သေလာလို့ခေါ်တဲ့ ရဟန္တာမလေးဟာ သာဝတ္ထိပြည် ဆွမ်းခံအပြန် အန္ဓ၀န်တောကြီးထဲမှာ
သမာပတ် ၀င်စားပြီး ချမ်းသာစွာ သီတင်းသုံးနေစဉ်မှာ ရုတ်တရက် အသံတစ်ခုကြားလိုက်တယ်။
"ကေနိဒံ ပကတံ ဗိမ္ဗံ၊ ကွနု ဗိမ္ဗဿကာရိယံ။
ကွနု ဗိမ္ဗံ သမုပ္ပန္နံ၊ ကွနု ဗိမ္ဗံ နိရုဇ္ဈတိ။"
"ဒီခန္ဓာကြီးကို ဘယ်သူက ဖန်ဆင်းပေးတာလဲ၊ ခန္ဓာကြီးကို ဆောက်လုပ်ပြုပြင်ပေးနေတဲ့ သူက ဘယ်သူလဲ၊ ဒီခန္ဓာကြီး ဘာကြောင့်ပေါ်လာတာလဲ၊ ဒီခန္ဓာကိုယ်ကြီး ဘာကြောင့် ချုပ်ငြိမ်းရပါသလဲ။"
သေလာထေရီမ အသံကြားရာ ကြည့်လိုက်တော့ မာန်နတ်ဖြစ်နေတယ်။ "ဟဲ့မာန်နတ် ဒီခန္ဓာကြီးကို ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပြုလုပ်ပေးထားတာမဟုတ်ဘူး။ သူ့အကြောင်းနဲ့သူ ဖြစ်နေတာ။ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ အဲဒီ အ၀ိဇ္ဇာ (မသိမှု)၊ တဏှာ (လိုချင်မှု)၊ ဥပါဒါန်(စွဲလမ်းမှု)၊ ကံ(ပြုလုပ်အားထုတ်မှု) စတဲ့ အကြောင်းတရားတွေ ချုပ်ဆုံးခြင်းကြောင့် ခန္ဓာကြီး ချုပ်ဆုံးရတာ" လို့ ဖြေလိုက်ပါတယ်။
လယ်ထဲမှာရှိတဲ့ မျိုးစေ့တွေဟာ သူ့အလိုလို အပင်ပေါက်လာတာမဟုတ်ပါဘူး။ မြေသြဇာနဲ့ ရေဓာတ် ကို အစွဲပြု ဖြစ်လာတယ်။ စည်ကားလာတယ်။ အပင်ပေါက်လာတယ်။ လောကမှာရှိတဲ့ ရုပ်နာမ်တွေဟာ လည်း သူ့အလိုလိုဖြစ်တာမဟုတ်။ ဖန်ဆင်းရှင်ကြောင့်ဖြစ်တာလည်း မဟုတ်။ ရှေးကံကြောင့်ဖြစ်လာ တယ်။ အဲဒီကံဟာလည်း အထောက်အပံ့မရှိရင် မဖြစ်ပါဘူး။ အပေါင်းအဖော်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ အ၀ိဇ္ဇာ၊ အာဟာရဆိုတဲ့ အဖော်တွေရမှ ကံကအကျိုးပေးတာပါ။ အဲဒီအကြောင်းအကျိုးတရားတွေ စုပေါင်း လိုက်တော့ ပဋိသန္ဓေ၊ ဘ၀င်စတဲ့ထိုထိုဘ၀အစတွေ ပေါ်လာတယ်။
သတ္တ၀ါတွေဟာ ဆင်းရဲမှန်းမသိကြဘူး။ ဆင်းရဲကြောင်းမှန်းမသိတော့ ဘ၀ကြီးကို လိုချင်တယ်။ လိုချင်တော့ ရအောင်အားထုတ်ခဲ့တယ်။ ပြီးတော့ ဘ၀ရလာတယ်။ လက်ရှိဘ၀မှာလည်း ရပ်တန့်မနေပဲနဲ့ ဘ၀ကို ဒုက္ခလို့ မသိပဲ ထပ်လိုချင်ပြန်တယ်။ ထပ်ပြီး ကံအသစ်တွေပြုပြီး ဘ၀သစ်ကို ကိုယ်တိုင် ဖန်တီးတယ်။ ထပ်ပြီး ဘ၀တွေ ဆက်ဖြစ်တယ်။ ဒီလိုနဲ့ မရေမတွက်နိုင်တဲ့ဘ၀တွေဖြစ်ပြီး သံသရာထဲမှာ လည်နေကြရတယ်။ ဘ၀ကြီးဟာ ဆင်းရဲပါလားလို့ ဥာဏ်နဲ့သိတဲ့အခါ မလိုချင်တော့ဘူး။ မလိုချင်တော့ ရအောင်အားမထုတ်တော့ဘူး။ အားမထုတ်တော့ ဘ၀အသစ်တွေ မဖြစ်တော့ဘူး။ ဘ၀အသစ်ဆက်မဖြစ်တော့ ဆင်းရဲချုပ်ငြိမ်းတာပေါ့။ ဒါ ပဋိစ္စသမုပ္ပါဒ်ရဲ့ လည်လမ်းနဲ့ ထွက်လမ်းပါပဲ။
မာန်နတ်လည်း သေလာထေရီမရဲ့ တရားကြားနာပြီး "အင်း ခုတော့ ရှင်းသွားပါပြီ အကြောင်း ကြောင့်ဖြစ် တယ်ဆိုတာ သဘောပေါက်ပါပြီ" ဆိုပြီး ထွက်ခွါသွားပါတော့တယ်။

No comments:
Post a Comment