Sunday, March 9, 2014

မြွေမကိုက်အောင် ကာကွယ်နည်း

        ဘုရားလက်ထက်က သာဝတ္ထိပြည် ရဟန်းတစ်ပါး မြွေကိုက်ခံရလို့ ပျံလွန်တော်မူပါတယ်။ ဒီအကြောင်းကို ဘုရားရှင် အားလျှောက်ထားတဲ့အခါ ဘုရားက "ရဟန်းတို့ ခုပျံလွန်တော်မူတဲ့ရဟန်းဟာ မြွေမင်းလေးမျိုးကို မေတ္တာမပျံ့စေခဲ့လို့ အကိုက် ခံရတာပဲ။ အကယ်၍ မြွေမင်းလေးပါးကို မေတ္တာပို့ခဲ့မယ်ဆိုရင် အကိုက်မခံရပါဘူး။" လို့မိန့်ပါတယ်။
        မြွေမင်းလေးပါးက ၀ိရူပက္ခမြွေမင်း၊ ဧရာပထမြွေမင်း၊ ဆဗျာပုတ္တမြွေမင်း၊ ကဏှာဂေါတမမြွေမင်းတို့ ဖြစ်တယ်။ မိမိတို့ရဲ့ အသက်အရံအတားအဖြစ် မြွေမင်းလေးမျိုးတို့ကို မေတ္တာဖြန့်ဝေတာကို ငါဘုရားခွင့်ပြုတော်မူတယ်။
        "ငါရဲ့ မေတ္တာသည် ဒီမြွေမင်းလေးမျိုးတို့နဲ့ အတူဖြစ်ပါစေ၊ ငါ့ရဲ့ မေတ္တာသည် အခြေမရှိသောသတ္တ၀ါ၊   
         အခြနှစ်ချောင်းရှိတဲ့သတ္တ၀ါ၊ အခြေလေးချောင်းရှိတဲ့သတ္တ၀ါ၊ အခြေများစွာရှိသော သတ္တ၀ါတို့နဲ့ အတူဖြစ်ပါစေ။   
         ထိုသတ္တ၀ါတို့သည် ငါ့ကို မညှင်းဆဲစေသတည်း။
         အကြွင်းမရှိသောသတ္တ၀ါတို့သည်လည်းကောင်း၊ အလုံးစုံ ထွက်သက်ဝင်သက်ရှိသောသတ္တ၀ါတို့သည်လည်းကောင်း၊ အလုံးစုံ ခန္ဓာကိုယ်အတ္တဘောရှိသောသတ္တ၀ါတို့သည်လည်းကောင်း အလုံးစုံ ကောင်းမြတ်သောအာရုံတို့ကို တွေ့ပါစေ။  
         မကောင်းသောအာရုံတို့သည် တစ်စုံတစ်ယောက်သောသူဆီမျှ မလာပါစေနဲ့။
         ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်သည် အတိုင်းအဆမရှိ။ မြွေမျိုး၊ ကင်းမီးကောက်၊ ပင့်ကူ၊ ကင်းခြေများစသည်တို့သည် ဂုဏ်အားဖြင့် အတိုင်းအရှည်ရှိကုန်၏။
         ငါသည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တ၀ါတို့သည် ငါ့ကို ဖဲသွားစေကုန်သတည်း။ ငါသည် မြတ်စွာဘုရားကို ရှိခိုးပါ၏။ ၇ ဆူသောဘုရားရှင်တို့အားလည်း ရှိခိုးပါ၏။
         ရဟန်းတို့ ဤဆိုခဲ့သော မေတ္တာအရံအတားကို ငါဘုရားခွင့်ပြုတော်မူတယ်။
         ဒါဟာ ဘုရားခွင့်ပြုတော်မူခဲ့တဲ့ မြွေနဲ့ အခြားသတ္တ၀ါတွေရဲ့ အန္တရာယ်မှ ကာကွယ်တဲ့နည်းလေးပါပဲ။ မနက်၊ ည ဘုရားရှိခိုးပြီးတိုင်းဖြစ်စေ၊ ခရီးသွားလာတဲ့အခါဖြစ်စေ မြွေမင်းလေးမျိုးနဲ့ အခြားသတ္တ၀ါတွေကို မေတ္တာပုံမှန်ဖြန်ဝေပေးခြင်း   ဖြင့် မြွေအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

No comments:

Post a Comment