Tuesday, March 11, 2014

မသေခင် အကြွေးကျေအောင်ဆပ်ပါ


       လူအများစုမှာ အကြွေးနဲ့ မကင်းပါဘူး။ စီးပွားရေးအဆင်မပြေတဲ့အခါ အကြွေးနဲ့လည်ပတ်ရတာတွေ ရှိတယ်။ အကြွေးယူထားပြီဆိုရင် ကျိုးစားပြီး မြန်မြန်သာ ဆပ်ကြပါ။ ဘာလို့လဲဆိုရင် ခုပြန်မဆပ်ခဲ့ ရင် နောင်ဘ၀များမှာ ပြန်ပေးဆပ်ရလို့ပါ။ နောင်ဘ၀မှ ဆပ်တဲ့အကြွေးဟာ အရမ်းကို ကြီးမားပါတယ်။ ယူတုန်းက တစ်ကျပ်တစ်ပြားဆိုပေမယ့် အဲဒီတစ်ကျပ်တစ်ပြားကို ဒီဘ၀မဆပ်ပဲ သေသွားခဲ့ရင် နောင်ဘ၀ များစွာမှာ ဘ၀တစ်ခုလုံးရင်းပြီး ပေးဆပ်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို တင်ပြချင်ပါတယ်။

        ၁၂၇၀နှင် ၁၂၈၀ ခန့်က တောင်တွင်းကြီးမြို့၊ ချောင်းဆုံရွာမှာ ငညိုနဲ့ ကံကြီး ဆိုတဲ့ သူငယ်ချင်းနှစ်   ယောက်ရှိတယ်။ ကွမ်းထမ်းရောင်းပြီး အသက်မွေးကြတယ်။ တစ်နေ့ ကွမ်းရောင်းအပြန် ကံကြီးဟာ အိမ် မှာ ချက်စရာမရှိလို့ ငညိုဆီက ဆန်တစ်စလယ်ချေးပြီး ချက်ပါတယ်။ အမှတ်တမဲ့ပါပဲ။ အချင်းချင်းဆိုတော့ ဘယ်ချိန်ပေးပေးရပါတယ်လို့ သဘောထားတယ်။ ဒါပေမယ့် သေခြင်းက အချိန်မရွေးပါဘူး။ နောက် ကြာတော့ ကွမ်းရောင်ပြန် လရောင်အောက်မှာ ကံကြီး မြွေကိုက်လို့ သေပါလေရော။ သေခါနီးမှာ ဆန်တစ် စလယ်ချေးခဲ့တာကို အာရုံထဲပေါ်လာတယ်။ ဒီအာရုံနဲ့သေတော့ ငညိုရဲ့အိမ်မှာ တိုက်ကြက်ဖြစ်တယ်။ ကြက်တိုက်တဲ့အခါ သုံးပွဲပြိုင် သုံးပွဲနိုင်ပါပဲ။ လေးကြိမ်မြောက်မှာ ရှုံးလို့ ခြေထောက်ဆွဲကာ မသေမချင်း ရိုက်သတ်ခံရတယ်။ သေခါနီး နွားမကြီးလာနမ်းတာကို စွဲပြီး နွားမကြီးဝမ်းထဲမှာ ဖြစ်ပြန်တယ်။ နွားကလေး အရွယ်ရောက်တော့ ငညိုမိတ်ဆွေများက လေးကျပ်နဲ့ ၀ယ်ပြီး သတ်စားကြပြန်တယ်။    

       
       အဲအချိန်မှာ တောင်တွင်းကြီးမှ စာရေးကြီးလင်မယားရောက်နေရာ စာရေးကြီးကတော်က "ငါနွား   လေးဆို မသတ်ရက်ပါဘူး။ သေတောင် ဒီတိုင်း မြေထဲမြုပ်လိုက်မှာ"ဆိုပြီး ပြောဆိုတာကို စွဲပြီး နွား ကလေးသေသွားတာပါ။ နောက်တော့ စာရေးကတော်ကိုယ်ဝန်ရတော့ သားလေးမွေးတယ်။ ၇ နှစ်တိုင် စကားမပြောပါဘူး။ ဖခင်စာရေးကြီးက “ငါ့သား စကားပြောလေကွာ၊ ဒီနေ့ လခထုတ်ရမယ်၊ ငါ့သားအတွက် အ၀တ်ကောင်းကောင်းဝယ်ခဲ့မယ်။” ပြန်လာတော့ အ၀တ်လှလှလေးပြပြီး သားကို “ကဲ သားအတွက် အ၀တ်ဝယ်လာတယ်။ စကားပြောပေတော့”ဆိုတော့ မမျော်လင့်ပဲ သားထံမှ "ငညို ဆန်တစ်စလယ်"ဆိုပြီး စကားသံထွက်လာတယ်။ "သားရယ် စကားသာပြောပါ။ ဆန်တစ်စလှယ်မဟုတ်ဘူး။ အိတ်လိုက်ဝယ်ပေး မယ်။” “အဖေ ဒါဆို အိတ်လိုက်ဝယ်ပြီး လှည်းပေါ်တင် ငညိုကို အကြွေးသွားဆပ်မယ်။” အဖေလုပ်သူ လည်း သားပြောတဲ့အတိုင်း လှည်းပေါ်တင်ပြီး သားညွန်တဲ့အတိုင်း ငညိုအိမ်ရောက်ပါတယ်။ “ဟေ့ ငညို မှတ်မိသေးလား။” ကလေးက လူကြီးကို အဲလိုခေါ်တော့ ငညိုစိတ်ဆိုးတယ်။ ဖင်ခင်က တောင်းပန်တယ်။ ထို့နောက် ကလေးက ဆန်တစ်စလယ်ကြောင့် အမျိုးမျိုးဒုက္ခရောက်ခဲ့ပုံကို ဖြစ်ကြောင်းကုန်စင် သေချာ ရှင်းပြလိုက်မှ သဘောပေါက်ပြီး ၀ိုင်းဖက်ငိုကြပါလေရော။
       (ဦးညိုကိုယ်တိုင် ရေစကြိုက ဦးဘသွင်အားပြောပြချက်ကို မဟာစည်ဆရာတော်ကြီးက ဓမ္မစကြာ တရားတော် စာအုပ်မှာ ထည့်သွင်းရေးထားပါတယ်)

        အကြွေးဟာ ကြောက်ဖို့ကောင်းပါတယ်။ ယူထားရင် အတက်နိုင်ဆုံးပြန်ဆပ်ကြပါ။ ဆန်တစ်စ လယ်တောင် ဒီလောက်ဘ၀များစွာ ပေးဆပ်နေရတယ်။ ဒီထက် အကြွေးထူရင် ဘ၀တွေ မရေနိုင်   လောက်အောင် ပေးဆပ်ရလိမ့်မယ်။ ဒါကြောင့် နည်းတယ်များတယ်၊ ခင်မင်ရင်းနှီးတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့မနေပါနဲ့။ ချေးထားတယ်ဆိုရင် အချိန်တိုအတွင်း ပြန်ဆပ်ပါ။ သေခြင်းက အချိန်မဆိုင်းပါဘူး။ ဒါကြောင့် ဘုရားရှင်က အကြွေးကင်းခြင်းဟာ ချမ်းသာခြင်းတစ်မျိုးပဲလို့ ဟောခဲ့တာပါ။
        

       အားလုံးအကြွေးကင်းကြပါစေ။

No comments:

Post a Comment