တရားမှတ်တယ်ဆိုတာ စိတ်ကို ယဉ်ကျေးအောင်လုပ်တာပါ။ ဒီနေရာမှာ အာနာပါန (၀င်လေ ထွက်လေ) ရှုမှတ်နည်းကိုပဲ ဖော်ပြပါမယ်။ ၀င်လေထွက်လေကမ္မဋ္ဌာန်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လည်း အထောက်အကူပြုတယ်။ အာရုံကြောဖွဲ့စည်းမူရဲ့ လုပ်ဆောင်ချက်ကို ပိုမိုအားကောင်းစေတယ်။ ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုဟာ အာရုံကြောဖွဲ့စည်းမူပေါ်မှာ အခြေတည် တယ်။ ၀င်လေထွက်လေရှုမှတ်သူဟာ စိတ်ရဲ့ငြိမ်းချမ်းမှုတင်မကပဲ ကိုယ်ခန္ဓာကျန်းမာမှုကိုပါ ရရှိတယ်။ ဒါကြောင့် တရားရှုမှတ်သူဟာ တရားရဖို့အတွက်သာမက ခန္ဓာကျန်းမာသန်စွမ်းဖို့အတွက်ပါ အာနာပါန (၀င်လေထွက်လေ) ကမ္မဋ္ဌာန်းကို အားထုတ်သင့်တယ်။
ထိုင်တရားအားမထုတ်ခင်မှာ ရှေးဦးစွာလုပ်ဆောင်ရမယ့် အမှုကို လုပ်ရပါမယ်။ တရားမထိုင်ခင်လုပ်ရ မယ့်အလုပ်ကို သီးသန့်ဖော်ပြထားပါတယ်။ ထို့နောက် သက်တောင့်သက်သာဖြစ်မဲ့နေရာ မှာ ကျောကိုဖြောင့်ဖြောင့်ထားပြီး တင်ပျင်ခွေကာ ဘယ်ဘက်လက်ပေါ်မှာ ညာဘက်လက်တင်ထားပြီး ထိုင်ပါ။ မျက်စိကို မတင်းလွန်း မလျော့လွန်း မှိတ်ထားပါ။ ထို့နောက် ၀င်လေထွက်လေကို ရှုရှိုက်ပါ။ ၀င်လေလေး နှာသီးဝကိုတိုးဝင်လာတာ၊ တဖန် နှာသီးဝမှစပြီး ချက်(ဗိုက်)မှာဆုံးသွားတာကို သတိဖြင့် မှတ်နေပါ။ တဖန် ချက်ကနေ လေပြန်တက်လာပြီး နှာသီးဝကို တိုးထွက်သွားတာလေးကို သတိဖြင့် မှတ်ပါ။ ၀င်လေရှုသွင်းတဲ့အခါ ၀င်လေ၀င်လာတဲ့အသိလေးရှိနေပါ။ ထွက်လေပြန်ထွက်သွားတဲ့အခါမှာ လည်း လေပြန်ထွက်သွားတယ်လို့ စိတ်က သိနေပါ။ ဒါဟာ အာနာပါနကမ္မဋ္ဌာန်းရဲ့ ပထမအဆင့်ပါပဲ။ ဒီတော့ တရားအားထုတ်သူဟာ ကိုယ့်အလုပ်ပေါ်မှာ သည်းခံဖို့ အရေးကြီးပါတယ်။ ၀င်လေထွက်လေ ရှုရှိုက်တဲ့အခါမှာ အရမ်းအားစိုက်ပြီး ရှုရှိုက်နေဖို့မလိုပါ။ ဖြေးဖြေးနဲ့မှန်မှန်လေး ရှုရှိုက်ပေးပါ။ တစ်ခါတစ်ခါမှာ သတိလေးဟာ လေရှုရှိုက်နေရာမှ လွတ်သွားတတ်ပါတယ်။ အဲအတွက်စိတ်မပျက်ပါနဲ့။ ပြန်ပြီး စိတ်ကို မူလရှုမှတ်ရာနှာသီးဝကို ပြန်ထားပေးပါ။ ဒါဆိုရင် ၀င်လေထွက်လေအပေါ်မှာ အသိပြန်ကပ်လာပါလိမ့်မယ်။
တရားစတင်ရှုမှတ်တဲ့အခါမှာ စိတ်ဟာ မကြာမကြာပျံလွင့်နေတယ်ဆိုရင်တော့ စိတ်ပျံလွင့်တာရပ် တန့်သွားအောင် သန္ဒိဋ္ဌာန်လေးတစ်ခုထားကြည့်ပါ။ (ဥပမာအားဖြင့်) မိမိယခုတိုင် အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းစွမ်းအား၊ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့ရဲ့ စွမ်းအားကြောင့် ငါ့စိတ်သည် ၀င်လေထွက် လေပေါ်မှာ သတိကပ်နိုင်ပါစေသတည်းဟု အဓိဋ္ဌာန်လိုက်ပါ။ နောက်ပြီး မိမိထိုင်နေတဲ့ကိုယ်အနေအထား ကိုလည်း မှန်မမှန် မကြာမကြာပြန်သုံးသပ်ပေးပါ။ လက်၊ ခြေ၊ လည်ပင်း၊ ဦးခေါင်းတို့ မှန်ကန်တဲ့အနေ အထားရှိလား ပြန်သတိထားပေးပါ။ စစချင်း ငါးမိနစ်ခန့် ကျိုးစားရှုမှတ်ကြည့်ပါ။ ပြီးရင် ငါးမိနစ်မှ ၄၅ မိနစ်လောက်ထိ တိုးပြီး နေ့စဉ် ပုံမှန်ရှုမှတ်ပါ။ တရားထိုင်တဲ့အခါမှာ လုံလောက်တဲ့ ၀ီရိယနှင့် ထိုင်ချင်တဲ့ စိတ်ဆန္ဒရှိလား သုံးသပ်ပြီး မရှိလျှင် ကိုယ့်ကိုယ်ကို မြင့်တင်ပါ။
“ငါ့စိတ်သန္တာန်မှာ ငါ့ကို ဒုက္ခဖြစ်စေတဲ့ ကိလေသာရန်သူတွေ အများကြီးရှိနေတယ်။ ဒီကိလေ သာတွေကြောင့် ဘ၀များစွာ ဆင်းရဲကို ခံစားခဲ့ပြီးပြီ။ အနာဂတ်မှာလည်းပဲ ငါ့ကို နှိပ်စက်လိမ့်မယ်။ ဒီကိလေသာတွေ နည်းနိုင်သမျှနည်းအောင်လုပ်မှသာလျှင် ယခုဘ၀ နောက်ဘ၀အတွက် ကောင်း ကျိုးရလိမ့်မယ်။ ဒါကြောင့် ငါတရားအာရုံစိုက်မှ ဖြစ်တော့မယ်။”ဟု ကိုယ့်ကိုယ်ကို စိတ်ဓာတ် လှုံဆော်ပေးခြင်းဖြင့် ၀ီရိယနှင့်တရားရှုမှတ်လိုတဲ့ဆန္ဒကို မြင့်တင်ပေးရပါမယ်။ တစ်ရက်လောက်ရှုမှတ်ပြီး ရက်များစွာ ပျက်ကွက်နေရင်လည်း နည်းလမ်းမှန်သေးပါဘူး။ နေ့စဉ် ဖြစ်နိုင်မယ့်အချိန်မှာ ကိုယ်နိုင် သလောက်အချိန်သတ်မှတ်ပြီး ပုံမှန်ရှုမှတ်ပေးပါ။ ဒီလိုမှမဟုတ်ရင် သမာဓိတွေ၊ စိတ်တည်ငြိမ်မှုတွေ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပါလိမ့်မယ်။
တရားရှုမှတ်တဲ့အချိန်မှာ အရမ်းသတိထားရမယ့် အနှောက်အယှက်ငါးမျိုးရှိတယ်။ သူ့ကို နီဝရဏ လို့ခေါ်တယ်။
၁။ ကာမစ္ဆန္ဒ = တရားမှတ်နေရင် စိတ်က အဆင်း၊ အသံ၊ အနံ၊ အရသာ၊ ထိတွေ့စရာခေါ်တဲ့ အာရုံငါး ပါးပေါ်မှာ တွေးတောသာယာပြီး တပ်မက်တဲ့စိတ်ဆန္ဒတွေ ဖြစ်တတ်တယ်။
၂။ ဗျာပါဒ = တရားမှတ်နေရင်း မကျေနပ် အလိုမကျတဲ့သူ၊ အရာဝတ္ထုတွေကို တွေးမိပြီး ဒေါသဖြစ် တတ်တယ်။ ကိုယ့်ကိုယ်ကို အားမရတာကြောင့်လည်းပဲ ဒေါသဖြစ်တတ်တယ်။
၃။ ထိနမိဒ္ဓ = ၀ိရိယလျော့နည်းမှုကြောင့် စိတ်မထက်သန်တာ၊ အိပ်ငိုက်တာ၊ မရွှင်ပြတာတွေ ဖြစ်တတ် တယ်။
၎။ ဥဒ္ဒစ္စကုက္ကုစ္စ = မပြီးပြတ်သေးတဲ့လုပ်ငန်းတွေ၊ စိုးရိမ်စရာအရာတွေ တွေးပြီး စိတ်မတည်ငြိမ်ဖြစ်တတ် တယ်။ နောက်ပြီး အတိက်က မကောင်းတဲ့လုပ်ရပ်တွေ၊ လုပ်သင့်ရဲ့သားနဲ့ မလုပ်ခဲ့မိတာတွေကို တွေးပြီး ၀မ်းနည်းတာလည်းဖြစ်တတ်တယ်။
၅။ ၀ိစိကိစ္ဆာ = ယုံကြည်မှုအားနည်း ငါအားထုတ်နေတာ ဟုတ်မှဟုတ်ပါ့မလား၊ တကယ်ရော တရားရပါ့မ လား အချိန်ဖြုန်းနေတာမြန်း ဖြစ်နေမလားဆိုပြီး သံသယတွေဖြစ်တတ်တယ်။
ဒါတွေဟာ တရားရှုမှတ်သူတွေရဲ့ အဟန့်အတားတွေပါပဲ။ အဲဒီအခါမှာ ယုံကြည်မှု၊ အားထုတ်မှုကို ညီမျှစွာထားပြီး နီဝရဏတရားတွေဟာ တရားတိုးတက်မှုရဲ့ အဟန့်အတားတွေပဲလို့ ပညာနဲ့ ခွဲခြားသိရ မယ်။ ထို့နောက် သိမှတ်မှုသတိဖြင့် ၀င်လေထွက်လေကို ပြန်လည်သိမှတ်ခြင်းဖြင့် သမာဓိကို ထိန်းသိမ်း ထားရပါမယ်။ ဒါဟာ ထိုင်တရားရှုမှတ်ခြင်းရဲ့ အခြေခံနည်းလမ်းပါပဲ။

No comments:
Post a Comment