Tuesday, March 11, 2014

တရားရှုမှတ်ခြင်းဟူသည်

       တရားရှုမှတ်တယ်ဆိုတာ စိတ်ကို တိုးတတ်မြင့်မားအောင် ပြုလုပ်ခြင်းပါပဲ။ တနည်းအားဖြင့်ပြောရရင် ကိုယ်စိတ်ကို ပြန်ကြည့်နေတာဟာ တရားအားထုတ်တာပါပဲ။ စိတ်ဆိုတဲ့သဘောက များသောအားဖြင့် မကောင်းတဲ့အာရုံပေါ်မှာပဲ တွယ်ကပ်တတ်တဲ့သဘောရှိတယ်။ စိတ်ဟာ ပင်ကိုယ်အားဖြင့် ဖြူစင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် ရာဂ၊ ဒေါသ၊ မောဟစသော အညစ်အကြေးများကြောင့် ညစ်နွမ်းနေပါတယ်။ အဲဒီအညစ်အကြေးများကို တရားရှုမှတ်ခြင်းလို့ခေါ်တဲ့ ကိုယ့်စိတ်ကို တိုးတတ်မြင့်မားအောင်လုပ်ခြင်းဖြင့် ပယ်ခွါနိုင်ပါတယ်။ လူအများစုကတော့ ကိုယ့်စိတ်ကို ပြန်ကြည့်ဖို့ထက် ပြင်ပအာရုံတွေကိုပဲ ကြည့်လေ့ရှိကြ တယ်။ ကိုယ့်စိတ်ကို ပြန်မကြည့်တော့ စိတ်ဟာ ညစ်ချင်တိုင်း ညစ်နေတာပေါ့။ တရားရှုမှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို ပြန်ကြည့်ပြီး ညစ်နေတဲ့အရာတွေကို သန့်စင်တဲ့အလုပ်ပါပဲ။
       စိတ်ပျံ့လွင့်ခြင်းဟာ ဘာနဲ့တူလဲဆိုရင် လေတိုက်လို့ မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ မီးအလင်းနဲ့ တူပါတယ်။ လိုအပ်တဲ့အလင်းရောင်ရဖို့အတွက် မီးကို လက်ဖြင့်ကာပြီး ငြိမ်အောင်လုပ်ရတယ်။ ဒါမှသာ လျှင် တစ်ခန်းလုံးအလင်းရောင်ရမယ်။ ဒီလိုပါပဲ စိတ်ဟာ ဘ၀အောင်မြင်မှုရဲ့ ဦးစီးဦးဆောင်တစ်ခုပါ။ စိတ် ကို ငြိမ်အောင်မလုပ်နိုင်ဘူးဆိုရင် ဘ၀မှာ အောင်မြင်မှုမရနိုင်ပါဘူး။ စိတ်ဟာ ဘာကြောင့်တုန်လှုပ်နေတာ လဲ မေးရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်အာရုံလို့ခေါ်တဲ့ တံခါးပေါက်တွေကို ကောင်းစွာ မစောင့်
ရှောက်နိုင်လို့ပါ။ ထိုတံခါးများကို သတိနဲ့ စောင့်ရှောက်နိုင်မယ်ဆိုရင် စိတ်ဟာ တည်ငြိမ်နေပါလိမ့်မယ်။ စိတ်ကို မငြိမ်အောင်လုပ်နေသောမကောင်းသောအညစ်အကြေးများလာရာ ထိုတံခါးခြောက်ပေါက်ကို သတိလို့ခေါ်တဲ့ ရေစစ်ဖြင့် သေချာစစ်ဆေးပြီး မကောင်းတဲ့ကိလေသာအနယ်တွေကို စစ်ထားပြီး ကောင်း တဲ့ကြည်လင်တဲ့ ကုသိုလ်အာရုံတွေကိုပဲ အ၀င်ခံတာကို တရားအားထုတ်တယ်လို့ ဆိုပါတယ်။  
       ဘုရားရှင်ညွန်ပြတော်မူတဲ့အတိုင်း အချိန်မှန်မှန် ကျွမ်းကျွမ်းကျင်ကျင် တရားရှုမှတ်မယ်ဆိုရင် ထိုသူ ဟာ အရမ်းကို အေးချမ်းပြီး ပူပင်ကြောင့်ကြမဲ့သော ဘ၀ကို ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment