိုတာ ဘ၀ဆက်တိုက် ဝေးကွာနေမှာပါပဲ။

       ကိုယ့်အမှားကို သိတဲ့အချိန်ကစပြီး ပြင်ဆင်နေထိုင်နိုင်မှ သူတော်ကောင်းလို့ ဆိုထိုက်ပါတယ်။ ဒါကြောင့် စာဖတ်သူများ ကိုယ့်အကျင့်မှားမှန်းသိရင် ပြင်ဖို့ဝန်မလေးပါနဲ့။ ကောင်းကျိုးတစ်စက်မှ မရှိပါဘူး။ ချက်ချင်းပြင်နိုင်အောင်ကျိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။


   

Monday, June 30, 2014

ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်နှစ်ဦး၏ ငြိမ်းချမ်းရေးလမ်းစဉ်

       ပညာရှိသူတော်ကောင်းများဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး ဓား ဓားချင်း၊ တုတ် တုတ် ချင်းဖြင့် တည်ဆောက်လို့မရဘူး၊ ခွင့်လွတ်ခြင်းဖြင့်သာ တည်ဆောက်လို့ရတယ်ဆိုတာကို နားလည် သဘောပေါက်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာကျော် ဘာသာရေးခေါင်းဆောင်နှစ်ဦးရဲ့ အဆိုအမိန့်   လေးတွေကို ပြောပြချင်ပါတယ်။ ထိုနှစ်ဦးကတော့ သခင်ယေရှု (Jesus) နှင့် ဗုဒ္ဓတို့ပဲ ဖြစ်ပါတယ်။

Sunday, June 22, 2014

သူယုတ်ဦးဆောင်က ပျက်ဆီးရ၊ သူကောင်းဦးဆောင်မှ ချမ်းသာရ

       ခေါင်းဆောင်ကောင်းဆိုတာ အမျော်အမြင်ရှိရတယ်။ အများအတွက်အကျိုးရှိမယ့်အလုပ်ကိုပဲ ချင့်ချိန် ဆုံးဖြတ်တယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်ထောက်ရှု ဤခြောက်ခုနှင့်အညီ ပြည့်စုံရပါတယ်။ 

       အမြော်အမြင်နည်းပါး၊ အတ္တသမားများဖြစ်ပြီး ဂဏန်းလို လူတကာရှေ့အမြဲလက်မထောင်သူ၊ ပုတ်သင်လို ပြောသမျှ ခိုင်းသမျှ ခေါင်းညိမ့်တတ်သူ၊ ကိုင်းပင်လို အားသာရာ ယိမ်းတတ်သူ၊ ကျွဲသိုးလို ကမူးရှုးထိုး အာဏာနဲ့ ဆိုးမိုက် ပြီး နှိပ်စက် တတ်သူ၊ လိပ်လို ကိုယ့်ဘက်ကို ယက်သူ၊ ခွေးအလို ဇာတ်တူသားကိုတောင် ပြန်စားတတ်တဲ့ သူမျိုးကတော့ ဘယ်လို မှ ခေါင်းဆောင်ကောင်းမဖြစ်ပါဘူး။ သူယုတ်ပါပဲ။

Wednesday, June 18, 2014

မဟာသမ္မတမင်းနှင့် ဒီမိုကရေစီသဘော



       Democracy is defined as the government of the people, by the people, for the people.
       တက္ကသိုလ်မှာတုန်းက မဟာသမ္မတမင်းနှင့်ပတ်သက်တဲ့ သင်္ခန်းစာတစ်ခု သင်ရပါတယ်။ ဒီမိုကရေစီဆိုတာ ခုနောက်ပိုင်း မှ ခေတ်စားလာတာမဟုတ်ပါဘူး။ ဟိုကမ္ဘာဦးကာလတွေကတည်းက ရှိခဲ့တာပါ။ ထိုခေတ်မှာတုန်းက အုပ်ချုပ်သူမရှိသေးပါဘူး။ ဒီလိုပဲ ကိုယ်သဘောနဲ့ကိုယ် ရှင်သန်နေခဲ့ကြတယ်။ အစပိုင်းမှာ အေးအေးချမ်းချမ်းပဲ သတ်တာဖြတ်တာမရှိ၊ လိမ်တာမရှိ၊ ခိုးတာ မရှိသေးပါဘူး။ ကာလအတန်ကြာလာတဲ့အခါမှာတော့ လူအဖွဲ့အစည်းထဲမှာ အချို့လူတွေဟာ တဖြည်းဖြည်းနဲ့ ခိုးခြင်းဝှက်ခြင်း၊

Sunday, June 15, 2014

လွတ်လပ်ရေး



       လွတ်လပ်ရေးကို လူတိုင်းအလိုရှိကြသည်။ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မူ၊ ခေါင်းပုံဖြတ်မူ၊ တရားမမျှတမူ၊ မတရားတဲ့ အုပ်ချုပ်မူစသည်တို့မှ လွတ်မြောက်ချင်ကြပါသည်။ ဒါဟာ နိုင်ငံတိုင်းမှာ လက်ရှိလိုအပ်နေတဲ့ လိုအပ်ချက်ဖြစ်သည်။
သို့သော် ထိုအရာတို့မှ လွတ်မြောက်ရုံဖြင့် တကယ့်လွတ်လပ်ရေးကို ရတယ်လို့ ဆိုနိုင်ပါသလော။ တကယ့်လွတ်လပ်ေ၇းဆိုတာ အတွင်းမှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟတို့မှ လွတ်မြောက်ခြင်း၊ သံယောဇဉ်တို့မှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။

Saturday, June 14, 2014

အဖေဆိုသည်မှာ



ပုတ္တံ ပါတိ ရက္ခတီတိ ပိတာ။
Father means a protector of his own children.
အဖေဆိုတာ သားသမီးတွေကို ကာကွယ်ပေးတဲ့သူပါ။ အဖေရှိနေရင် လုံခြုံတယ်။ အဖေရှိရင် ဘေးကင်း တယ်။ အဖေရှိရင် ဘယ်သူမှ လာအနိုင်မကျင့်ရဲဘူး။ အဖေရှိနေရင် ခွန်အားတွေအလိုလိုရှိလာတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖေဟာ သားသမီးကို ရှေ့ကနေမားမားမတ်မတ် ကာကွယ်ပေးထားလို့ပါ။

Friday, June 13, 2014

သံဃာသင်းခွဲသူရဲ့ အကျိုးရလာဒ်

       သံဃာသင်းခွဲတယ်ဆိုတာ သံဃာအချင်းချင်း မညီညွတ်အောင် စိတ်ဝမ်းကွဲအောင် ပဋိပက္ခတွေ လုပ်ဆောင်၊ သွေးထိုးလှုံဆော်မှုတွေ လုပ်ဆောင်တာပါပဲ။ တရားသဖြင့် ဖြေရှင်းရမှာကို မတရား သဖြင့် ဖြေရှင်းတယ်။ မတရားတာကိုလည်း တရားသယောင်ယောင် ဖန်တီးတယ်။ လာဘ်စား၊ ဖြတ်စား အဂတိလိုက်စားနေတယ်ဆိုရင် ဒါဟာ သံဃာမညီညွတ်ခြင်းရဲ့ အကြောင်းတရားပါပဲ။

ဆင်းရဲမှာကြောက်ရင် ဆင်းရဲကြောင်းအလုပ်ကို မလုပ်နဲ့


       မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် လူငယ်လေးတွေဟာ ဇေတ၀န်   ကျောင်းနှင့် သာဝတ္ထိမြို့ကြားရှိ မြစ်ထဲမှာ ငါးမြှားနေကြပါတယ်။ ဘုရားရှင် ဆွမ်းခံကြွတဲ့အခါ ငါးဖမ်းနေတဲ့ သူငယ်လေးတွေကို မြင်တော်မူတယ်။ ဒါနဲ့ အနားသွားပြီး မေးပါတယ်။
        "သူငယ်တို့ ဆင်းရဲမှာကို ကြောက်ကြသလား?"
        "မှန်ပါဘုရား၊ တပည့်တော်တို့ ဆင်းရဲကို မနှစ်သက်ပါဘူး။ ကြောက်ကြပါတယ်ဘုရား"

Monday, June 9, 2014

မင်းမှန်မှ မိုးမှန်မယ်

ဒေဝေါ ၀ဿတု ကာလေန
သဿ သမ္ပတ္တိ ဟေတုစ
ဖီတော ဘ၀တု လောကောစ
ရာဇာ ဘ၀တု ဓမ္မိကော။

မိုးသည် အချိန်မှန်မှန် ရွာသွန်းပါစေ၊
ကောက်ပဲသီးနှံများလည်း ပြည့်စုံပါစေ၊
လောကကြီး သာယာဝပြောပါစေ၊
ရှင်ဘုရင်နှင့်တကွ အုပ်ချုပ်သူများလည်း တရားရှိပါစေ။

       ဒီဂါထာလေးဟာ သီရိလင်္ကာနိုင်ငံသူ၊ နိုင်ငံသားများနှင့် သံဃာတော်များ အမြဲရွတ်ဆို ဆုတောင်းလေ့ ရှိတဲ့ ဆုတောင်းဂါထာလေးပါ။
       မှန်ပါတယ်။ ဒီဆုတောင်းလေးဟာ တိုင်းပြည်တစ်ပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ ပါပဲ။

Saturday, June 7, 2014

အယူမှန်ဖို့ အကြောင်းနှစ်ပါး


      လူတွေမှာ မှန်ကန်သောအယူအဆဖြစ်ပေါ်ဖို့အတွက် အခြေခံအကြောင်းနှစ်ပါး ရှိပါတယ်။ ဘာတွေ လဲဆိုရင်
၁။ ပရတောဃောသ = သူတစ်ပါးတို့ ဟောကြားအပ်သော တရားသံ၊
၂။ ယောနိသောမနသိကာရ = အတွင်းအဇ္ဈတ္တတွင် သင့်သောအားဖြင့် နှလုံးသွင်းခြင်း တို့ဖြစ်ပါတယ်။
       အယူမှန်ဖို့အတွက် ရှေးဦးစွာ မှန်ကန်သောတရားသံကို ကြားနာရဖို့လိုပါတယ်။ အမှန်တရားကို မကြားရဘဲနဲ့ အယူမှန်ဖို့ မဖြစ်နိုင်ပါဘူး။ သူတစ်ပါးတို့ဟောကြားအပ်သော တရားသံဆိုတဲ့နေရာမှာ

Wednesday, June 4, 2014

သီလရှိသူ၊ ပညာရှိသူ၊ သူတော်ကောင်း၊ ဘုန်းကျက်သရေရှိသူ


သီလရှိသူ...
       ကိုယ်၊ နုတ်၊ စိတ်တို့ကို သတိနဲ့ ကောင်းစွာ စောင့်ရှောက်ပြီး မကောင်းမှုကို မပြု။ မိမိစတဲ့အကြောင်းကြောင့် လိမ်ညာ မပြောဆို။ ထိုသို့သောသူကို သီလရှိသူဟု ဘုရားစတဲ့ သူတော်ကောင်းများက ခေါ်ဆိုကြပါတယ်။

ပညာရှိသူ....
       နက်နဲတဲ့ ပြဿနာတွေကို စိတ်ဖြင့် ကြံရုံမျှနဲ့ ဖြေဆိုနိုင်စွမ်းရှိတယ်။ အကျိုးမဲ့ဖြစ်တဲ့ ရုန့်ရင်းတဲ့ အမှုမျိုးကို မပြု၊ အချိန်အခါ အလျှောက်ဖြစ်ပေါ်လာတဲ့ အစီးအပွားကို ကောင်းစွာ အသုံးချနိုင်တယ်။ ထိုသို့သောသူကို ပညာရှိဟု ဘုရားစတဲ့ သူတော်   ကောင်းများက ဆိုကြတယ်။

Monday, June 2, 2014

အတိက်ကအမှားကို ထားပြီး အမှန်တရားဆီသို့ ချီတက်ပါ


       "မိမိတို့ ဘ၀ဆုံမှတ်ကနေ နောက်ကြောင်းပြန်လှည့်ကြည့်ပြီးစဉ်းစားလိုက်တဲ့အခါ ဘ၀ရဲ့အနာအဆာ အမှားများစွာ ကို တွေ့ရတတ်တယ်။ ရှေ့တူရှုကို လှမ်းမျော်တွေးတောလိုက်တဲ့အခါမှာတော့ ထိုအမှားများကို ပြင်ဖို့ အခွင့်အရေးတွေ တွေ့ရ ပါလိမ့်မယ်။"
       လူတိုင်းမှာတော့ အမှားတစ်ခုစီမက ရှိတတ်ကြတယ်။ အချို့သူများကျတော့ အမှားကိုပဲ မှားမှန်းမသိ ဆက်လက်မှားနေကြ တယ်။ အချို့များကျတော့လည်း မှားမှန်းသိပေမယ့် ကံကို မယုံသလိုလို မထူးဇာတ်ခင်းပြီး ဆက်မှားဖို့ကြိုးစားကြတယ်။ အချို့ကျတော့လည်း ဘ၀နောက်ကြောင်း ပြန်သုံးသပ်လိုက်တဲ့အခါ အမှားကို သိတယ်။ သိတော့ ငါမှားခဲ့လေခြင်းဆိုပြီးတော့ ၀မ်းနည်းစွာ နောင်တရကြတယ်။ ပူဆွေးကြရတယ်။ ဒါပေမယ့် သူဟာ ရှေ့တူရှုကို ဆက်လက်ကြည့်ဖို့ မကြိုးစားဘူး။ ရှေ့တူရှုကို လှမ်းမျော်မကြည့်မိတော့ "သြော် ငါ့မှာ နောက်ထပ်မမှားအောင် ပြင်ဖို့ အခွင့်အရေးတွေ ရှိသေးပါလား" ဆိုတာကို မတွေးမိဘူး။ အဲတော့ အမှန်ဘက်ကို ပြန်မရောက်နိုင်သေးဘူး ဖြစ်နေတာပေါ့။ 

Saturday, May 31, 2014

မင်းလေးပါးနှင့် လားရာဂတိ


       ဗုဒ္ဓစာပေထဲမှာ အလွန်ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့လို့ ကြီးလေးတဲ့ မကောင်းကျိုးကို ခံစားနေရသော မင်းလေးပါးအကြောင်းကို ဖော်ပြထားပါတယ်။ ဒီမင်းလေးပါးဟာ မကောင်းတဲ့ဘက်မှာ သမိုင်းတွင်အောင်ကို မိုက်ခဲ့ကြတဲ့ သမိုင်းဆိုးဝင် မင်းလေးပါးပဲပေါ့။ ဘယ်သူတွေလဲဆိုရင် ဒဏ္ဍကီမင်း၊ နာဠိကေရမင်း၊ အဇ္ဇုနမင်းနှင့် ကလာဗုမင်းတို့ပါပဲ။ 
       အဆုံးစွန်အောင်မိုက်ခဲ့ကြတဲ့ မင်းလေးပါးတို့ရဲ့ လက်ရှိခံစားနေရတဲ့အခြေအနေကို သိချင်တဲ့အတွက်
သိကြားမင်းက သရဘင်္ဂရသေ့ကို မင်းလေးပါးတို့ရဲ့ လားရာဂတိကို မေးပြန်ပါတယ်။

Friday, May 30, 2014

နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုး



       ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုးကို ဟောတော်မူပါတယ်။
       သစ္စံ ဘဏေ နကုဇ္စျေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
       ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။ (ဓမ္မပဒ၊ ၂၂၄၊ နှာ ၄၁)
       မှန်ကန်တဲ့စကား ပြောပါ။ အမျက်မထွက် သည်းခံခွင့်လွတ်ပါ။ နည်းများမဟူ တောင်းသူလာရင် ပေးကမ်းစွန့်ကြဲပါ။ ဒါဟာ နတ်ပြည်ရောက်ကြောင်း တရားသုံးမျိုးပါပဲ။

Tuesday, May 27, 2014

သည်းခံခြင်းသည် မြတ်၏



       သိကြားမင်းဟာ သရဘင်္ဂရသေ့ကို မေးခွန်းတစ်ခုမေးပါတယ်။ “အရှင်ရသေ့၊ အဘယ်သူရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်ပါသလဲ”။ “သိကြားမင်း၊ ကိုယ့်ထက်အားကြီးမြတ်သူ ကိုယ်နဲ့တန်းတူသူ ကိုယ့်အောက်နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ရှေးသူတော်ကောင်းတွေ ဆိုကြပါတယ်။”
       အရှင်ရသေ့၊ ကိုယ့်ထက်အင်အားကြီးသူ ကိုယ်နဲ့တန်းတူသူတို့ရဲ့ စကားကိုတော့ သည်းခံနိုင်ပါတယ်။ ကိုယ့်အောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သောစကားကို အဘယ်သို့လျှင် သည်းခံနိုင်ပါမည်နည်း။”

Monday, May 26, 2014

ကျေးဇူးချေဖျက်ခြင်း


ကျေးဇူးချေဖျက်တယ်ဆိုတာ ကျေးဇူးကန်းတာကို ပြောတာပါပဲ။ ကိုယ့်အပေါ်ကူညီဖူးတာကို လျစ်လျှူရှုထားပြီး ပြန်လည်မကူညီတာဟာ ကျေးဇူးကန်းတာပါပဲ။ တစ်ကြိမ်တစ်ခါကူညီဖူးသူကို ကိုယ့်အလှည့်ကျ ကူညီဖို့ကြုံတဲ့အခါ မကူညီဘဲ ရှောင်ဖယ်နေရင် လူယုတ်ပါပဲ။ ကိုယ့်ကို တစ်သက်လုံးကျေးဇူးပြုလာတဲ့ မိဘများနှင့် ဆရာသမားများကို ပြန်ပြီးကျေးဇူးမတုံပြန်တဲ့သူကိုကား လောကမှာ အမိုက်ဆုံးလို့ ပြောရပါမယ်။

”မက္ခပ္ပဟာနံ ဣသယော ၀ဏ္ဏယန္တိ”

Sunday, May 25, 2014

စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ



      ဒေါသကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
       ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။

       စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။ တကယ်တော့ စိုးရိမ်ကြောက်လန့်တာဟာလည်း ဒေါသကြောင့်ဖြစ်တာ ပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ ဒေါသရှိနေလို့ ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက် လည်း မပေါက်ကွဲတော့ဘူး။ ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။

Friday, May 23, 2014

အရွယ်တင်နုပျို ၀ိတ်ကျလိုလျှင် အစားကို ဆင်ခြင်



       တစ်နေ့မှာ မသေနဒီကောသလမင်းဟာ ဗိုက်တင်းအောင်စားပြီး ဘုရားထံတရားနာရန်သွားခဲ့တယ်။ သူစားတဲ့ထမင်း ပမာဏကလည်း ခုခေတ်ကမ္ဘာ့အစားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်စားမယ့် ပမာဏထက် များစွာသာလွန်ပါတယ်။ အမြဲတမ်း ထမင်းကို ဆွဲပုံးအပြည့်၊ ဟင်း၊ အချိုပွဲအပြည့်ဖြင့် စားသုံးလေ့ရှိတယ်။ အဲလိုစားသောက်ပြီး ဘုရားထံတရားသွားနာတဲ့အခါ ခန္ဓာကိုယ် ပင်ပန်းလေးလံပြီး တရားအစမှာပဲ ခေါင်းတဆတ်ဆတ်နဲ့ ငိုက်တော့တာပါပဲ။ ဒီတော့ ဘုရားရှင်က မေးတယ် "ဒကာမင်းကြီး၊ အနားမယူပဲနဲ့များ လာခဲ့လေသလား? မဟုတ်ပါဘူးဘုရား တပည့်တော်ဒီလိုပဲ အစားစားပြီးတိုင်း ခုလို ငိုက်ချင်စိတ်လွမ်းမိုးနေ တယ်ဘုရား။

Thursday, May 22, 2014

ကြောက်သူနှင့် ရဲရင့်သူ

    
                                    
    
       ဘ၀ကို ရင်ဆိုင်တဲ့အခါမှာ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဘ၀ကို အကြောက်တရားဖြင့် ဖြတ် သန်းနေရတာဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ဘယ်နေရာရောက်ရောက် ကြောက်စိတ်ဝင်နေ တတ် တယ်။ ကိုယ့်စိတ်ကို မလုံခြုံဘူး။

        ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နေတဲ့သူတွေဟာ တကယ်တော့ သီလရှိလို့ပါ။ ဘုရားရှင်က ပြောထားပါ တယ်။ လူတွေ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံရင် ရဲ့ရင့်သူဖြစ်တယ်။ ငါးပါးသီလကို ဖောက်ဖျက်သူဟာ ဘယ်ရောက်ရောက် ကြောက်ကြောက်နဲ့ အသက်ရှင်နေရတယ်။

Wednesday, May 21, 2014

ဘေးမဲ့အလှူ


        အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ နွားမတစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။ တိရိစ္ဆာန်သဘာဝ အကြောင်းအကျိုးခွဲခြားနားမလည်နိုင်သော်လည်း သေမှာကိုတော့ ကြောက် တတ်ကြပါတယ်။ နွားမကြီးဟာ သူ့ရှေ့မှာ တစ်ကောင်ပြီးတစ်ကောင် လည်လှီးခံနေရတာကို မြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ မျက်ရည်များပေါက်ပေါက်ကြနေပါတော့တယ်။ သူလို အိုမင်းနေတဲ့ နွားမကြီးအတွက် သေခြင်းတရားဟာ မထူးခြားသော်လည်း ခုမှ လောကထဲရောက်လာတဲ့ နွားပေါက်ကလေးများအတွက် ကြေကွဲဝမ်းနည်းနေပုံရပါတယ်။      

Sunday, May 18, 2014

ဖြောင့်သူနှင့်ကောက်သူ ဘယ်သူ့နောက်ကို လိုက်မလဲ



     
        ရှေ့ဆောင်နွားလားဥသဘဟာ ရှေ့ဆုံးကနေ ကွေ့ကောက်သွားလျှင် နောက်က နွားတစ်သိုက်ကလည်း ကွေ့ကောက် လိုက်တယ်။ ဒီလိုပါပဲ အထွတ်အမြတ်ခေါင်းဆောင်လို့ သမုတ်ထားတဲ့ ခေါင်းဆောင်မင်းက မတရားတဲ့အကျင့်ကို ကျင့်နေရင် တိုင်းသူပြည် သားတို့မှာ ဆိုဖွယ်မရှိ။ ခေါင်းဆောင်တွေ မတရားတဲ့အကျင့်ကိုကျင့်နေရင် တိုင်းသူပြည်သားတွေ ဆင်းဆင်း ရဲရဲနေရတယ်။
       ရှေ့ဆောင်နွားလားဥသဘက ရှေ့မှနေ ဖြောင့်ဖြောင့်သွားရင် နောက်ကနွားများလည်း ဖြောင့်ဖြောင့်လိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ်သူမင်းက တရားနှင့်အညီ မျှတစွာကျင့်သုံးရင် တိုင်းသူပြည်သားတို့မှာ ဆိုဖွယ်မရှိ။ တရားကို လိုက်နာ ကျင့်သုံး ကြမည်အမှန်။ ခေါင်းဆောင်များက တရားနှင့်အညီ ကျင့်လျှင် တိုင်းပြည် ချမ်းချမ်းသာသာနေရတယ်။

Saturday, May 17, 2014

လူသားအနှစ် တရားအစစ်


   
   
       လူသားရဲ့ အနှစ်ဟာ နောက်ဆုံးတရားအစစ် တစ်ခုတည်းပဲ။ လူ့ဘုံဘ၀ရဲ့ အနှစ်ချုပ်ဆိုတာ ကောင်းမှုတစ်ခု တည်းရယ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူမှန်ရင် အတူတူပဲ။ ကုသိုလ်မှ ရအောင် မယူနိုင်ရင် လူ့ဘ၀ အနှစ် မရှိဘူး။
       မိမိတို့ အစမထင် သံသရာက အစ ယနေ့ထိ ကောင်းမှုဆိုတဲ့ ကံတရားနဲ့ အားယူ လာခဲ့ကြရတာ။ ကောင်းမှုအား သာလွန်မှ အထက်ကို တက်နိုင် ခွင့် ရကြတယ်။ ကောင်းမှုအား ပျော့ညံ့လို့ မကောင်းမှုအား တင်းမာသာလွန်သွားရင် အောက်ကို ပြန်ဆင်း ကြရပြန်တယ်။ တကယ်တော့ တက်ရတာနဲ့ ဆင်းရတာ ယှဉ်ကြည့်ရင် ဆင်းရတာက ပိုများပါတယ်။ ပုထုဇဉ်ဆိုတာ စိတ်နိုင်တာနဲ့ စိတ်မနိုင်တာ ယှဉ်ကြည့်ရင် စိတ်မနိုင်တာက များတာကိုး။

Friday, May 16, 2014

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး


       ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမူနဲ့ ပြည့်ဝတဲ့ အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့ အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
       ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း ဟောထားတာရှိပါတယ်။ ဓမ္မပါလဇာတ်ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။ ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။ ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။ အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။

Wednesday, May 14, 2014

အတွဲညီဖို့လိုတယ်


       လောကသဘာဝအရ ဖိုနဲ့မတို့ဟာ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ဘ၀ကို တစ်ယောက်တည်းမလှမ်းချင်ကြတော့ဘူး။ ဒါကြောင့် ဘ၀လက်တွဲဖော်ရှာကြတယ်။ အဲလို ရှာတဲ့အခါမှာ တွဲသောလက် မြဲစေဖို့ရန် အတွဲညီဖို့လိုပါတယ်။ အတွဲမညီရင် ကွဲဖို့ အကြောင်းတရားတွေ ပေါ်လာပါလိမ့်မယ်။
       ဘုရားရှင်က အတွဲလေးမျိုးကို ဟောခဲ့ပါတယ်။
၁။ လူသေအမျိုးသားနဲ့ လူသေအမျိုးသမီးအတွဲ
၂။ နတ်သမီးနဲ့ လူသေအမျိုးသားအတွဲ
၃။ နတ်သားနဲ့ လူသေအမျိုးသမီးအတွဲ၊
၎။ နတ်သားနဲ့ နတ်သမီးအတွဲ။

Tuesday, May 13, 2014

အမြတ်ဆုံးကိုးကွယ်ရာနှင့် အမြတ်ဆုံးသီလ


      
       တစ်နေ့မှာ စုန္ဒီမင်းသမီးဟာ ဘုရားရှင်ထံရောက်လာပြီး မေးလျှောက်ပါတယ်။ အရှင်ဘုရား တပည့်တော်မရဲ့မောင် စုန္ဒက"ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုးကွယ်သူ၊ အကျင့်သီလ၌ ကောင်းစွာတည်သူဟာ ကောင်းတဲ့ဘ၀ကို ရောက် တယ်။ မကောင်းတဲ့ဘ၀ကို မရောက်ဘူးလို့ ပြောပါတယ်ဘုရား။ အဘယ်သို့သော ဘုရား၊ အဘယ်သို့သောတရား၊ အဘယ် သို့သောသံဃာ၊ အဘယ်သို့သော သီလတို့ကို ပြောတာပါလဲဘုရား။
       စုန္ဒီ၊ လောကမှာ ရှိသမျှသော အားလုံးသောသတ္တ၀ါတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရား တို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားရှင်ကို အမြတ်ဆုံးလို့ ဆိုအပ်ပါတယ်။ စုန္ဒီ၊ အမြတ်ဆုံးဖြစ်သော မြတ်စွာ ဘုရားအား ကိုးကွယ်ဆည်းကပ်သူဟာ အမြတ်ဆုံးသော အကျိုးတရားတွေ ရပါတယ်။

Monday, May 12, 2014

ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ

     
         ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ လောကသားအားလုံးရဲ့ ကယ်တင်ရှင် သဗ္ဗုညုဘုရားရှင်လို့ ခေါ်တဲ့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပေါ်ထွန်းတဲ့ နေ့မြတ်ပါပဲ။ ဒီနေ့မှာပဲ ဘုရားရှင်ဟာ မိမိရဲ့ဘ၀ဖြစ်စဉ်အစအလယ်အဆုံး အရေးပါဆုံးသောကြွေးကြော်သံများကျူးရင့်ခဲ့တော်မူခဲ့တာပါ။ ဒီနေ့ဟာ ဘုရားရှင်ရဲ့ ကြီးမြတ် တဲ့ မဟာကရုဏာတော် စတင်ဖြစ်ပေါ် တဲ့နေ့ပါပဲ။

       ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘ၀မှာ သံသရာတစ်ဖက် ကမ်းကို တစ်ကိုယ်တည်း ကူးနိုင်စွမ်းရှိပါလျှက် အတ္တမဆန် မဟာကရုဏာ အကြံတော်ဖြစ်သည်မှာ...

Sunday, May 11, 2014

ငဲ့ကွက်ခြင်းဖြင့်သေတာဟာ ဆင်းရဲလှတယ်

       ဘုရားလက်ထက်က နကုလပိတာနှင့် နကုလမာတာတို့ဟာ ကမ္ဘာမှာ စံနမူနာယူထိုက်တဲ့ အငြိမ်းချမ်းဆုံးစုံတွဲတစ်တွဲပါပဲ။ သေတဲ့ထိ အချစ်မပြယ် မေတ္တာတွေဖလှယ်ပြီး စိတ်တူ ကိုယ်တူ ဘ၀ကို ထူထောင်ခဲ့ကြတာဟာ လူတိုင်းလေးစားအတုယူလောက် ပါတယ်။
       အသက်အရွယ်ကြီးတဲ့တစ်နေ့မှာ နကုလပိတာဟာ အနာရောဂါရလို့ ဘ၀အဆုံးတံခါးဝကို ရောက်ခါနီးလေးမှာ ကျန်ခဲ့မယ့် ချစ်နှမနောင်ရေးအတွက် ရတတ်မအေး တစ်စိမ့်စိမ့်တွေးလျှက် ပူပန်နေရှာတယ်။
       နကုလမာတာက ဒါကို ရိပ်မိတော့ နကုလပိတာကို စိတ်ချဖို့ ပြောပါတယ်။
       "မောင်တော်သူဌေးကြီး နှမအတွက် မငဲ့ကွက်ပါနဲ့။ ငဲ့ကွက်ပြီး သေတာဟာ ဆင်းရဲလှပါတယ်။ ငဲ့ကွက်ပြီးသေတာကို ဘုရားရှင်ကဲ့ရဲ့တော်မူပါတယ်။

Saturday, May 10, 2014

အမေပေးတဲ့ အဆောင်


       အမေ... အမေလို့ အခါထောင်သောင်းမက ခေါ်သော်လည်း အားမရနိုင်ပါ။ ဘာလို့လဲဆိုရင် အမေ့ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လိုမှ နှိုင်းတုလို့မရလို့ပေါ့။
      
       အသက်ကိုရင်းပြီး သားသမီးကို လူလောကထဲ ဆွဲသွင်းပေးခဲ့တာ အမေလေ။ အမေဟာ သားသမီး   တွေအတွက် ကောင်းမှုတွေ ဖြစ်စေတယ်။ အမေကို လုပ်ကျွေးခြင်းဟာ နတ်ရွာသွားဖို့ လမ်းကြောင်း ကို ဖြစ်စေတာပါပဲ။

       အမေဆိုတာ...
-- ကိုးလလွယ် ဆယ်လဖွား သမီးသားတွေကို ဖြစ်စေသူပါ။
   နို့ချွေကာ တေးသံပေး နွေးထွေးတဲ့ ရင်ခွင်မှာ မေတ္တာငွေ့ကို ဖြာ
   တဆာဆာ ငိုနေတဲ့ သားကို နှစ်သိမ့်ရှာသူပါ။

Friday, May 9, 2014

သူများအလိုလိုက်ရတဲ့ဒုက္ခ

       
       ဘုရားရှင်ကိုယ်တော်မြတ် ၀ိသာခါကျောင်းအမကြီးဆောက်လုပ်လှူဒါန်းထားတဲ့ ပုဗ္ဗာရုံကျောင်းမှာ သီးတင်းသုံးနေစဉ် ကျောင်းအမကြီးဟာ ဘုရားထံ အရိုအသေပေးဖို့ ရောက်လာပါတယ်။
       "ကျောင်းအမကြီး ဘယ်ကနေလာတာလဲ"
       "မှန်ပါဘုရား တပည့်တော်မ ကောသလမင်းကြီးနဲ့ ဆက်စပ်တဲ့ အလုပ်ကိစ္စတစ်ခုအတွက် သွားရင်း အဲဒီကနေ ပြန်လာ တာပါဘုရား။ မြတ်စွာဘုရား စိတ်မချမ်းသာစရာကတော့ အဲဒီအလုပ်ကိစ္စနှင့်ပတ်သက်ပြီး ကောသလမင်းကြီးဟာ တပည့်တော်မ ဖြစ်စေချင်တဲ့အတိုင်း မလုပ်ဘူးဘုရား။ သူ့အလိုကိုပဲ လိုက်လျောပေးလိုက်ရတယ်"
       "ကျောင်းအစ်မကြီး တကယ်တော့ သူတစ်ပါးအလိုလိုက်ခြင်းမှန်သမျှဟာ ဆင်းရဲပါတယ်။ ကိုယ့်စိတ်ကို အစိုးရမူမှန်သမျှဟာပဲ ချမ်းသာလှပါတယ်။ ယောဂလေးပါးမှ မလွတ်သေးတဲ့သူမှန်သမျှ သူများနဲ့ ဆက်ဆံနေရတာကိုက ပင်ပန်းလှတယ် ကျောင်းအစ်မ ကြီး"

Thursday, May 8, 2014

ကြီးမြတ်သူဟူသည်

       
       လကုဏ္ဍကဘဒ္ဒိယမထေရ်ဟာ ဘုရားရှင်အားဖူးမြော်ရန် အဝေးကနေ လျှောက်လာနေ၏။ တကယ်တော့ လကုဏ္ဍကဟာ အရပ်လည်းပု၊ အဆင်းကလည်းမလှ။ သူ့ရဲ့ ကံဇာတာအားနည်းချက်ကြောင့် လူတိုင်းရဲ့ ပြောဆိုခြင်း၊ ကျီစယ်ခြင်းကို ခံနေရတယ်။
ဘုရားရှင်ဟာ အဝေးမှလာနေတဲ့ လကုဏ္ဍကကို မြင်တော်မူတဲ့အခါ ရဟန်းတွေကို ပြောပါတယ်။ "ရဟန်းတို့ ဟိုးမှာ အရပ်ပုပု၊ ရုပ်ဆိုးဆိုးနဲ့၊ လူတွေရဟန်းတွေရဲ့ အပြောအဆိုလှောင်ပြောင်ကျီစယ်မူကိုခံနေရတဲ့ လကုဏ္ဍကမထေရ်လာနေတာကို တွေ့လား? တွေ့ပါတယ်ဘုရား။

Wednesday, May 7, 2014

သရဲတစ္ဆေရန်ကို ကာကွယ်နည်း

       
       သရဲ တစ္ဆေစသည်တို့ဟာ ပြိတ္တာအမျိုးစားထဲမှာ ပါဝင်ပါတယ်။ အကျီးတန်အရုပ်ဆိုးပြီး ၀ဋ်ကျွေးခံစားနေရသူတွေပါ။ ညအမှောင်ဟာ သူတို့ရဲ့ လုပ်ရှုားသွားလာချိန်ကာလပေါ့။ သူတို့ကို တွေ့မြင်ရတဲ့သူတွေဟာ အသည်းထိတ်အောင် ကြောက်လန့် ထွက်ပြေးတတ်ကြပါတယ်။ မတွေ့မြင်သော်လည်း အမှောင်ထဲ တစ်ယောက်တည်းသွားလာတဲ့အခါ အသည်းငယ်သူများ စိတ် ချောက်ချား ကြောက်လန့်တတ်ကြတယ်။ နာနာဘာဝ ၀ိနာဘာဝ ဘီလူး၊ သရဲ၊ တစ္ဆေကြောက်တတ်တဲ့သူများဟာ မေတ္တာအားနည်း လို့ပါ။ မေတ္တာအားနည်းတော့ စိတ်မလုံခြုံဘူး။ စိတ်မလုံခြုံတော့ ကြောက်စိတ်တွေ ၀င်လာတာပေါ့။
       ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတွေကို မိန့်တော်မူတယ်။

Monday, May 5, 2014

ကိုယ်ချင်းစာတရား

       
       ဘုရားရှင် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးစဉ်ကပေါ့ တစ်နေ့မှာ ပသေနဒီကောသလမင်းကြီးက မလ္လိကာမိဖုရားကို မေးတယ်။ "မလ္လိကာ၊ သင့်မှာ မိမိကိုယ်ကိုထက် ပိုချစ်ရမယ့် တစ်စုံတစ်ယောက်ရှိသေးလား?။ "အရှင်မင်းကြီး ကျွန်မမှာ ကိုယ့်ကိုယ် ကိုထက် ပိုချစ်ရမယ့်သူ မရှိပါ။ ကိုယ့်ကိုယ်ကိုသာလျှင် အချစ်ဆုံးပါ။ အရှင်မင်းကြီးမှာရော ရှိလား? မလ္လိကာ၊ ငါ့မှာလည်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုပဲ အချစ်ဆုံးပါ။"
      

မီး (၇) မျိုး

       မီးဟာ လူတွေအတွက် ကောင်းကျိုးဖြစ်စေသလို ဆိုးကျိုးလည်း ဖြစ်စေပါတယ်။ သတိမရှိရင် မီးဘေးသင့်တာပဲ။ ဒါကြောင့် လည်း "မီးသတိပြု"ဆိုပြီး နေရာတိုင်းမှာ ဆိုင်းပုဒ်ချိတ်ထားရတာပေါ့။
       ဘုရားရှင်က အင်္ဂုတ္တိုလ်ပါဠိတော်၊ သတ္တကနိပါတ်မှာ မီး (၇) မျိုးရှိတယ်လို့ဟောပါတယ်။ ဘာတွေလဲဆိုတော့ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ အပူဇော်ခံ "မိဘ"မီး၊ အိမ်ရှင်မီး၊ အလှူခံမီးနှင့် ထင်းမီးတို့ပါပဲ။
       ရာဂမီး၊ ဒေါသမီး၊ မောဟမီး သုံးမျိုးဟာ ပယ်ရမယ့်မီး၊ ရှောင်ကြဉ်ရမယ့်မီး၊ မမှီဝဲရမယ့်မီးတွေပါ။ ဘာလို့လည်းဆိုတော့ ဒီမီး သုံးမျိုးလောင်ခံနေရတဲ့သူဟာ မကောင်းမူဒုစရိုက်တွေ ပြုပြီး ဆင်းရဲဒုက္ခရောက်တယ်။ သေပြီးတော့လည်း နောက်ဘ၀မှာ ငရဲသို့ကျရောက်တယ်။ ဒါကြောင့် ဒီမီးသုံးမျိုးကို ပယ်နိုင်အောင် ကြိုးစားရမယ်။

Saturday, May 3, 2014

မျက်လုံးနှစ်ဘက် ကောင်းပါစေ

       
       မျက်လုံးဟာ လူတွေရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းပါ။ မျက်လုံးမရှိရင် ဘ၀ဆုံးရှုံးသလိုပါပဲ။ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတာပဲ။ ဒါကြောင့် လူတိုင်း ကိုယ့်မျက်လုံးကို မကန်းအောင် ကာကွယ်ကြတာပေါ့။
        ဘုရားရှင်က အင်္ဂုတ္တုရ်ပါဠိတော်မှာ မျက်လုံးဥပမာပေးလျှက် လူသုံးမျိုးရှိကြောင်း ဟောထားခဲ့ပါတယ်။ လူသုံးမျိုးကတော့
၁။ မျက်လုံးစုံကန်းတဲ့သူ၊
၂။ မျက်လုံးတစ်ဘက်ကန်းတဲ့သူ၊
၃။ မျက်လုံးနှစ်ဘက်ကောင်းတဲ့သူ။
ဆိုပြီး သုံးမျိုးပါ။ ဒီနေရာမှာတော့ မျက်စိဆိုတာ တင်စားပြီး သုံးထားတဲ့ စကားပါပဲ။

Friday, May 2, 2014

လောကကို စောင့်ရှောက်သောတရား

       
        လောကကြီးကို စောင့်ရှောက်ရမယ့်တာဝန်ဘယ်သူ့မှာ ရှိလဲ မေးရင် လူတွေမှာပဲ တာဝန်ရှိပါတယ်။ လောကကြီးကောင်း အောင်လည်း လူတွေကပဲ လုပ်တယ်။ လောကကြီး ပျက်ဆီးအောင်လည်း လူတွေကပဲ လုပ်တယ်။
       ယနေ့ခေတ်ကာလ သတင်းဂျာနယ်တွေမှာ စိတ်မချမ်းသာစရာ သတင်းများဖတ်ရှုရပါတယ်။ အဖိုးက မြေးမကို မုဒိန်းကျင့်တာ၊ ဦးလေးက တူမကို မတရားကျင့်တာ၊ အဖေက သမီးကို အဓမ္မကျင့်တာ၊ ညီက အကိုကို သတ်တာ၊ လင်ကမယားကို သတ်မိတာ စသည်ဖြင့် နားမချမ်းသာစရာ ရှက်ဖွယ်ကိစ္စရပ်များ ဖြစ်ပွားနေတာကို မြင်ရ၊ ကြားရ၊ ဖတ်ရှုရလို့ ရင်လေးမိတယ်။ လောကကြီး အမှောင်ဖုံးပြီး တဖြေးဖြေး ပြောင်းပြန်ဖြစ်လာနေပါလား။

Thursday, May 1, 2014

ကာလဒါန ငါးမျိုး

       ကာလဒါန (အချိန်အခါအားလျှော်စွာလှူခြင်း)ဆိုတာ အလှူခံပုဂ္ဂိုလ်ရဲ့လိုအပ်တဲ့အချိန်ကို သိပြီး လှူတာကို ပြောတာပါ။ ဘုရားရှင်က အချိန်အားလျှောစွာ လှူရမယ့်အလှူငါးမျိုးဟောခဲ့ပါတယ်။

၁။ ဧည်သည်၊ အာဂန္တုအား အလှူပေးခြင်း၊
       မိမိအိမ်ကို လူဖြစ်စေ၊ ရဟန်းဖြစ်စေ ဧည့်သည်တစ်စုံတစ်ရာ ရောက်လာတဲ့အခါမှာ ထမင်းကျွေးမယ်။ ရေနွေးကြမ်းတိုက်မယ်။ ကော်ဖီဖျော်တိုက်မယ်။ စားစရာတစ်စုံတစ်ရာ စီစဉ်မယ်။ ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံမယ်။ ဒါဆိုရင် ဧည့်သည်တွေလာတဲ့ အချိန်၊ လိုအပ်တဲ့အချိန်ကို သိပြီး လှူတာဖြစ်လို့ ကာလဒါနမြောက်ပါတယ်။

Wednesday, April 30, 2014

မှားတာရှိရင် တောင်းပန်ပါ

   
   
       မှားယွင်းမှုတွေနဲ့ အသက်ရှင်ရတာဟာ အင်မတန်ပင်ပန်းလှပါတယ်။ လူတိုင်းအမှားကင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအမှားကို ၀န်ချတောင်းပန်ဖို့ ၀န်လေးနေကြပါတယ်။ တစ်ကြိမ်တစ်ခါတောင်းပန်ဖို့ ဝေလေးနေသူဟာ တစ်သက်လုံး ဆင်းရဲ ပင်ပန်းစွာနဲ့ နေရပါတယ်။ ကိုယ့်အမှားကို သံဝေဂတရားနဲ့ တောင်းပန်တတ်သူဟာ ကျန်ရှိတဲ့ဘ၀ကို စိတ်ပေါ့ပေါ့ပါးပါး၊ ချမ်းချမ်းသာ သာနဲ့ နေနိုင်သွားပါတယ်။ ဒါကြောင့် အမှားရှိရင် စိတ်ထဲအောင်းမထားပါနဲ့ ဖွင့်ထုတ်ဝန်ခံလိုက်ပါ။ ပြီးရင် နောက်မမှားအောင် ဆင်ခြင်လိုက်ပါ။
       ဘုရားလက်ထက်က ကလေးနှစ်ယောက်ဖခင် သောရေယျ သူဌေးသားဆိုတာ ရှိခဲ့တယ်။ တစ်နေ့မှာ ရေချိုးဆိပ်သွားရင်း အရှင် မဟာကစ္စည်းမထေရ်ရဲ့ လှပတဲ့ ရုပ်အဆင်းကို မြင်ပြီး "ငါ့ဇနီးဖြစ်ရင် ကောင်းမှာပဲ"လို့ စိတ်ထဲက မနောကကံဖြင့် ပြစ်မှား မိတယ်။

Tuesday, April 29, 2014

သင် ဘယ်လိုလူလဲ

ဘုရားရှင်က လောကမှာ လူသုံးမျိုးရှိတယ်လို့ ဟောတော်မူပါတယ်။
၁။ မစင်စကားရှိသောလူ
၂။ ပန်းစကားရှိသောလူ
၃။ ပျားစကားရှိသောလူ
မစင်စကားရှိတဲ့လူဆိုတာ ပြောလိုက်တဲ့စကားဟာ မစင်လိုပဲ ညစ်ပတ်ပြီး မကောင်းနံ့ရှိတဲ့ စကားမျိုးပြောတဲ့သူကို ပြောတာ။

Monday, April 28, 2014

အရက်သေစာသောက်စားခြင်းရဲ့ ဆိုးကျိုးများ

   
       ပူပြင်းတဲ့ နွေရာသီမှာ အရက်ပူတွေအလွန်အကျွံသောက်လို့ သေကြတယ်ဆိုပြီး ကြားသိရပါတယ်။ စာရေးသူတို့ရွာမှ ဒကာ တစ်ဦးလည်းပဲ အရက်စွဲပြီး အတွင်းကလီစာပျက်ဆီးကာ ပိန်ချုံးချိနဲ့ပြီး သေသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်  ဒီနေ့တော့ မူးယစ်သောက်စား အပြစ်များကို ပြောပြချင်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးစတာတွေဟာ သုံးစွဲသူကို မေ့လျှော့စေတတ်တယ်။ မူးယစ်စေတတ်တယ်။ ပက်သဒင်းဆေးရည်၊ တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ၊ ဘီယာအမျိုးမျိုး စတာတွေဟာ သုရာမေရယ၊ မူးယစ်စေ တဲ့အထဲမှာ ပါဝင်ပါတယ်။

Sunday, April 27, 2014

ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ

        ရှေးတုန်းက ဧရကစ္ဆမြို့မှာ ရွှေပန်းတိမ်သည် သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့တယ်။ ဥစ္စာပေါ ရုပ်ချောဆိုတာ လူတ ကာငေးရတာပေါ့။ ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘ၀ကုန်ဆုံးတော့ ငရဲကျရောက်ပါတယ်။ ငရဲက လွတ်ပြန်တော့ မျောက်ဘ၀၊ ဆိတ်ဘ၀၊ နွားဘ၀တွေမှာ ဖြစ်တယ်။ ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို ခံရပါတယ်။ နွားဘ၀မှာ မျက်စိကန်းလို့ မကျန်းမမာဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့ မပြတ်လုပ်နေရတယ်။        

Saturday, April 26, 2014

အမွေခံကောင်းနှင့် အမွေခံဆိုး

       လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေ ဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ အနည်းငယ်သာ ခံစားရတဲ့သူ၊ ၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

        ၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးပင်ဖြစ်သော်လည်း မိဘစကားနား မထောင် လို့ အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ အမွေမခံစားရသူပါပဲ။
       ၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။ ဒါကြောင့် သူတို့ကို အမွေအနည်းငယ်သာခံစားရသူလို့ ဆိုပါတယ်။
       ၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။
       ၄။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို အကုန်တိုးပွားအောင်လုပ်တယ်။ ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး မိဘအမွေကို များစွာ ခံစားကြရတယ်။

       ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။ “ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။” ဆိုသည့်အတိုင်း သားသမီးများဟာ
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။

      ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အမွေခံဆိုးပဲ ဖြစ်လိမ့်မယ်။ မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်း စားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ စားတိုင်းစားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့ အမွေကို ခံစားရတဲ့ အတွက် စိတ်ချမ်းသာတယ်။ အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။ နောက်ပြီး လိမ်မာတဲ့သားသမီး များဟာ မိဘအမွေကို ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ မရရင် ပြဿနာရှာတတ်ကြတယ်။ ဒါကြောင့် သားသမီးများအားလုံး သားသမီး ၀တ်ငါးပါးကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။


Friday, April 25, 2014

ကြိမ်ပိုက်ငရဲမှာ ခံစားရမည့်သူများ


       ကြိမ်ပိုက်ငရဲကျရောက်သူတွေဟာ အင်မတန်ထက်မြတ်တဲ့ ရဲရဲတောက် ကြိမ်လုံးတွေနဲ့ အဆက်မပြတ်အရိုက်ခံကြရတယ်။ တစ်ချက်အရိုက်ခံလိုက်ရရင် အကြော၊ အရိုးပျက်ထွက်မတက် နာကျင်စွာခံစားရတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။
       ကျီးကန်ရှင်ကြီးက ကျီးသဲလေးထပ်ဆရာတော်ကို မေးလျှောက်တယ်။
       ဝေတ္တရဏီလယ်၊ ကြိမ်ပိုက်ဝယ်၊ ဘယ်သို့ ကျင့်သူခံလိမ့်နည်း။
       ဆရာတော်က နေမိဇာတ်တော်ကို ထောက်ပြပြီး ခုလို ဖြေပါတယ်။
       ယေ ဒုဗ္ဗလေ ဗလ၀န္တော ဇီဝလောကေ ဟိံသန္တိ ရောသန္တိ သုပါပဓမ္မာ။ တေ လုဒ္ဒကမ္မာ ပသဝေတွာန ပါပံ၊ တေ မေ ဇနာ၊ ဝေတ္တရဏိံ ပတန္တိ။ (နေမိဇာတ်)။
       အဓိပ္ပါယ်ကတော့ လောကမှာ စည်းစိမ်ဥစ္စာပေါများ၊ အာဏာပါဝါ ကြီးမားသော ယုတ်မာတဲ့ အကျင့်ဆိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီစည်းစိမ်ဥစ္စာ၊ အာဏာကို သုံးပြီး အားနည်းတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အနိုင်ကျင့်၊ ဆင်းရဲသူတွေရဲ့ ဥစ္စာ၊ မြေနေရာ စတာတွေကို သိမ်းပိုက်ကြတယ်။ အဲဒီလို သိမ်းပိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ သေရင် ကြိမ်ပိုက်ငရဲမှာ ဆိုးရွားစွာ ခံစားရပါတယ်တဲ့။
       ဘယ်လောက်ကြောက်စရာကောင်းလဲနော်။ အခုလက်ရှိမှာ အဲလိုလူတွေကလည်း များသား။ သူတို့အတွက် ရတက် မအေးစရာပါပဲ။ အာဏာကို အလွဲသုံးစားလုပ်ပြီး ခိုကိုးရာမဲ့ ဆင်းရဲသားများ၊ လယ်သမားများရဲ့ လယ်တွေ၊ ယာတွေ အိမ်မြေတွေ ကို သိမ်းယူကြတယ်။ ဥစ္စာအားကိုးနဲ့ အဓမ္မသိမ်းတယ်။ ခိုကိုးရာမဲ့ အားနည်းတဲ့သူတွေ ဆင်းရဲရင် ဆင်းရဲပါစေ  မိမိတို့ချမ်းသာကြီးပွားဖို့အတွက် ဘာမဆိုလုပ်ကြတယ်။ သိမ်းနိုင်သလောက်သိမ်းထား။ မိုက်နိုင်သလောက် မိုက်ထားပါ။ ခဏပါပဲ။ ထိုအဓမ္မသမားများကို ကြိမ်ပိုက်ငရဲမှ အဆင်သင့်စောင့်ကြိုနေပါတယ်။