Tuesday, March 25, 2014

လောကီလူသားတွေအတွက် ပျော်ရွှင်မှုအစစ်


Real happiness is found within, and is not to be defined in terms of wealth, power, honors or conquests.

        တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ မိမိသန္တာန်မှာ ရှိပါတယ်။ ပျော်ရွှင်မှုအစစ်ကို စည်းစိမ်ဥစ္စာ၊ အာဏာ၊ ဂုဏ်ပြုတာ၊ အနိုင်ရရှိ တာတွေနဲ့ မသတ်မှတ်ပါဘူး။
         

       အဲဒီ ဓနဥစ္စာ၊ အာဏာစတာတွေဟာ မမျှတသောနည်း၊ အနိုင်အထက်ပြုကျင့်ပြီး ရယူထားတာဆိုရင်၊ ဒါမှမဟုတ် အဲဒီဥစ္စာ၊ ဂုဏ်တွေပေါ်မှာ တပ်မက်မှုအားကြီးနေမယ်ဆိုရင် ဒါဟာ ပိုင်ဆိုင်သူတွေအတွက် ဆင်းရဲခြင်း၊ စိုးရိမ်ပူပန်ရခြင်းရဲ့ အရင်းအမြစ်အကြောင်းတရားတွေပါပဲ။

       ဘုရားရှင်က အနာထပိဏ်သူဌေးအား လောကီလူသားတွေအတွက် ချမ်းသာအစစ်လေးမျိုးကို ဟောတော်မူခဲ့ပါ တယ်။ လောကမှာရှိတဲ့ လူသားအားလုံး တောထွက်၊ တရားကျင့်ပြီး ရဟန္တာဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပါရမီရင့်ကျက်မှုရှိတဲ့ သူတွေပဲ လောကလွန်မြောက်တဲ့ချမ်းသာကို ရရှိမှာပါ။ သို့သော်လည်း ဘုရားရှင်သည် လောကလွန်မြောက်တဲ့ ချမ်းသာအစစ်ကို မရရှိနိုင်သေးတဲ့ လောကီလူသားများကိုလည်း သူတို့နဲ့ထိုက်တန်တဲ့ လောကီချမ်းသာအစစ်တွေကို ဟောဖော်ညွန်ကြားတော် မူခဲ့ပါတယ်။

The happiness of possession = ပိုင်ဆိုင်မှုချမ်းသာ

        ပိုင်ဆိုင်မှုဟာ ချမ်းသာတစ်မျိုးပါ။ ပိုင်ဆိုင်မှုထဲမှာ ကျန်းမာရေး၊ ငွေကြေး၊ အသက်ရှည်ခြင်း၊ လှပခြင်း၊ ကျေနပ်ခြင်း၊ အခြံ အရံပစ္စည်းများ၊ ခွန်အားဗလ၊ သားသမီး စသည် ပါဝင်ပါတယ်။ ဒါကြောင့် ရှိအောင်ရှာကြရမယ်။ ပစ္စည်းဥစ္စာမရှိတဲ့သူဟာ အခတ်ခဲ များစွာ ရင်ဆိုင်ရတယ်။ ဒါကြောင့် ဘုရားရှင်က ဥစ္စာကို တိုးပွားအောင်ရှာပါလို့ ဟောပါတယ်။ ကျန်းမာရေးကောင်းရင် ချမ်းသာတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ အသက်ရှည်ရင်လည်း စိတ်ချမ်းသာတယ်။ အခြံအရံများရင်လည်း ချမ်းသာတယ်။ သားသမီးမြေးမစ်များရင်လည်း ချမ်းသာတယ်။ ဒါတွေဟာ ပိုင်ဆိုင်မှုဆိုတဲ့ ချမ်းသာတစ်မျိုးပါပဲ။

The happiness of enjoyment of such possession = ပိုင်ဆိုင်မှုတွေကို သုံးဆောင်ခံစားရတဲ့ ချမ်းသာ

        ကိုယ့်ပိုင်ဆိုင်မှုကို စနစ်တကျသုံးဆောင်ရခြင်းဟာလည်း ချမ်းသာတစ်မျိုးပါပဲ။ အချို့လူတွေဟာ ကိုယ့်မှာရှိသော်လည်း   ကောင်းမွန်စွာ မသုံးရဘူး။ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ နှမြောလို့သော်လည်းကောင်း ကောင်းကောင်း စားနိုင် သားနဲ့ မစားတာ။ ၀တ်နိုင်သားနဲ့ မ၀တ်ရတာ။ သားသမီးတွေ ပေါများရဲ့သားနဲ့ အတူတူနေခွင့်မရတာ။ စတာတွေပေါ့။ ဒါကြောင့် ကိုယ့်ပိုင်ဆိုင်မှုကို အပြည့်အ၀သုံးဆောင်ခံစားရတာဟာလည်း ချမ်းသာတစ်မျိုးပါပဲ။

The happiness of not falling in debt = အကြွေးကင်းခြင်းချမ်းသာ

        လူတစ်ယောက်ဟာ အကြွေးများနေမယ်ဆိုရင်လည်း စိတ်မချမ်းသာနိုင်ပါဘူး။ ဘယ်ချိန်လာတောင်းမလဲ စိုးရိမ်နေရတယ်။ အကြွေးရှင်မြင်တိုင်း ထိတ်လန့်နေရတယ်။ မျက်နှာငယ်ရတယ်။ ဒါကြောင့် အကြွေးကင်းအောင်နေပါ။ ဒါပြင် မိဘကျေးဇူးကြွေး၊ ဆရာ့ကျေးဇူးကြွေးစသော ဓမ္မအကြွေးတွေလည်းပါပါတယ်။ အဲဒါတွေလည်း တက်နိုင်သလောက် ကျေအောင်ဆပ်ရမယ်။

The happiness of blamelessness = အပြစ်ကင်းခြင်းချမ်းသာ

        အရေးအကြီးဆုံးအချက်ပါ။ အထက်ပါ ချမ်းသာသုံးမျိုးရသော်လည်း အပြစ်တွေများနေမယ်ဆိုရင် စိတ်မချမ်းသာနိုင်ပါဘူး။ ပိုင်ဆိုင်မှုတွေ ရှိတယ်။ အဲဒီပိုင်ဆိုင်မှုဟာ မတရားသဖြင့်၇ထားမယ်။ သူများအသက်ကို သတ်ပြီးရထားတယ်။ ခိုးပြီးရထားတယ် ဆိုရင် အပြစ်မကင်းပါဘူး။ အပြစ်မကင်းတဲ့ ပိုင်ဆိုင်မှုတွေ သုံးဆောင်နေရတာဟာလည်း ချမ်းသာအစစ်ကို မရနိုင်ပါဘူး။ အကြွေးတော့ကင်းပါတယ်။ အပြစ်တွေ မကင်းဘူးဆိုရင်လည်း မချမ်းသာပါဘူး။ ဒါကြောင့် နောက်ဆုံးချမ်းသာဟာ အရေးကြီးဆုံး ပါ။ ယခုဘ၀တင်မက သံသရာမှာလည်းပဲ ကောင်းတဲ့ဘ၀ကို မရနိုင်ပါဘူး။ ဒါကြောင့် ငွေမရှိပေမယ့် ရိုးသားမှုတော့ ရှိဖို့ အရေးကြီးပါတယ်။ ထမင်းငတ်ပေမယ့် ရိုးသားမူကိုတော့ မငတ်ပါစေနဲ့။ လူတိုင်းအပြစ်မကင်းသော်လည်း နည်းအောင်တော့ ကျိုးစားစေချင်ပါတယ်။

        ဒါကြောင့် ဓမ္မမိတ်ဆွေအားလုံး အပြစ်ကင်းသော ပိုင်ဆိုင်မှု၊ အပြစ်ကင်းသော သုံးဆောင်ခံစားမှု၊ အပြစ်ကင်းသော အကြွေးကင်းမှုဆိုတဲ့ ချမ်းသာခြင်းတွေကို ရရှိခံစားနိုင်ကြပါစေ။

No comments:

Post a Comment