Thursday, March 27, 2014

အစကောင်းမှ အနှောင်းသေချာ



        ဖတ်ဖူးတဲ့ ဥပမာလေးတစ်ခုပါ။ သစ်ပင်တစ်ပင်ဟာ စိုက်ပျိုးစ၊ ပေါက်ခါစ အချိန်မှာ ပတ်ဝန်းကျင် လေ ဒဏ်၊ ရေဒဏ်၊ ပိုးဒဏ် တွေကို ခံနိုင်ရည်မရှိသေးပါဘူး။ လေတိုက်ရာကို လိုက်ပါ ယိမ်းယိုင်နေရပါတယ်။ တောင်က တိုက်ရင် မြောက်ကိုယိုင်ရတယ်၊ မြောက်ကတိုက်ရင် တောင်ကိုယိုင်ရတယ်။ အဲလို ယိုင်နေတာကိုက ကိုယ့်ကိုကိုယ် မထိန်းထားနိုင်လို့ပေါ့။ အဲလို ယိုင်တဲ့အချိန်မှာ ဘေးကနေ ဒေါက်ကလေးနဲ့ ထိန်းလို့၊ ပြုပြင်လို့ လုပ်ပေးနေရပါမယ်။ ဒါမှသာ သူဟာ မားမားမတ်မတ်ရပ်တည်နိုင်လို့ ငွါးငွါးစွင့်စွင့် ပွင့်လန်းနိုင်မှာ ဖြစ်ပါတယ်။

        ဒီဥပမာလေးက ဘာကိုပြောတာလဲဆိုရင် ကလေးသူငယ်တွေကို ကောင်းတဲ့စရိုက်သွင်းပေးဖို့ပါ။ ကလေးလေးတွေဟာ ငယ်သေးတဲ့အရွယ်မှာ ကိုယ့်ကိုယ်ကို မရပ်တည်နိုင်သေးပါဘူး။ ပတ်ဝန်းကျင်ရဲ့ ကြိုးဆွဲရာ ကနေရမယ့်ဘ၀ပါ။ ဒါကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက ရိုးသားတဲ့စိတ်ရှိအောင်၊ စာနာတတ်အောင်၊ ကူညီရိုင်းပင်းတတ်အောင်၊ ဘာသာရေးအသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းလာအောင် ပြုပြင်ပေးဖို့လိုပါတယ်။ ကလေးလေးတွေရဲ့စိတ်ဟာ ယိမ်းယိုင်တတ်တဲ့အတွက်ကြောင့် မိဘတွေ၊ ဆရာသမားတွေကနေ အသိ၊ အလိမ္မာ၊ ဥာဏ်ပညာဆိုတဲ့ ဒေါက်လေးတွေနဲ့ ထောက်ထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကြီးလာတဲ့အခါမှာ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ သားကောင်းသမီးကောင်းလေးတွေ ဖြစ်နိုင်မှာပါ။ 

        အပြုစုကောင်းတဲ့ သစ်ပင်တစ်ပင်ဟာ ကြီးလာရင် လူအများနားခိုရာ သစ်ပင်ကြီးတစ်ပင် ဖြစ်လာသလို ပတ် ၀န်းကျင်မိဘ၊ ဆရာသမားတွေရဲ့ ကောင်းမွန်တဲ့ ပြုပြင်မူတွေရှိတဲ့ကလေးဟာ ကြီးလာတဲ့အခါမှာ အဲဒီပတ်ဝန်းကျင် လူသားတွေကို အေးမြတဲ့အရိပ်အာဝါသတွေ ပေးနိုင်တဲ့၊ လိမ်မာတဲ့ သားကောင်းသမီးမြတ်များဖြစ်လာမှာ မလွဲပါ။ 

        ဒါကြောင့် ကလေးသူငယ်များကို ဘာသာတရားအဆုံးအမ၊ ဆရာသမား၊ မိဘများရဲ့ ကောင်းမွန်တဲ့ လမ်းပြမူ ကို ငယ်စဉ်ကတည်းက ခံယူကျင့်သုံးနိုင်အောင် ပြုစုပျိုးထောင်သင့်ပါတယ်။ “အစကောင်းမှ အနှောင်းသေချာ”မှာပါ။ အစကတည်းက မကောင်းခဲ့ရင် ကြီးမှ ပြင်ဖို့ခဲယင်းပါတယ်။ မိဘများအနေနဲ့ သားသမီးများကို ပတ်ဝန်းကျင် ကို ကောင်းမွန်အေးမြတဲ့ အရိပ်အာဝါသတွေကို ပေးနိုင်တဲ့ သားကောင်းသမီးကောင်းများ ဖြစ်နိုင်အောင် ငယ်စဉ်က တည်းကနေ အသိပညာရေ၊ မေတ္တာရေများလာင်းပေးပါ။ သူတို့ရဲ့ဘ၀ကို ဖျက်ဆီးမယ့် မကောင်းသောစရိုက်ဆို တဲ့ ပေါင်းများကို သုတ်သင်ဖယ်ရှားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment