Monday, March 31, 2014

မိုးသုံးမျိုးနဲ့ လူသုံးမျိုး


        ဘုရားရှင်က လူတွေကို မိုးသုံးမျိုးနဲ့ ဥပမာပေး ဟောကြားတော်မူခဲ့ပါတယ်။

၁။ လုံးဝမရွာသောမိုးနဲ့တူသောသူ
၂။ ကွက်ကြားမိုးနဲ့တူသောသူ
၃။ အနံ့အပြားရွာသောမိုးနဲတူသောသူ

လုံးဝမရွာသောမိုးနဲ့တူတဲ့သူ
       
လုံးဝမရွာတဲ့မိုးနဲ့တူတဲ့လူဆိုတာ ဘာမှ စွန့်ကြဲခြင်းလှူဒါန်းခြင်းမရှိတဲ့သူကို ပြောတာ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ လှူလေ့မရှိပဲ ကိုယ့်အတွက်ပဲ စုဆောင်းနေတဲ့သူပါ။ ကိုယ့်ပစ္စည်းကုန်ခန်းသွားမှာကို ကြောက်နေတယ်။ မျက်စဉ်းဟာ ခတ်ပါများရင် ကုန်သွားသလိုပဲ ပစ္စည်းတွေဟာလည်း တစ်စတစ်စပေးပါများရင် ကုန်သွားမှာကို စိုးရွံ့နေတယ်။ ဒါကြောင့် သူ့ဟာ လုံးဝမရွာတဲ့မိုးနဲ့တူတဲ့သူပါ။

ကွက်ကြားမိုးနဲ့တူတဲ့သူ
       
မိုးဟာ တစ်ခါတစ်လေမှာ အချို့နေရာမှာ ရွာတယ်။ အချို့နေရာမှာ မရွာဘူး။ အလားတူပဲ အချို့သူတွေဟာ ကိုယ်နဲ့ခင်တဲ့ရဟန်းသံဃာ၊ ကိုယ်လေးစားမြတ်နိုးတဲ့ပုဂ္ဂိုလ်၊ ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ရွေးချယ်ပြီးလှူတယ်။ ကျန်တဲ့အယုတ်အလတ်အမြတ်ပုဂ္ဂိုလ်တွေကို လှူလေ့မရှိပါဘူး။ သူကတော့ ကွက်ကြားမိုးနဲ့တူပါတယ်။

အနံ့အပြားရွာတဲ့မိုးနဲ့တူတဲ့သူ
       
အနံ့အပြားရွာတဲ့မိုးဟာ ကုန်းပြင်၊ မြေညီ၊ ချိုင့်ဝှမ်းအားလုံးကို အနံ့အပြားရေဖြင့်ပြည့်အောင် ရွာတယ်။ အဲလိုပဲ အချို့သူတွေဟာ ခင်တာ မခင်တာ၊ သိတာမသိတာ။ ယုတ်လတ်မြတ်မရွေး ရောက်လာတဲ့အလှူခံမှန်သမျှကို စေတနာ ထက်ထက်နဲ့ ပေးလှူလေ့ရှိပါတယ်။ ဒါကြောင့် သူကို အနံ့အပြားရွာတဲ့မိုးနဲ့တူတယ်လို့ပြောတာပါ။

        တတိယမိုးကတော့ စစ်မှန်တဲ့မိုးပါပဲ။ မျှတတယ်။ မခွဲခြားဘူး။ အဲလိုပဲ အလှူလုပ်တဲ့သူတွေဟာလည်း တတိယ မိုးလို ကျင့်ရပါမယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဂိုဏ်းဂဏ၊ နာမည်ကြီးတာ၊ မကြီးတာ မခွဲခြားရပါဘူး။ လိုအပ်နေတဲ့နေရာ၊ လိုအပ်နေတဲ့ လူမှုအဖွဲ့အစည်း၊ လိုအပ်နေတဲ့ ပရဟိတလုပ်ငန်းများစသည်တွေမှာ တက်နိုင်သလို လှူတတ်ရပါမယ်။ ဘုရားလောင်းတို့ရဲ့ အလှူပေးနည်းပါပဲ။

        လုံးဝမလှူမရင် လုံးဝအကျိုးမရပါ။ ခွဲခြားလှူရင် ခွဲခြားပြီးတော့ပဲ အကျိုးပေးပါမယ်။ မခွဲခြားပဲနဲ့ တွယ်တာမှုမရှိ လှူရင်တော့ အချိန်အခါ နေရာဒေသမခွဲခြားပဲ ဒါနအကျိုးတရားတွေကို ရရှိခံစားနိုင်ပါတယ်။

        အားလုံးအနံ့အပြားရွာတဲ့မိုးနဲ့တူအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေ။(အ၀ုဋ္ဌိကသုတ်၊ ဣတိဝုတ္တက)

Sunday, March 30, 2014

ဗုဒ္ဓရဲ့အကြောင်းအကျိုးဝါဒ




       သေလာလို့ခေါ်တဲ့ ရဟန္တာမလေးဟာ သာဝတ္ထိပြည် ဆွမ်းခံအပြန် အန္ဓ၀န်တောကြီးထဲမှာ သမာပတ် ၀င်စားပြီး ချမ်းသာစွာ သီတင်းသုံးနေစဉ်မှာ ရုတ်တရက် အသံတစ်ခုကြားလိုက်တယ်။

"ကေနိဒံ ပကတံ ဗိမ္ဗံ၊ ကွနု ဗိမ္ဗဿကာရိယံ။
ကွနု ဗိမ္ဗံ သမုပ္ပန္နံ၊ ကွနု ဗိမ္ဗံ နိရုဇ္ဈတိ။"

        "ဒီခန္ဓာကြီးကို ဘယ်သူက ဖန်ဆင်းပေးတာလဲ၊ ခန္ဓာကြီးကို ဆောက်လုပ်ပြုပြင်ပေးနေတဲ့ သူက ဘယ်သူလဲ၊ ဒီခန္ဓာကြီး ဘာကြောင့်ပေါ်လာတာလဲ၊ ဒီခန္ဓာကိုယ်ကြီး ဘာကြောင့် ချုပ်ငြိမ်းရပါသလဲ။"

        သေလာထေရီမ အသံကြားရာ ကြည့်လိုက်တော့ မာန်နတ်ဖြစ်နေတယ်။ "ဟဲ့မာန်နတ် ဒီခန္ဓာကြီးကို ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပြုလုပ်ပေးထားတာမဟုတ်ဘူး။ သူ့အကြောင်းနဲ့သူ ဖြစ်နေတာ။ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ အဲဒီ အ၀ိဇ္ဇာ (မသိမှု)၊ တဏှာ (လိုချင်မှု)၊ ဥပါဒါန်(စွဲလမ်းမှု)၊ ကံ(ပြုလုပ်အားထုတ်မှု) စတဲ့ အကြောင်းတရားတွေ ချုပ်ဆုံးခြင်းကြောင့် ခန္ဓာကြီး ချုပ်ဆုံးရတာ" လို့ ဖြေလိုက်ပါတယ်။

        လယ်ထဲမှာရှိတဲ့ မျိုးစေ့တွေဟာ သူ့အလိုလို အပင်ပေါက်လာတာမဟုတ်ပါဘူး။ မြေသြဇာနဲ့ ရေဓာတ် ကို အစွဲပြု ဖြစ်လာတယ်။ စည်ကားလာတယ်။ အပင်ပေါက်လာတယ်။ လောကမှာရှိတဲ့ ရုပ်နာမ်တွေဟာ လည်း သူ့အလိုလိုဖြစ်တာမဟုတ်။ ဖန်ဆင်းရှင်ကြောင့်ဖြစ်တာလည်း မဟုတ်။ ရှေးကံကြောင့်ဖြစ်လာ တယ်။ အဲဒီကံဟာလည်း အထောက်အပံ့မရှိရင် မဖြစ်ပါဘူး။ အပေါင်းအဖော်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ အ၀ိဇ္ဇာ၊ အာဟာရဆိုတဲ့ အဖော်တွေရမှ ကံကအကျိုးပေးတာပါ။ အဲဒီအကြောင်းအကျိုးတရားတွေ စုပေါင်း လိုက်တော့ ပဋိသန္ဓေ၊ ဘ၀င်စတဲ့ထိုထိုဘ၀အစတွေ ပေါ်လာတယ်။

        သတ္တ၀ါတွေဟာ ဆင်းရဲမှန်းမသိကြဘူး။ ဆင်းရဲကြောင်းမှန်းမသိတော့ ဘ၀ကြီးကို လိုချင်တယ်။ လိုချင်တော့ ရအောင်အားထုတ်ခဲ့တယ်။ ပြီးတော့ ဘ၀ရလာတယ်။ လက်ရှိဘ၀မှာလည်း ရပ်တန့်မနေပဲနဲ့ ဘ၀ကို ဒုက္ခလို့ မသိပဲ ထပ်လိုချင်ပြန်တယ်။ ထပ်ပြီး ကံအသစ်တွေပြုပြီး ဘ၀သစ်ကို ကိုယ်တိုင် ဖန်တီးတယ်။ ထပ်ပြီး ဘ၀တွေ ဆက်ဖြစ်တယ်။ ဒီလိုနဲ့ မရေမတွက်နိုင်တဲ့ဘ၀တွေဖြစ်ပြီး သံသရာထဲမှာ လည်နေကြရတယ်။ ဘ၀ကြီးဟာ ဆင်းရဲပါလားလို့ ဥာဏ်နဲ့သိတဲ့အခါ မလိုချင်တော့ဘူး။ မလိုချင်တော့ ရအောင်အားမထုတ်တော့ဘူး။ အားမထုတ်တော့ ဘ၀အသစ်တွေ မဖြစ်တော့ဘူး။ ဘ၀အသစ်ဆက်မဖြစ်တော့ ဆင်းရဲချုပ်ငြိမ်းတာပေါ့။ ဒါ ပဋိစ္စသမုပ္ပါဒ်ရဲ့ လည်လမ်းနဲ့ ထွက်လမ်းပါပဲ။

        မာန်နတ်လည်း သေလာထေရီမရဲ့ တရားကြားနာပြီး "အင်း ခုတော့ ရှင်းသွားပါပြီ အကြောင်း   ကြောင့်ဖြစ် တယ်ဆိုတာ သဘောပေါက်ပါပြီ" ဆိုပြီး ထွက်ခွါသွားပါတော့တယ်။

Saturday, March 29, 2014

ခါးတမာလိုမဆိုနဲ့ ပျားသကာလိုချိုပါ


       ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းအုပ်ချုပ်တဲ့ကာလ- ဘုရားလောင်းဟာ ဈာန်ရရသေ့ဖြစ်၍ ဟိမ၀န္တာ ကနေ ဗာရာဏသီသို့ ချဉ်ဆားအလို့ငှာ ကြွခဲ့ပါတယ်။ ရှင်ဘုရင်နဲ့တွေ့တော့ ဘုရင်ရဲ့ပင့်လျှောက်ချက်အရ မင်းဥယျာဉ်မှာ သီတင်းသုံးနေခဲ့တယ်။ ဘုရင်ဟာ တစ်နေ့နှစ်ကြိမ်သုံးကြိမ် ဘုရားလောင်းထံ ခစားပါတယ်။
ဘုရင်မှာ ဘယ်လိုမှ ဆုံးမလို့မရတဲ့ အရိုင်းအစိုင်းသားတစ်ယောက်ရှိတယ်။ ထင်ရာပြော၊ ထင်ရာလုပ်လို့ သူ့ကို ဒုဠကုမာရဟု ခေါ်ကြတယ်။
        ရှင်ဘုရင်ဟာ ဘုရားလောင်း ရသေ့အား အကူအညီတောင်းပြီး ဆုံးမပေးရန် လျှောက်ထားပါတယ်။
ဘုရားလောင်းဟာ မင်းသားကို ခေါ်ပြီး ဥယျာဉ်ထဲက ရွက်ညွန့်နှစ်ရွက်သာထွက်သော တမာပင်ငယ် ကို တွေ့တော့ စားကြည့်စေတယ်။ မင်းသားလည်း အရွက်နုလေးက ဆိတ်ကာ လျှာပေါ်တင်ရုံပဲရှိသေး တယ်။
“ထွီး....၊ ခါးလိုက်တာ”
“ဘာဖြစ်လို့လဲ မင်းသား”
“အရှင်ဘုရား ဒီသစ်ပင်ငယ်ဟာ အရွက်ကလေး နှစ်ရွက်သာ ထွက်ပြီး မြေကြီးပေါ် လက်လေးသစ်မှ မတက်ရသေး၊ ယခုပင် အဆိပ်ကို စားရသလို ခါးနေတယ်။ ကြီးပြီး အသီးများ သီးလျှင်တော့ လူပေါင်းများ စွာကို သတ်လိမ့်မယ်"
        မင်းသားက ထိုသို့ပြောဆိုကာ တမာပင်ကို နုတ်ယူပြီး လက်ဖြင့်နယ်ခြေကာ မြေပေါ်သို့ လွှင့်ပစ် လိုက်တယ်။
        အဲဒီအခါ ဘုရားလောင်း ရသေ့က- "မင်းသား သင်ဟာ ဤခါးသက်လှတဲ့ တမာပင်ငယ် ကြီးလာ လျှင် ခက်မယ်ဟုဆိုကာ ယခုကပင် နုတ်၍ နယ်၍ လွှင့်ပစ်တယ်။ အေး အဲလိုပဲ မင်းသားဟာ တမာပင်လိုပဲ ရုန့်ရင်းကြမ်းကြုတ်ကာ ထင်ရာစိုင်းနေမယ်ဆိုရင် “ငယ်ငယ်ကပင် ဆုံးမလို့မရ။ ကြီးလို့ မင်းဖြစ်ရင် ပိုခက်လိမ့်မယ်”ဟုဆိုကာ သင့်ကို တမာပင်ကို နှုတ်ပစ်သလို တိုင်းပည်မှ နှင့်ထုတ်ကြလိမ့်မယ်။ ဒါကြောင့် သင်ဟာ တမာရွက်လို လူအများ မရွံရှာအောင် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံပါစေ"ဟု ဟောကြား လိုက်ပါတယ်။
        ထိုနေ့မှစ၍ မင်းသားဟာ မာနကင်းပြီး ခန္တီ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ပြည့်စုံလေသဖြင့် ဖခင်သေ   တော့ မင်းအဖြစ်သို့ ရောက်ပြီး ကံအားလျော်စွာ နတ်ပြည်သို့ လားပါတော့တယ်။

       လူတိုင်းဟာ အချိုကိုကြိုက်တယ်။ အခါးကို မကြိုက်ကြပါဘူး။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ခါးသီးတဲ့စကားကိုဖယ်ရှား ချိုသာတဲ့စကားပြေားကြားခြင်းဖြင့် မိမိသူတစ်ပါးစိတ်ချမ်းသာအောင်နေထိုင် ဆက်ဆံရမယ်။ အတွေ့အကြုံရပြောရရင် ရုံးကနားသွားလာတဲ့အခါ၊ စတိုးဆိုင်၊ ဈေး၊ အဝေးပြေးကား၊ ဘတ်စ်ကားစသည် သွားတဲ့အခါ တမာလို ခါးသီးစွာ ဆက်ဆံပြုမှုတဲ့ ၀န်ထမ်းများ၊ ရောင်းသူဝယ်သူများ၊ ကားသမား၊ စပါယ်ယာများနှင့် ခရီးသည်များကို တစ်ခါတစ်ရံတွေ့မိပါတယ်။ သူတို့ရဲ့ မချေမငံဆက် ဆံရေးကြောင့် နှစ်ဦးနှစ်ဖက်သာမက လူအများပါစိတ်ညစ်ရပါတယ်။ အဲလိုမဖြစ်စေဘဲ ပျားပမာချိုသာစွာ ဆက်ဆံကြလျှင် ကိုယ့်ကိစ္စလည်းပြီး သူ့ကိစ္စလည်းအဆင်ပြေ မေတ္တာရေတိုးကာဖျန်းလို့ အများသူငါ စိတ်ရွှင်လန်းကြမည်မှာ အမှန်ပါ။ ဒါကြောင့် သတိပေးလိုသည်မှာ “ခါးတမာလို မဆိုပဲ ပျားသကာလို ချိုသာတဲ့စကား သုံးနှုန်းကြပါ”လို့ မေတ္တာဖြင့် အသိပေးပါရစေ။

Friday, March 28, 2014

မေတ္တာဟူသည်


စာအုပ်တစ်အုပ်ကို ဖတ်နေရင်း သဘောကျစရာကောင်းတဲ့ စာကြောင်းတစ်ကြောင်းသွားတွေ့ပါတယ်။

 “မေတ္တာဆိုတာ စွဲလမ်းမူမရှိတဲ့ ပေးဆပ်ခြင်းပါ။ ပါးစပ်က ပြောရုံပြောနေဖို့မဟုတ်ပါဘူး”တဲ့။ 

  "Love is giving without attaching, not talking" 

မေတ္တာစစ်ကိုပြောတာပါ။ သူတစ်ပါးကို ကောင်းစေချင်တဲ့စေတနာနဲ့ ပေးဆပ်ရုံသက်သက်ကို မေတ္တာလို့ပြော 

တာပါ။ အဲဒီပေးဆပ်လိုက်တဲ့အရာအပေါ်မှာ တမ်မက်စွဲလမ်းမူ မရှိရပါဘူး။  

သူကောင်းစားဖို့အရေးကြီးတယ်လို့တွေးပြီး မတွယ်မတာ၊ 

သူ့ဆီက မျော်လင့်ချက်တစ်စုံတရာမထားပဲ ပေးဆပ်လိုက်တာကို မေတ္တာလို့ဆိုပါတယ်။ 

တပ်မက်စွဲလမ်းမူရှိတဲ့ ပေးဆပ်မူဆိုရင်တော့ ခံစားရတတ်ပါတယ်။ 

ငါကတော့ မေတ္တာထားလိုက်ရတာ။ သူက ငါ့ကို နည်းနည်းလေးမှ ပြန်မသိတတ်ပါလား။ 

ငါ့ပေးဆပ်မှုဟာ နှမြောဖို့ကောင်းလိုက်တာဆိုပြီး ပြန်တပ်မက်နေမယ်၊ ကြေကွဲနေမယ်ဆိုရင် မေတ္တာမစစ်တော့ပါဘူး။

နောက်ပြီး ပါးစပ်ကနေ တတွတ်တွတ်ပြောရုံပဲ ပြောနေတဲ့ မေတ္တာဟာလည်းပဲ မေတ္တာစစ်မဟုတ်ပါဘူး။ 

ပါးစပ်ကနေပဲ မင်းကို ကောင်းစေချင်လိုက်တာ၊ ချမ်းသာစေချင်လိုက်တာလို့ပြောပြီး လက်တွေ့မှာတော့ 

ဒုက္ခရောက်နေသူတွေ့ရင် ကူညီနိုင်ရဲ့သားနဲ့ မကူညီတာ၊ ပေးနိုင်ရဲ့သားနဲ့ မပေးတာဟာ မေတ္တာ 

မစစ်ပါဘူး။ လောကမှာ အများကြီးရှိပါတယ်။ ပါးစပ်ကတော့ အပြောချိုပြီး ကျေနပ်အောင် ပြောပေမယ့် 

လက်တွေ့ဒုက္ခရောက်တဲ့အခါမှာ ရှောင်ထွက်သွားတဲ့ မေတ္တာတုသမားတွေ အများကြီးပါ။  

မေတ္တာအစစ်မှာ အေးမြတဲ့ခံစားမှုကိုပဲ ဖြစ်စေပါတယ်။ 

ပူလောင်စေတဲ့မေတ္တာဆိုရင်တော့ မေတ္တာအစစ်မဟုတ်ပါဘူး။ 

ဒါကြောင့် အေးမြမှုကို လိုလားတယ်ဆိုရင်တော့ တပ်မက်မှုကင်းတဲ့ ပေးဆပ်မှုဖြစ်ဖို့လိုပါတယ်။

ပြောနေရုံမဟုတ်ပဲ အပြောနဲ့အလုပ်ညီမျှတဲ့မေတ္တာဖြစ်ဖို့လိုပါတယ်။