ဘုရားရှင်ကိုယ်တော်မြတ် သာဝတ္ထိမြို့မှာ သီတင်းသုံးတော်မူခဲ့စဉ်က ၀ိသာခါကျောင်းအမကြီးကို အကြောင်းပြုပြီး ပန်းကုံး တရားကို ဟောတော်မူခဲ့ပါတယ်။ ၀ိသာခါဟာ အလှူအတန်း အလွန်ရက်ရောတဲ့ ကျောင်းအမကြီးပေါ့။ သူမဟာ ဘုရားရှင်နှင့် တကွ သံဃာတော်များချမ်းချမ်းသာသာ သီတင်းသုံးနိုင်အောင်လို့ ၂၇ ကုဋေသော ဥစ္စာတွေကို အကုန်အကျခံပြီး ပုဗ္ဗာရုံ ကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ကျောင်းရေစက်ချပွဲကြီးအပြီးမှာတော့ ကျောင်းအမကြီးကို ချီးမြောက် တဲ့အနေနဲ့ “ပန်းကုံးဥပမာ” အနုမောဒနာတရားတော်ကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
“ယထာပိ ပုပ္ဖရာသိံမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေနေ၊ ကာတဗ္ဗံ ကုသလံ ဗဟုံ။” (ဓမ္မပဒ၊ ပုပ္ဖ၀ဂ်)
“ပန်းပွင့်များစွားကို သီကုံးလိုက်တဲ့အခါ များစွာသော ပန်းကုံးများရရှိတယ်။ ထို့အတူ မွေးခြင်းအစ သေခြင်းအဆုံး ရှိတဲ့ သတ္တ၀ါတွေဟာ ပစ္စည်းဥစ္စာဆိုတဲ့ ပန်းများ၊ သဒ္ဓါဆိုတဲ့ပန်းများကို စနစ်တကျ သီကုံးပြီး ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် များ စွာသောကုသိုလ်ပန်းကုံးများကို ရအောင်အားထုတ်ရမယ်။”
“As from a heap of flowers many garlands can be made,
Even so should many
good deeds be done by one born a mortal.”
စံပယ်၊ နှင်းဆီ၊ ခတ္တာ စတဲ့ ပန်းလေးတွေကို တစ်ပွင့်စီ
ကောက်ကာ ခူးကာဖြင့် ပန်းပုံကြီးဖြစ်လာတဲ့အခါမှာ ကိုယ်လိုရာ ပန်းကုံးလေးတွေ
သီကုံးနိုင်ပါတယ်။ သီကုံးပြီးသားပန်းကုံးလေးကို ဆင်မြန်းလိုက်တဲ့သူဟာ အလွန်ကို လှပါတင့်တယ် ရှုစဖွယ် မြင်သူတကာငေးလောက်တဲ့သူ ဖြစ်တာပေါ့။ ထို့အတူ မိမိတို့ ဘ၀အစမှနေ ဘ၀ဆုံးတဲ့တိုင်
အနှစ်သာရမရှိကုန်ခမ်း တတ်သောသဘောရှိတဲ့ ဥစ္စာပစ္စည်းတွေကို အရင်းတည်ပြီး သဒ္ဓါအခြေခံ ကုသိုလ်ပန်းလေးတွေ နည်းနည်းချင်း ပြုပါများ လာတဲ့အခါ ဒါနပန်းကုံး၊ သီလပန်းကုံး၊
ဘာဝနာပန်း ကုံးလေးတွေ ဖြစ်လာတာပေါ့။ ကုသိုလ်ပန်းကုံးလေးတွေ ဆင်မြန်းထားတဲ့
ပျိုပျိုအိုအို လူရွယ်လူလတ်အားလုံးဟာ ယခုဘ၀တွင်မက နောက်ဘ၀တွေမှာပါ ရှုချင်စဖွယ် လှပါတင့်တယ်နေပါတော့တယ်။
ရိုးရိုးပန်းကုံးဟာ မကြာခင်နွမ်းလွယ်ပေမယ့်
ကုသိုလ်ပန်းကုန်းကတော့ ထာဝရလန်းဆန်းနေမှာပါ။ ကုသိုလ်ပန်းကုံးဟာ နတ်လမ်း၊ ဗြဟ္မာလမ်း၊
မဂ်လမ်းဖိုလ်လမ်း အားလုံးကို ဖွင့်ပေးမှာပါ။
ဒါကြောင့် ဒါနပန်းလေးတွေစု၊ သီလပန်းလေးတွေစု၊
ဘာဝနာပန်းလေးတွေစုပြီး ကုသိုလ်ပန်းကုံးများ ဆင်မြန်းနိုင်ကြကာ မိမိတို့ဘ၀ လှသထက်လှနိုင်ကြပါစေ။
No comments:
Post a Comment